လက်ဖက်ခြောက်ထုပ်များအတွင်း ခိုးသွင်းလာသည့် ဘိန်းဖြူ ဒေါ်လာသုံးသန်းဖိုးကို ဗီယက်နမ်ရဲများ ဖမ်းဆီးရမိ

လက်ဖက်ခြောက်ထုပ်များအတွင်း ခိုးသွင်းလာသည့် ဘိန်းဖြူ ဒေါ်လာသုံးသန်းဖိုးကို ဗီယက်နမ်ရဲများ ဖမ်းဆီးရမိ
Published 5 January 2018

ဇန်နဝါရီ ၂ ရက်က ဒန်ဘန်ပြည်နယ်ရှိ ရဲစခန်း၌ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးအား မှတ်တမ်းဓာတ်ပုံရိုက်နေစဉ် (Photo: AFP)

လက်ဖက်ခြောက်ထုပ်များအတွင်း လျှို့ဝှက်သယ်ဆောင်လာပြီး လာအိုမှ မှောင်ခိုတင်သွင်းလာသည့် ဘိန်းဖြူ ဒေါ်လာ သုံးသန်းဖိုးကို ဗီယက်နမ်ရဲများ ဖမ်းဆီးရမိခဲ့ကြောင်း ဗီယက်နမ်အစိုးရမီဒီယာ Cong An Nhan Dan က ဇန်နဝါရီ ၄ ရက်တွင် ဖော်ပြခဲ့သည်။ လာအို၊ ထိုင်းနှင့် မြန်မာတို့ နယ်စပ်တွင် တည်ရှိသည့် ရွှေတြိဂံဒေသ၏ ဘိန်းကုန်သွယ်မှုတွင် ဗီယက်နမ်သည် ကြားခံအချက်အချာနေရာတစ်ခုဖြစ်သည်။ ရွှေတြိဂံဒေသသည် ကမ္ဘာတွင် မူးယစ်ဆေး ဒုတိယအများဆုံး ထုတ်လုပ်သည့်ဒေသဖြစ်ပြီး စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူတို့ကို ထုတ်လုပ်နေသည်။

ဗီယက်နမ်မြောက်ပိုင်းမှ တောင်တန်းထူထပ်သည့် ဒန်ဘန်ဒေသတွင် ဇန်နဝါရီ ၂ ရက်၌ ရဲတပ်ဖွဲ့က စီးနင်းခဲ့ရာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀ နှောင်းပိုင်း အမျိုးသမီးတစ်ဦးတို့ကို ၎င်းတို့၏ ဆိုင်ကယ်အတွင်းမှ ဘိန်းဖြူ ၃၇၅ ပေါင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ယင်းဘိန်းဖြူများကို လာအိုမှ မှောင်ခို တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထိုင်းအမှတ်တံဆိပ် လက်ဖက်ခြောက်ထုပ်များအတွင်း သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဝေသည့်သတင်းစာ Cong An Nhan Dan က ဖော်ပြခဲ့သည်။ ယင်းဘိန်းဖြူများကို ဗီယက်နမ်မှတစ်ဆင့် အခြားတစ်နိုင်ငံသို့ သယ်ပို့မည်ဖြစ်ကြောင်း ဒန်ဘန်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ လီကောင်းဘင်က ပြောကြားခဲ့သည်။

အာရှတွင် အကြီးဆုံး မူးယစ်ဆေးဝါး ဈေးကွက်ဖြစ်သော တရုတ်နှင့်နယ်စပ်ထိစပ်နေသည့် ဗီယက်နမ်သည် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သြစတြေးလျတို့သို့ မူးယစ်ဆေးများ အဓိက တင်ပို့သည့်နေရာလည်းဖြစ်သည်။ ဗီယက်နမ်သည် ကမ္ဘာတွင် အပြင်းထန်ဆုံးသော မူးယစ်ဆန့်ကျင်ရေးဥပဒေများရှိပြီး မူးယစ်ဆေးသုံးစွဲသူများကို သေဒဏ်ပင် ချမှတ်နိုင်သည်။ ဘိန်းဖြူ ၆၀၀ ဂရမ် (၂၁ အောင်စ) ကျော်ကို ပိုင်ဆိုင်ကြောင်း တွေ့ရှိသည့် မည်သူကိုမဆို သေဒဏ်ချမှတ်နိုင်သည်။

ရွှေတြိဂံဒေသသည် စိတ်ကြွဆေးပြားများကို စံချိန်တင် ထုတ်လုပ်နေပြီး ယင်းဆေးပြားများသည် အရှေ့တောင်အာရှနှင့် ဥရောပထိ ပျံ့နှံ့နေသည်။ ထို့ပြင် ကမ္ဘာ၌ တစ်ဦးချင်း စိတ်ကြွဆေးသုံးစွဲမှု အမြင့်ဆုံးဖြစ်နေသော သြစတြေးလျသို့လည်း ရွှေတြိဂံမှ မူးယစ်ဆေးများ ရောက်ရှိနေသည်။

Ref: AFP