လှုံ့ဆော်မှုအတွက် အယ်ဂျာဇီးရား အသံတိတ်သွားစေရန် အစ္စရေးကြိုးပမ်း

လှုံ့ဆော်မှုအတွက် အယ်ဂျာဇီးရား အသံတိတ်သွားစေရန် အစ္စရေးကြိုးပမ်း
Published 8 August 2017

ဇူလိုင် ၃၁ ရက်က ဂျေရုဆလင်ရှိ အယ်ဂျာဇီးရားရုပ်သံ၏ ရုံးခန်းထဲတွင် တွေ့ရသော ဝန်ထမ်းတစ်ဦး (Photo: AFP)

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အယ်ဂျာဇီးရားကို လှုံ့ဆော်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့ပြီးနောက် အစ္စရေးရှိ အဆိုပါ အာရပ်ဂြိုဟ်တုအသံလွှင့် သတင်းဌာန၏ ရုံးခန်းများကို ပိတ်ရန်စီစဉ်လိုက်ကြောင်း အစ္စရေးက သြဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

ဂျေရုဆလင်မြို့ရှိ ထိရှလွယ်သော ဘာသာရေးအရ အထွတ်အမြတ်ထားရာနေရာနှင့် ပတ်သက်၍ တင်းမာမှုများမြင့်တက်လာစဉ် အယ်ဂျာဇီးရားသတင်းဌာနကို နှင်ထုတ်လိုသည့်အကြောင်း နေတန်ယာဟုက ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သေးသည်။

“အယ်ဂျာဇီးရားဟာ IS၊ ဟစ်ဇ်ဘိုလာ၊ ဟားမားနဲ့ အီရန်တို့ရဲ့ အဓိကလက်နက် ဖြစ်လာခဲ့ပါပြီ” ဟု ဆက်သွယ်ရေးဝန်ကြီးနှင့် နေတန်ယာဟု၏ လီကက်ပါတီမှ ဒရုဇ်အဖွဲ့ဝင် အေရွတ်ကာရာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သူက “ကာတာအခြေစိုက် အသံလွှင့်ဌာနဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးသားတွေကို ဆုံးရှုံးရအောင်ဖြစ်စေတဲ့ အကြမ်းဖက်မှုတွေကို လှုံ့ဆော်ခဲ့ပါတယ်” ဟု အရှေ့ဂျေရုဆလင်ရှိ အယ်အက်ဆာဗလီဝင်းအနီး၌ ဇူလိုင် ၁၄ ရက် တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော ဒရုဇ်ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

ကာတာနိုင်ငံ ဒိုဟာမြို့ရှိ အယ်ဂျာဇီးရား သတင်းဌာန၏ အရာရှိတစ်ဦးက “အရှေ့အလယ်ပိုင်းဒေသမှာ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံလို့ ခေါ်ဆိုကြတဲ့ နိုင်ငံတစ်နိုင်ငံက ဒီလိုလုပ်ရပ်ကို အယ်ဂျာဇီးရားအနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်” ဟုပြောကြားခဲ့သည်။

အမည်မဖော်လိုသူ အဆိုပါအရာရှိက ၎င်းတို့အသံလွှင့်ဌာနသည် သင့်တော်သော ဥပဒေရေးရာနှင့် တရားရေးရာလုပ်ငန်းစဉ်များ မှတစ်ဆင့် ယင်းကိစ္စကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေး ဆက်သွယ်ရေးဝန်ကြီးဌာနက “ဆော်ဒီအာရေဗျ၊ အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတွေအပါအဝင် ဒေသတွင်းက နိုင်ငံအားလုံးနီးပါးက အယ်ဂျာဇီးရားဟာ အကြမ်းဖက်မှုနှင့် ဘာသာရေးအစွန်းရောက်မှုကို လှုံ့ဆော်ပေးနေတယ်လို့ မှတ်ချက်ချခဲ့ပြီးပါပြီ” ဟုပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးဌာနက အယ်ဂျာဇီးရားအား အစ္စရေးမှနေ၍ ဆက်လက်ထုတ်လွှင့်ခွင့်ပေးပါက ရယ်စရာဖြစ်လာလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

ဒေသတွင်းရှိ အဓိကကျသော နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်တို့က ကာတာသည် အစွန်းရောက်ဝါဒကို ထောက်ပံ့နေသည်ဟု စွပ်စွဲကာ ဇွန် ၅ ရက်တွင် ကာတာနှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။ အဆိုပါနိုင်ငံများက နောက်ပိုင်းတွင် အယ်ဂျာဇီးရားသတင်းဌာနကို ပိတ်ပေးရေးအပါအဝင် အချက် ၁၃ ချက်ပါသည့် တောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။

အယ်ဂျာဇီးရားအရာရှိက အစ္စရေး၏လုပ်ရပ်ကို အံ့သြမိကြောင်း သြဂုတ် ၆ ရက်တွင် ပြောကြားကာ ၎င်းတို့သတင်းဌာန၏ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့်ပတ်သက်၍ ဖော်ပြပုံများကို ပရော်ဖက်ရှင်နယ်ဆန်ကာ ဓမ္မဓိဌာန်ကျကြောင်း ကာကွယ်ပြောကြားခဲ့သည်။

အယ်ဂျာဇီးရား၏ ဂျေရုဆလင်ဗျူရို အကြီးအကဲ ဝါလစ်အယ်အိုမာရီက သူ၏ရုံးအနေဖြင့် အတင်းအကျပ် ပိတ်ရမည်ဟူသည့် တရားဝင်သတိပေးစာကို လက်ခံရရှိသေးခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အယ်ဂျာဇီးရားနှင့် ပတ်သက်၍ ပြောကြားရာတွင် ၎င်းက အစ္စရေး၏လုပ်ရပ်မှာ အစ္စရေးပြည်တွင်းနိုင်ငံရေးနှင့်သာ ပတ်သက်ဆက်နွှယ်နေသည်ဟု ဆိုသည်။

အစ္စရေးဝန်ကြီးဌာနက ၎င်းတို့သည် အယ်ဂျာဇီးရား၏ ကေဘယ်များနှင့် ဂြိုဟ်တုဆက်သွယ်မှုများကို ဖြတ်တောက်ပစ်မည်ဖြစ်ပြီး အယ်ဂျာဇီးရားဂျာနယ်လစ်များကို မိမိတို့မည်သူမည်ဝါများဖြစ်ကြောင်း အထောက်အထားထုတ်ပြကြရန် တောင်းဆိုမည်ဟုဆိုသည်။

Writer - Ref: AFP