အကြမ်းဖက်မှု ခြိမ်းခြောက်မှုများကြားမှ အိန္ဒိယတွင် အငြင်းပွားဖွယ် ဟိန္ဒူမိဖုရားဇာတ်ကားကို စတင်ပြသ

အကြမ်းဖက်မှု ခြိမ်းခြောက်မှုများကြားမှ အိန္ဒိယတွင် အငြင်းပွားဖွယ် ဟိန္ဒူမိဖုရားဇာတ်ကားကို စတင်ပြသ
Published 26 January 2018

ဇန်နဝါရီ ၂၅ ရက်က ဘန်ဂလိုမြို့တွင် အငြင်းပွားဖွယ် ဟိန္ဒူမိဖုရားဇာတ်ကားပိုစတာတစ်ခုအား တွေ့ရစဉ် (Photo - AFP)

ဒဏ္ဍာရီလာ ဟိန္ဒူမိဖုရားတစ်ဦးနှင့် မွတ်စလင်ဘုရင်တစ်ဦးတို့အကြောင်း ရိုက်ကူးထားသောဇာတ်ကား ဖြန့်ချိမှုအား ဆန့်ကျင်သော ဟိန္ဒူသဘောထားတင်းမာသူများ၏ အကြမ်းဖက်မည့် ခြိမ်းခြောက်မှုရှိနေစဉ် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ဇန်နဝါရီ ၂၅ ရက်၌ အဓိကရုဏ်းနှိမ်နင်းရေး ရဲထောင်ပေါင်းများစွာက စောင့်ကြပ်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်ခံရမည့် စိုးရိမ်မှုများကြောင့် Padmaavati  ဇာတ်ကားကို ပြသမည်မဟုတ်ဟု ပြည်နယ်အများအပြားရှိ ဖြန့်ချိသူများက ပြောကြားထားချိန်တွင် ကျောင်းကားတစ်စီး တိုက်ခိုက်ခံခဲ့ရအပြီး နယူးဒေလီအနီး ကျောင်းအချို့အား ပိတ်ထားခဲ့ရသည်။ သို့သော် ယင်းနေ့အစောပိုင်းတွင် လုံခြုံရေးထူထပ်စွာ ချထားခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံ ၅၀၀၀ နီးပါး၌ ယင်းဇာတ်ကားကို ပြသခဲ့ကြသည်။ နယူးဒေလီ၊ မွမ်ဘိုင်းနှင့် အဓိကမြို့ကြီးအချို့တို့ရှိ ရုပ်ရှင်ရုံများတစ်ဝိုက်တွင် ပြည်သူ့စစ်တပ်ဖွဲ့များနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများက အရံအတားများချထားပြီး စောင့်ကြပ်ခဲ့ကြသည်။

သဘောထားအစွန်းရောက်အဖွဲ့များက ယင်းဇာတ်ကားသည် မိဖုရား Padmaavati အကြောင်းအား မှားယွင်းစွာ ပုံဖော်ထားသည်ဟု စွပ်စွဲခဲ့ကြသည်။ သမိုင်းပညာရှင်အများစုက ယင်းမိဖုရားသည် အမှန်တကယ်ပင် မရှိခဲ့ဟု သံသယဝင်ခဲ့ချိန်တွင် ယင်းဇာတ်ကား ထုတ်လုပ်သူများကလည်း ထိုစွပ်စွဲချက်အား အပြင်းအထန်ငြင်းဆန်ခဲ့သည်။

Padmaavati အားကြည်ညိုသော အိန္ဒိယရှိ  Rajput အမျိုးဇာတ်မှ အယူသန်သည့်အဖွဲ့များက ယင်းဇာတ်ကားအား ဦးဆောင်ဆန္ဒပြမှုသည် တစ်နှစ်နီးပါးကြာလာပြီ ဖြစ်သည်။ ယင်းဇာတ်ကားအား ပြသခွင့်ပြုရန် ပြည်နယ်ဆင်ဆာဘုတ်အဖွဲ့က ယခုလအစောပိုင်းတွင် ခွင့်ပြုပေးခဲ့ပြီးနောက်ပိုင်း အခြားအဖွဲ့များကလည်း ယင်းအစွန်းရောက်အဖွဲ့များအား ထောက်ခံခဲ့ကြသည်။

နယူးဒေလီရှိ ဂါဂါအွန်မြို့တွင် ဇာတ်ကားဆန့်ကျင်သူများက ခဲများဖြင့်ပေါက်မှုများကြောင့် ဘတ်စ်ကားတစ်စီးထဲတွင် ဒါဇင်နှင့်ချီသောကျောင်းသားများစွာ ပိတ်မိနေခဲ့သည်။ နောက်ထပ်ဘတ်စ်ကားတစ်စီးမှာ မီးရှို့ခံခဲ့ရသည်။ ဇန်နဝါရီ ၂၃ ရက်တွင် ဂူဂျရတ်ပြည်နယ်၏ အဓိကမြို့ အာမက်ဒါဘတ်တစ်ဝန်းတွင် ရာပေါင်းများစွာသော ဆန္ဒပြသူများက ဈေးဆိုင်များအား တိုက်ခိုက်ခဲ့ကြပြီး ဒါဇင်များစွာသော ဆိုင်ကယ်များအား မီးရှို့ခဲ့ကြကာ ကားအစီး ၁၅၀ ကျော်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းအကြမ်း ဖက်မှုနှင့်ဆက်နွှယ်သူ ၂၅၀ နီးပါးအား ဖမ်းဆီးခဲ့ကြောင်း ဂူဂျရတ်ပြည်နယ်ပြည်ထဲရေးဝန်ကြီး ပရာဒက်ဆင်းဂျာဒီဂျာက ဇန်နဝါရီ ၂၄ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ယင်းဇာတ်ကားသည် ဇန်နဝါရီ ၂၅ ရက်မှ  ၂၈ ရက်အထိရှည်လျားသော သီတင်းပတ် ကုန်အားလပ်ရက်များအတွင်း လက်မှတ်ရောင်းချမှုဝင်ငွေ ရူပီးတစ်ဘီလျံ (ဒေါ်လာ ၁၅ ဒ သမ ၇ သန်း) ရရှိနိုင်ကြောင်း ရုပ်ရှင်လုပ်ငန်းစောင့်ကြည့်သူ အက်ရှာယီရာသီက ပြောကြားခဲ့သည်။

Ref ; AFP