ပြုံယမ်းက ပစိဖိတ်ပေါ်၌ ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲနိုင်ဟု အရိပ်အမြွက် ပြောကြားစဉ် ကင်ဂျုံအွန်က ထရန့်သည် စိတ်မူမမှန် ဖြစ်နေဟု ဝေဖန်

ပြုံယမ်းက ပစိဖိတ်ပေါ်၌ ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲနိုင်ဟု အရိပ်အမြွက် ပြောကြားစဉ် ကင်ဂျုံအွန်က ထရန့်သည် စိတ်မူမမှန် ဖြစ်နေဟု ဝေဖန်
Published 23 September 2017

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အစီရင်ခံစာ ဖတ်ကြားနေမှုအား စက်တင်ဘာ ၂၂ ရက်တွင် အစိုးရ သတင်းအေဂျင်စီက ထုတ်ပြန်ပေးခဲ့သော ဓာတ်ပုံ (Photo: AFP)

မြောက်ကိုရီးယား အစိုးရသည် ပစိဖိတ် သမုဒ္ဒရာပေါ်တွင် ဟိုက်ဒရိုဂျင်ဗုံး တစ်လုံးအား ဖောက်ခွဲပစ်နိုင်ဟု နိုင်ငံခြားရေးဝန်ကြီးက အရိပ်အမြွက် ပြောကြားစဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် စိတ်မူမမှန် ဖြစ်နေပြီး မြောက်ကိုရီးယားအား အလုံးစုံ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်မှုအတွက် ကြီးကြီးမားမား ပေးဆပ်ရမည်ဟု စက်တင်ဘာ ၂၂ ရက်တွင် သတိပေးခဲ့သည်။

ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများအား ဝါရှင်တန်က ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်း ထုတ်ပြန်ခဲ့သော ကြုံခေါင့်ကြုံခဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် ကြေညာချက်တွင် ကင်ဂျုံအွန်က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ပွဲဦးထွက် မိန့်ခွန်းပြောခဲ့သည့် ထရန့်အား ပစ်မှတ်ထား၍ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထရန့်က ယင်းမိန့်ခွန်းတွင် ကင်အား ရော့ကတ်လူသားအဖြစ် တံဆိပ်ကပ်ခဲ့ပြီး မြောက်ကိုရီးယားအား အလုံးစုံ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ထရန့်သည် တစ်ကမ္ဘာလုံး၏ စောင့်ကြည့်မှုအောက်တွင် ၎င်းနှင့် ၎င်း၏နိုင်ငံအား စော်ကားခဲ့ပြီး သမိုင်းတွင် အရက်စက် အကြမ်းကြုတ်ဆုံး စစ်ပွဲကြေညာချက်အား ပြောကြားခဲ့ကြောင်း ကင်က ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား အစိုးရ သတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သည်။ အမေရိကန်တွင် အမြင့်ဆုံး အခွင့်အာဏာ ရရှိထားသော ၎င်း (ထရန့်) အား သူ၏ မိန့်ခွန်းအတွက် ကြီးကြီးမားမား ပေးဆပ်ရစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။ စိတ်မူမမှန် ဖြစ်နေသော ယင်းအမေရိကန်အား ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးဆွယ်ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ပြုံယမ်းသည် ပစိဖိတ်ပေါ်တွင် မကြုံဖူးသော ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအား ပြုလုပ်နိုင်ခြေရှိကြောင်း၊ သို့သော် ၎င်းတို့၏ ခေါင်းဆောင်အပေါ် မူတည်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအား ပြင်ပကမ္ဘာနှင့် ကုန်သွယ်မှု လုပ်ဆောင်နိုင်စွမ်းကို လျှော့ချနိုင်ရန် ရည်ရွယ်သော နောက်ထပ်ပိတ်ဆို့ အရေးယူမှုများအား လုံခြုံရေးကောင်စီက သဘောတူခဲ့ပြီးနောက် ထရန့်သည် မြောက်ကိုရီးယားနှင့် ဆက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီများအား အမေရိကန်တွင် ပိတ်ပင်သည့် သမ္မတ အမိန့်သစ်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် လေ့လာသုံးသပ်သူများကမူ ပိတ်ဆို့ အရေးယူမှုများသည် အလုပ်ဖြစ်ဖွယ် မရှိကြောင်း၊ ဝါရှင်တန်နှင့် ပြုံယမ်းတို့အကြား ဒေါသတကြီးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝေဖန်တိုက်ခိုက်နေမှုများ မြင့်တက်လာမှုသည် ကောင်းသောနိမိတ် မဟုတ်ကြောင်း သတိပေးခဲ့ကြသည်။

ထရန့်၏ ရန်လိုသော ပြောဆိုမှုများကြောင့် မသက်မသာ ဖြစ်နေသော ရုရှားနှင့် တရုတ်တို့က ပြုံယမ်းနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုမှုများ ရှိနေသော်လည်း ဝါရှင်တန်က ငြင်းဆိုထားသည်။ သို့သော် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့နှင့် ဆွေးနွေးပွဲ တစ်ခုတွင်မူ ထရန့်က ပြုံယမ်းနှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် တံခါးဖွင့်ထားဆဲဟု ပြောကြားခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးရီသည် စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်နှင့် တွေ့ဆုံမည်ဖြစ်သည်။ မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား ရည်မှန်းချက် ပြည့်မီသည့်အချိန်အထိ စေ့စပ်ဆွေးနွေးရေး စိတ်ကူးကို ၎င်းတို့ ကိုယ်တိုင်က ချောင်ထိုးဖွယ်ရှိသည်ဟု Korea Institute for National Unification မှ သုံးသပ်သူ ချန်းဆန်းယွန်းက ပြောကြားခဲ့သည်။

Ref: AFP