စပိန်အစိုးရက ခွဲထွက်ရေးလိုလားသော ကက်တလန်အစိုးရအဖွဲ့ကို ဖြုတ်ချပြီး ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာ

စပိန်အစိုးရက ခွဲထွက်ရေးလိုလားသော ကက်တလန်အစိုးရအဖွဲ့ကို ဖြုတ်ချပြီး ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာ
Published 23 October 2017

 

အောက်တိုဘာ ၂၁ ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်နေသော စပိန်ဝန်ကြီးချုပ် မာရီယန်နိုရာဂျွိုင်အား တွေ့ရစဉ် (Photo: AFP)

ကတ်တာလိုနီးယားဒေသ ခွဲထွက်သွားခြင်းကို တားဆီးရန်အတွက် စပိန်အစိုးရသည် အောက်တိုဘာ ၂၁ ရက်က ပြင်းထန်သည့် စည်းမျဉ်းအမိန့်များကို ထုတ်ပြန်လိုက်သည်။ ယင်းတို့ထဲတွင် ကက်တာလိုနီးယား ခွဲထွက်ရေးကို လိုလားသော အစိုးရအဖွဲ့အား ထုတ်ပယ်လိုက်ပြီး ဒေသတွင်း၌ ရွေးကောက်ပွဲအသစ်များ ကျင်းပရေးတို့ ပါဝင်သည်။

စပိန်ဝန်ကြီးချုပ် မာရီယန်နိုရာဂျွိုင်က ချမှတ်လိုက်သည့် ထိုစည်းမျဉ်းများအရ တားမြစ်ထားသော လွတ်လပ်ရေးဆန္ဒခံယူပွဲကို ကျင်းပခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စပိန်နိုင်ငံရေး အကျပ်အတည်းကိုဖြစ်စေခဲ့သော ကက်တလန်သမ္မတ ကားလက်စ်ပွိချ် ဒီမွန့်နှင့် ဝန်ကြီးများအား ရာထူးများမှ ဖယ်ရှားမည်ဖြစ်သည်။

ထိုပြင်းထန်သည့်အမိန့်များကို ကြေညာခဲ့သည့် အောက်တိုဘာ ၂၁ ရက်မှာပင် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် စပိန်အစိုးရအပေါ် ၎င်းတို့၏ဒေါသထွက်မှုများကို ထုတ်ဖော်ရန် ဘာစီလိုနာ၏ လမ်းများပေါ်သို့ ရောက်လာခဲ့ကြသည်။ ဘာစီလိုနာရဲများ၏ ပြောကြားချက်အရ လူ ၄၅၀,၀၀၀ ခန့်ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ပွိချ်ဒီမွန်ကမူ ဖရန်ဆစ်စကိုဖရန်ကို ခေတ်နောက်ပိုင်း ဝန်ကြီးချုပ်ရာဂျွိုင်သည် ကက်တလန် ပြည်သူများနှင့် အစိုးရအဖွဲ့အစည်းကို အဆိုးရွားဆုံး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်ဟု ပြောကြားပြီး ကက်တလန်ပါလီမန်၌ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ သည်။ ၁၉၃၉-၁၉၇၅ ခုနှစ်အထိ စပိန်ကို ဖိနှိပ်အုပ်ချုပ်သွားသော ဖရန်ကိုသည် ကက်တလန် ဘာသာစကားအား တရားဝင်အသုံးပြု ခွင့်ပိတ်ပင်ခြင်း၊ ကတ်တာလိုနီးယား၏သြဇာအင်အားကို ဖယ်ရှားပစ်ခြင်း အစရှိသည့်စည်းမျဉ်းများစွာကို ချမှတ်ခဲ့သူဖြစ်သည်။

ဝန်ကြီးချုပ်ရာဂျွိုင်ကမူ စပိန်၏အမျိုးသား စည်းလုံးမှုကို အကြီးအကျယ်ခြိမ်းခြောက်နေသောကြောင့် ၎င်း၌ အခြားရွေးချယ်စရာ မရှိတော့ဟု ဆိုသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရရှိထားသော ကတ်တာလိုနီးယားဒေသထဲတွင် ခြောက်လအတွင်း ရွေးကောက်ပွဲများကျင်းပရမည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ စပိန်အစိုးရအနေနှင့် ကက်တာလိုနီးယားရဲတပ်ဖွဲ့ကို တိုက်ရိုက်ထိန်းချုပ်ကာ ပြည်သူ့မီဒီယာအကြီးအကဲများကို အစားထိုးခန့်အပ်မှုများ ပြုလုပ်နိုင်သည်။

ဝန်ကြီးချုပ်ရာဂျွိုင် ထုတ်ပြန်ခဲ့သည့် ယခုစည်းမျဉ်းများကို ဆီးနိတ်လွှတ်တော်တွင် အတည်ပြုရဦးမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်သည် သီတင်းတစ်ပတ်ခန့် ကြာမြင့်မည်ဖြစ် သည်။ သို့သော် ရာဂျွိုင်၏ကွန်ဆာဗေးတစ် PP ပါတီသည် လွှတ်တော်ထဲတွင် နေရာအများစု ရထားသည့်အပြင် စပိန်ပြိုကွဲမှုကို တားဆီးရန် ရာဂျွိုင်၏ယခုကြိုးပမ်းမှုများအား အခြားသော အဓိကပါတီကြီး များကလည်း ထောက်ခံကြလိမ့်မည်ဖြစ်သည်။

စပိန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ်ခွဲ ၁၅၅ အရ အစိုးရတွင် ပုန်ကန်သော ဒေသများအား ပြန်လည်ထိန်းချုပ်ပိုင်ခွင့်ရှိသော်လည်း ယခင်က တစ်ကြိမ်မျှ အသုံးမပြုခဲ့ဖူးပေ။