အာရှတောရိုင်း တိရစ္ဆာန်မှောင်ခိုကူးမှုတွင် အခရာကျသူအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး

အာရှတောရိုင်း တိရစ္ဆာန်မှောင်ခိုကူးမှုတွင် အခရာကျသူအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
Published 21 January 2018

ဇန်နဝါရီ ၂၀ ရက်က ဘန်ကောက်ရှိ ရဲစခန်းသို့ ဘွန်းချိုင်း (ဝဲ) အား ခေါ်ဆောင်လာစဉ် (Photo - AFP)

မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသော မျိုးစိတ်များအား အာရှတွင် တရားမဝင် ကုန်သွယ်မှု၌ အဓိကကျသူဟု သံသယရှိသူတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ ဆင်စွယ်များ၊ ကြံ့ချိုများနှင့် ကျားကိုယ်အင်္ဂါအစိတ်အပိုင်းများအား တရုတ်နှင့်ဗီယက်နမ်ကုန်သည်များထံ မှောင်ခိုကူးသည့် မိသားစုဦးစီးသော လုပ်ငန်းအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့သည်။

ထိုင်းနိုင်ငံသား ခံယူထားသော ဗီယက်နမ်နိုင်ငံသား အသက် ၄၀ ရှိ ဘွန်းချိုင်းဘက်ချ်သည် ဒေါ်လာတစ်သန်းဝန်းကျင် တန်ဖိုးရှိသော ကြံ့ချို ၁၄ ခုအား အာဖရိကမှ ထိုင်းသို့မှောင်ခိုသွင်းစဉ် ဇန်နဝါရီ ၁၉ ရက် ညနေတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထိုင်းအမျိုးသား ဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သူ နီကွန်း ဝေါင်ပရာချန်းသည် ရောဂါမကူးစက်ရန် ထိန်းသိမ်းထားသောနေရာမှ ကြံ့ချိုများအား အနီးရှိ တိုက်ခန်းသို့ရွှေ့ပြောင်းပြီး မှောင်ခိုကူးရန် ကြိုးပမ်းစဉ် ဘန်ကောက်ရှိ အဓိကလေဆိပ်၌ ဒီဇင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ဘွန်းချိုင်း အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ယင်းကြံ့ချိုအား ဘန်ကောက်သို့ မှောင်ခိုသွင်းခဲ့သော တရုတ်အမျိုးသားတစ်ဦးသည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့မှ မရောက်လာမီ တစ်ရက်အလိုတွင် ဖမ်းဆီးခံခဲ့ရသည်။ ရဲတပ်ဖွဲ့၏ အသွင်ယူဖမ်းဆီးမှုအတွင်း ယင်းမှောင်ခိုကွန်ရက်အား ငွေကြေးထောက်ပံ့နေသော ဘွန်းချိုင်းကို ခြေရာခံဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ဘွန်းချိုင်းသည် အကာအကွယ်ပေးထားသော တိရစ္ဆာန်များ၏ အစိတ်အပိုင်းများအား မှောင်ခိုကူးမှုတွင် ပါဝင်သည်ဟု ဝန်ခံခဲ့ပြီး ထောင်ဒဏ်လေးနှစ် ကျခံရနိုင်သည်ဟု သိရသည်။ လာအိုနှင့်နယ်စပ်ထိစပ်နေသော ထိုင်းအရှေ့မြောက်ပိုင်းရှိ နာခွန်ဖာနမ်တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရမှုမှ လွတ်မြောက်လျက် နှစ်ပေါင်းများစွာ လုပ်ကိုင်နေသည်ဟု ယုံကြည်ရသော ဘွန်းချိုင်းနှင့် ဘက်ချ်မိသားစုသည် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုတွင် အဓိကကျသူများ ဖြစ်သည်။

မှောင်ခိုကူးသော ယင်းပစ္စည်းများအား တိရစ္ဆာန်အစိတ်အပိုင်းများအား ရိုးရာဆေးဝါးများ ဖော်စပ်ရန်အတွက် အသုံးပြုကြသော အဓိကဈေးကွက်တစ်ခုဖြစ်သော ဗီယက်နမ်သို့ ထိုင်းကို ဖြတ်၍ လာအိုမှတစ်ဆင့်ပို့ ဆောင်ရန်ယင်းမြို့သည် တစ်စိတ်တစ်ပိုင်းအဖြစ် အရေးပါခြင်းကြောင့်  အာရှ၏တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှု ကွင်းဆက်၏ အရေးပါသော နေရာတစ်ခုဖြစ်သည်။ ဘက်ချ်မိသား စုသည် Hydra ဟု အမည်ပြောင်ရထားသော အရှေ့တောင်အာရှတွင် ပြန့်ကြဲနေသည့် ရာဇဝတ်ဂိုဏ်း၏ အစိတ်အပိုင်းလည်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့နှင့် အနီးကပ်ပူးပေါင်းလုပ်ကိုင်နေသော မှောင်ခိုကူးမှုတိုက်ဖျက်ရေးအဖွဲ့ Freeland က ထုတ်ပြန်ခဲ့သည်။ ဘက်ချ်မိသားစုသည် အာရှနှင့် အာဖရိကတို့မှ တရားမဝင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား လာအို၊ ဗီယက်နမ်နှင့် တရုတ်တို့ရှိ အဓိကကုန်သည်များထံ ထောက်ပံ့သော အပြည်ပြည်ဆိုင်ရာ ကွင်းဆက်ကို ကာလရှည်ကြာ လုပ်ကိုင်ခဲ့ကြောင်း ဘွန်းချိုင်းဖမ်းဆီးခံခဲ့ရကြောင်း ကြေညာချက်ထွက်ပေါ်ခဲ့အပြီး Freeland က ထုတ်ပြန်ခဲ့သည်။

Ref ; AFP