ဗိုလ်ချုပ်ရုပ်တုတွေက ပြောနေသော တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ပြဿနာ

ဗိုလ်ချုပ်ရုပ်တုတွေက ပြောနေသော တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ပြဿနာ
Published 9 July 2018

ဗိုလ်ချုပ်ရုပ်တုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီအင်အားစုများ စုပေါင်း၍ လွိုင်ကော်မြို့အတွင်း ဇူလိုင် ၃ ရက်က လှည့်လည်ဆန္ဒထုတ်ဖော် (ဓာတ်ပုံ-မခိုင်)

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းပြုလို့ NLD အစိုးရလက်ထက် နှစ်နှစ်ကျော် သက်တမ်းအတွင်းမှာ အုပ်ချုပ်သူအစိုးရနဲ့ ဒေသခံ တိုင်းရင်းသားတွေကြားမှာ အမြင်မတူညီမှုတွေ၊ သဘောထားကွဲလွဲမှုတွေက ကြီးထွားလာပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင် ၃ ရက်က ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒဟေဝန်ပန်းခြံမှာ ပြည်နယ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုစိုက်ထူဖို့ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ကရင်နီလူမျိုး အင်အားစုတွေ ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခဲ့ပါတယ်။

ပြည်နယ်အစိုးရက ဗိုလ်ချုပ်ရုပ်တု စိုက်ထူတာကို အချက်နှစ်ချက်ကြောင့် ကန့်ကွက်ရတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ခွန်းမျိုးလှိုင်ဝင်းက ဆိုပါတယ်။

“ပြည်သူ့အစိုးရလို့ပြောပြီး ပြည်သူ့သဘောထားတွေကို မယူဘဲနဲ့ ငါ့မှာ အာဏာရှိတယ်ဆိုပြီး ထင်တိုင်းကြဲ ထင်တိုင်းပြုနေတဲ့ ဒီလိုအစိုးရမျိုးကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ ဒီလို မကန့်ကွက်ဘူးဆိုရင် ကျွန်တော်တို့ သမိုင်းရိုင်းသွားလိမ့်မယ်။ ဒါပထမအချက်။ ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေမှာ တိုင်းရင်းသားပါတီတွေရှိတယ်။ တိုင်းရင်းသား စာပေယဉ်ကျေးမှု ကော်မတီတွေရှိတယ်။ တိုင်းရင်းသားလူငယ်တွေ ရှိလျက်သားနဲ့ ဒီအင်အားစုတွေကို မတိုင်ပင် မဆွေးနွေးဘဲနဲ့ ငါတော်တယ် ငါတတ်တယ်လုပ်တဲ့ ဒီလိုအစိုးရမျိုးဟာ ကျွန်တော်တို့ ပြောင်ပြောင်တင်းတင်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ရလိမ့်မယ်” လို့ ခွန်းမျိုးလှိုင်ဝင်းက ရှင်းပြပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ကန့်ကွက်ရတာက ဗိုလ်ချုပ်ကို မုန်းလို့ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

ဆန္ဒထုတ်ဖော်သူတွေက တိုင်းရင်းသား သွေးခွဲနေမှုအား အလိုမရှိ၊ ကရင်နီသမိုင်းမှန် ဖျောက်ဖျက်သူ အလိုမရှိ၊ ပြည်နယ်အစိုးရက အတင်းအဓမ္မ ဗိုလ်ချုပ်ရုပ် တည်ဆောက်နေမှု အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဆန္ဒထုတ်ဖော်ရာမှာ ဆန္ဒပြစစ်ကြောင်း သုံးကြောင်းပေါင်းစုံပြီး လွှတ်တော်ရုံးအနီးက ဟစ်တိုင်ကို သွားရာမှာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေက တားမြစ်တာကြောင့် ဆန္ဒပြသူတွေက သံဆူးကြိုးတွေကို ဖြတ်ကျော်ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခဲ့ပေမယ့် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ဆန္ဒပြသူတွေ ညှိနှိုင်းရာက ခေါင်းဆောင်ကို ပြန်လွှတ်ပေးခဲ့တာကြောင့် သပိတ်စစ်ကြောင်းတွေ လူစုခွဲခဲ့ပြီး ပြန်ခဲ့ကြပါတယ်။

ဒီလို ဆန္ဒပြပွဲ မပြုလုပ်ခင်မှာ ဗိုလ်ချုပ်ရုပ်တုကိစ္စနဲ့ ပတ်သက်လို့ ယနေ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေအရ တည်ဆောက်ဖို့ မသင့်သေးဘူးလို့ ၂၀၁၈ ဇွန် ၁ ရက်က ပြည်နယ်အစိုးရဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပေမယ့် တစ်စုံတစ်ရာ ပြန်လည်ဆက်သွယ်အကြောင်း မပြန်တာကြောင့် ဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်လို့ ဇူလိုင် ၃ ရက်က ကရင်နီလူငယ်ထုများက ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြည်နယ်အစိုးရက အိတ်ဖွင့်ပေးစာအပေါ် အကြောင်းပြန်ကြားခြင်းမရှိတဲ့အတွက် ကရင်နီလူငယ်တွေက ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်ခြင်းကိစ္စ ကန့်ကွက်တဲ့အပေါ် ကယား (ကရင်နီ) ပြည်နယ်က ပြည်သူတွေဆီ အသိပေးချက်စာကို ဖြန့်ဝေရာမှာ အာဏာပိုင်တွေဘက်က တားဆီးပိတ်ပင်မှုတွေ ရှိခဲ့ပါတယ်။

ဒီလို အသိပေးချက် စာဖြန့်ဝေမှုကြောင့် ကယားပြည်နယ်အစိုးရက တိုင်းရင်းသားလူငယ် ၁၁ ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ (ဂ) တို့နဲ့ တရားစွဲခဲ့ပါတယ်။

အစိုးရနဲ့ ပါတီက ညွှန်ကြားထားခြင်း မရှိ

NLD အစိုးရ နှစ်နှစ်ကျော်သက်တမ်းအတွင်း တိုင်းနဲ့ ပြည်နယ်အလိုက် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိမှုတွေက ပိုမိုများပြားလာသလို တိုင်းရင်းသားပြည်နယ်တွေမှာ ဗိုလ်ချုပ်ရုပ်တု ထားရှိမှုကြောင့် ဒေသခံတိုင်းရင်းသားတွေက အမြင်ကွဲလွဲမှုတွေ ရှိလာပြီး ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ရှိလာပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ စိုက်ထူဖို့ ညွှန်ကြားထားတာ မရှိဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၂၀၁၈ ဇူလိုင် ၅ ရက်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ရုပ်တု စိုက်ထူဖို့ NLD ပါတီက ညွှန်ကြားထားတာ မရှိဘူးလို့လည်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ကျွန်တော်တို့က ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းနှင့် ပတ်သက်ပြီးတော့ ပါဝင်လုပ်ဆောင်ရမယ်။ ဦးဆောင်ပြီး လုပ်ကိုင်ရမယ်။ ကျွန်တော်တို့ ဒီဟာကို တစ်စုံတစ်ရာ ညွှန်ကြားထားတာ လုံးဝမရှိပါဘူး။ ကျွန်တော်တို့ ပါတီအနေနဲ့” လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

ကယားပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တုကိစ္စနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဆက်လက် ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရကနေ ကယားပြည်နယ်ဝန်ကြီးချုပ်ဆီကို ဆက်သွယ် ပြောဆိုထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇူလိုင် ၅ ရက်က ပြောကြားထားပါတယ်။

“ဆက်လက်ပြီးတော့လည်း ညှိနှိုင်းဆောင်ရွက်ဖို့ ကျွန်တော်တို့က ကယားပြည်နယ်အစိုးရကို ပြောထားပါတယ်” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အရင်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိမှုကို ကချင်ဒေသခံတွေက ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

ချောင်းဆုံဥပမာ

NLD အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းပြုလို့ ရုပ်တုသာမက တံတားအမည်ပေးတဲ့ကိစ္စမှာလည်း လွှတ်တော်နဲ့ ဒေသခံတိုင်းရင်းသားတွေအကြား အမြင်ကွဲလွဲမှုတွေရှိခဲ့ပြီး ကန့်ကွက် ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပေါင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက “မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မတ် ၁၄ ရက်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းရဲ့အဆိုကို ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးထဲက လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက အဆိုကို မထောက်ခံကြောင်း ကန့်ကွက်ဆွေးနွေးခဲ့တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲ၊ ကြားနေမဲ ၁၁၆ မဲ ရရှိတာကြောင့် ထောက်ခံမဲများတဲ့အတွက် အဆိုကို အတည်ပြုခဲ့ပါတယ်။

ဒီတံတားကို အရင်ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက သံလွင်မြစ်ကူးတံတား (ချောင်းဆုံ) အမည်နဲ့ ဘတ်ဂျက်ငွေထုတ်ယူ ဆောက်လုပ်ခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက်လွှတ်တော်မှာ အမည်ပြောင်းဖို့ အဆိုတင်သွင်းခဲ့ရာမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်မှာ တံတားအမည်ပြောင်းဖို့အဆိုကို အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့ တိုင်းရင်းသား အချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း မုန်းတီးမှုတွေ ဖြစ်လာနိုင်တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ၂၀၁၇ မတ် ၁၅ ရက် လွှတ်တော်မှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

“လူမျိုးလည်း မုန်းတီးကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် အဖွဲ့အစည်းကလည်း ငြင်းကြမယ်။ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင် လွဲတာပေါ့” လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

သံလွင်မြစ်ကူးတံတား (ချောင်ဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းလဲတဲ့ အဆိုကို လွှတ်တော်မှာ အတည်ပြုတာနဲ့ ပတ်သက်လို့ ၂၀၁၇ မတ် ၁၉ ရက်က မွန်ပြည်နယ် မော်လမြိုင်မှာ မွန်တိုင်းရင်းသား တစ်သောင်းကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကို ရုပ်သိမ်းပြီး ဒေသခံတိုင်းရင်းသား ပြည်သူတွေ လိုလားတဲ့ တံတားအမည်ကို ပေးအပ်ဖို့၊ မွန်ပြည်နယ်ထဲက ကိစ္စရပ်တွေကို မွန်ပြည်နယ်အစိုးရနဲ့ မွန်ပြည်နယ်လွှတ်တော်တို့ကနေ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆုံးဖြတ်ပိုင်ခွင့် အာဏာပိုမိုပေးအပ်ဖို့နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေတဲ့ကာလမှာ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးအကြား အထင်အမြင်လွဲစေတဲ့ ကိစ္စရပ်ကိုမှ ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်အသီးသီးက ဆောင်ရွက်ခြင်းမပြုဖို့ ဆိုတဲ့ အချက်သုံးချက်ကို တောင်းဆိုခဲ့ပါတယ်။

ဒီလို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ မေ ၉ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

အကျိုးဆက်လား

သံလွင်မြစ်ကူးတံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် အမည်ပြောင်းလဲတဲ့ အဆိုကို လွှတ်တော်မှာ မတ် ၁၄ ရက်က အတည်ပြုပြီးနောက်မှာတော့ ၂၀၁၇ ဧပြီ ၁ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။

၂၀၁၅ တုန်းက လုံခြုံရေး အခြေအနေအရ မကျင်းပဖြစ်တဲ့ မဲဆန္ဒနယ်တွေ၊ အစိုးရအဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ကြလို့ လစ်လပ်သွားတဲ့ မဲဆန္ဒနယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်လွှတ်တော် ခုနစ်နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနဲ့ ပြည်သူ့လွှတ်တော်ကိုးနေရာ စုစုပေါင်း ၁၉ နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် ခုနစ်နေရာကတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာတစ်နေရာ၊ ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီးတို့မှာ နှစ်နေရာစီနဲ့ ကျိုင်းတုံ၊ ညောင်ရွှေမြို့နယ်တွေမှာ တစ်နေရာစီ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်သုံးနေရာကို ချင်းပြည်နယ်တစ်နေရာ၊ ပဲခူးတိုင်းဒေသကြီးမှာ တစ်နေရာနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ တစ်နေရာအတွက် ကျင်းပပါတယ်။

ပြည်သူ့လွှတ်တော်ကိုးနေရာ အတွက် မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ကော့မှူး၊ လှိုင်သာယာ၊ မိုင်းရှူး၊ ကျေးသီးမဲဆန္ဒနယ်တွေမှာ ကျင်းပတာ ဖြစ်ပါတယ်။ လွှတ်တော်သုံးရပ် စုစုပေါင်း ၁၉ နေရာမှာ လက်ရှိအာဏာရ NLD ပါတီက ဖရူဆိုမဲ ဆန္ဒနယ်မှာ မပြိုင်ဖြစ်ခဲ့တာကလွဲရင် ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

NLD ပါတီအနေနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ လစ်လပ်မဲ ဆန္ဒနယ် ၁၉ နေရာထဲက ပြည်သူ့လွှတ်တော်ငါးနေရာ၊ အမျိုးသား လွှတ်တော်သုံးနေရာနဲ့ ပြည်နယ်လွှတ်တော်တစ်နေရာ စုစုပေါင်း ကိုးနေရာ အနိုင်ရရှိခဲ့ပါတယ်။

လစ်လပ် ပြည်သူ့လွှတ်တော် နေရာကိုးနေရာမှာ ချောင်းဆုံ၊ အမ်း၊ မိုင်းရှူးနဲ့ ကျေးသီးမဲဆန္ဒနယ်တွေမှာ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီအထဲမှာ ထူးခြားတာက ချောင်းဆုံမဲ ဆန္ဒနယ်ပါ။

ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင် ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပေးဖို့ အဆိုကို လွှတ်တော်မှာ အတည်ပြုပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ ပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့တဲ့ ချောင်းဆုံမဲဆန္ဒနယ်မှာ အားလုံးက ယူဆထားတဲ့အတိုင်း NLD ကိုယ်စားလှယ် ရှုံးနိမ့်ခဲ့ပါတယ်။

ချောင်းဆုံမဲဆန္ဒနယ်မှာ USDP ပါတီ ကိုယ်စားလှယ်လောင်းက ခိုင်လုံမဲ ၁၉၆၆၇ မဲ ရရှိခဲ့ပြီး NLD ပါတီ ကိုယ်စားလှယ်လောင်းက ခိုင်လုံမဲ ၁၂၆၃၆ မဲသာ ရရှိခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာပါ။

ဒီနေရာမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရလဒ်ထက်စာရင် မဲဆန္ဒရှင်တွေရဲ့ ကဏ္ဍက စိတ်ဝင်စားစရာပါ။ ချောင်းဆုံမဲဆန္ဒနယ်မှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၂၆,၂၂၅ ဦး ရှိပါတယ်။ မဲလာပေးသူဦးရေက ၄၈၅၃၂ ဦးသာရှိပြီး မဲမပေးသူဦးရေက ၇၇၆၉၃ ဦး ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် မဲပေးသူက ၃၈ ရာခိုင်နှုန်းသာရှိပြီး မဲမပေးသူက ၆၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။

ဒါက ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပြောင်းဖို့ လွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲမပေးသူဦးရေက သိသိသာသာ မြင့်တက်နေတာပါ။ ဒါဟာ တိုက်ဆိုင်တာပဲလား။ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပြောင်းလိုက်ခြင်းရဲ့ အကျိုးဆက်လား ဆိုတာကတော့ မေးစရာ ရှိပေမယ့် ချောင်းဆုံမဲဆန္ဒနယ်မှာ NLD ကိုယ်စားလှယ်လောင်းကတော့ အမှန်တကယ် ရှုံးနိမ့်ခဲ့ပါတယ်။

မွန်ပြီးတော့ ကယား

အခုလည်း ကယားပြည်နယ် လွိုင်ကော်မှာ ဗိုလ်ချုပ်ရုပ်တု စိုက်ထူမှာနဲ့ ပတ်သက်လို့ ဒေသခံ တိုင်းရင်းသားတွေနဲ့ ပြည်နယ်အစိုးရကြားမှာ ပြဿနာက ကြီးထွားလာပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တည်ဆောက်ခြင်းကိစ္စ ကန့်ကွက်တဲ့အပေါ် ကယား (ကရင်နီ) ပြည်နယ်က ပြည်သူတွေဆီ အသိပေးချက်စာကို ဖြန့်ဝေတဲ့ လူငယ် ၁၁ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ (ဂ) တို့နဲ့ တရားစွဲတာတွေက ပြည်နယ်အစိုးရနဲ့ ဒေသခံတိုင်းရင်းသားတွေအကြား အမြင်မကြည်လင်မှုက အတိုင်းအတာတစ်ခုအထိ ရှိလာပါတယ်။

ဒါကြောင့်လည်း ဒီကိစ္စတွေအပေါ်မှာ အဲဒီဒေသက နိုင်ငံရေးပါတီတွေ၊ စာပေယဉ်ကျေးမှု အဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေက သဘောထားကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအဖွဲ့အစည်းတွေထဲမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ဖို့ လက်ရှိအစိုးရနဲ့ ဆွေးနွေးနေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကလည်း သဘောထားကြေညာချက် တစ်စောင်ကို ဇူလိုင် ၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

KNPP ရဲ့ သဘောထားကြေညာချက်ထဲမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်တဲ့ လူငယ်ထုအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းနဲ့ တရားစွဲဆိုခြင်းက ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် ဆင်ခြင်မှုကင်းမဲ့တဲ့ လုပ်ရပ်အဖြစ် ရှုမြင်ပြီး ၂၁ ရာစု ပင်လုံညီလာခံကျင်းပမယ့် နိုင်ငံရေးအဖြေရှာမှုကာလမှာ အခုလို မလိုလားအပ်တဲ့ အရေးယူဆောင်ရွက်မှုမျိုးကို ပင်လုံညီလာခံ ဦးဆောင်ကျင်းပနေတဲ့ အစိုးရက ဆင်ခြင်ဖို့ တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကလည်း ဇူလိုင် ၅ ရက်မှာပဲ သဘောထား ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာ ကယားပြည်နယ်အစိုးရအနေနဲ့ ဒေသခံဌာနေတိုင်းရင်းသားလူမျိုးတွေကို အသိပေးခြင်းမရှိဘဲ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုထားရှိဖို့ လုပ်ဆောင်ခြင်းက “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ” အခန်း (၇) ပုဒ်မ ၂၄ ပါ “မည်သူမျှ တိုင်းရင်းသားလူမျိုးများ အချင်းချင်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးကို ဖြစ်ပေါ်စေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်ရန် အကြောင်းရှိသော အပြုအမူများကို မပြုလုပ်ရ” ဆိုတဲ့ ဥပဒေပါပြဋ္ဌာန်းချက်ကို ချိုးဖောက်ရာမြောက်တာကြောင့် လက်ရှိကာလမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုကို မတည်ဆောက်သင့်ဘူးလို့ အဆိုပြုထားပါတယ်။

ကယားပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီ၊ စာပေ၊ ယဉ်ကျေးမှု အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထား ကြေညာချက်တွေကိုကြည့်ရင် အားလုံးနီးပါးက ဗိုလ်ချုပ်ရုပ်တု စိုက်ထူဖို့ကို အချိန်တစ်ခုအထိ ဆိုင်းငံ့ပြီး ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောထားဆန္ဒကို ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ အဓိက ကတော့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို မထိခိုက်စေဖို့ ရည်ညွှန်းထားတွေကိုလည်း တွေ့ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်သလား

ကယားပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တု စိုက်ထူတာနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရနဲ့ ဒေသခံတိုင်းရင်းသားတွေအကြား အမြင်ကွဲပြားမှုတွေက တိုင်းရင်းသားသွေးစည်း ညီညွတ်ရေးကို ထိခိုက်မှာ စိုးရိမ်ရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

“လတ်တလော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို အထိမ်းအမှတ်ထားရှိမယ့် အစီအစဉ်တွေဟာ တိုင်းရင်းသားတွေအကြား ဗမာလူမျိုးကြီးဝါဒ၊ အမြင်၊ သဘောထားတွေကို အတင်းတင်သွင်းလာတဲ့ ခြေလှမ်းတွေလို့ မြင်နေတာဟာ ရေရှည်အကျိုးအတွက် မကောင်းသလို၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း အထောက်အကူမပြုနိုင်ဘူးလို့ မြင်မိပါတယ်။ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကိုလည်း ထိခိုက်လာမှာ စိုးရိမ်စရာ ဖြစ်နေပါတယ်” လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ သုံးသပ်တင်ပြထားပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူမယ်ဆိုပါက တိုင်းရင်းသားအသီးသီးမှာလည်း သူတို့ခေါင်းဆောင်တွေ ရှိတာကို သတိထားဖို့လိုမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ထောက်ပြပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းဆိုတာ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒါကိုတော့ တိုင်းရင်းသားတွေဘက်က လေးစားပြီးသားပါ။ အခုဟာက ဗိုလ်ချုပ်ပြောတဲ့အတိုင်း လိုက်မလုပ်တဲ့အတွက် ပြဿနာ စရှိလာတယ်လို့ ကျွန်တော်ထင်တယ်။ ဗိုလ်ချုပ်ကြေးရုပ်တုကိုသာ တုပြီးတော့ လုပ်နေကြတာ ဗိုလ်ချုပ်စကားကျတော့ ဘယ်သူမှ နားမထောင်ဘူး။ ဗိုလ်ချုပ်ရဲ့ သြဝါဒအတိုင်း ဘယ်သူမှ ဘာမှမလုပ်ဘူး။ နောက်ပြီး တိုင်းရင်းသားဒေသတွေမှာ သွားပြီးတော့ လုပ်တဲ့အခါကျတော့ အများကြီး သတိထားဖို့ လိုပါတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေဆီမှာလည်း သူတို့ ခေါင်းဆောင်တွေ ရှိကြတယ်။ ဒါကြောင့် ဒါကို အများကြီး သတိထားဖို့လိုတယ်” လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်ကတော့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကျိုးပြုပါက ဆက်လက်ဆောင်ရွက်သင့်ပြီး အကျိုးမပြုပါက မဆောင်ရွက်သင့်ဘူးလို့ သုံးသပ်ပါတယ်။

“အဓိကက ကျွန်တော်တို့အနေနဲ့ ပြောချင်တာက တစ်ခုခု ဆောင်ရွက်တော့မယ်ဆိုရင် ရည်ရွယ်ချက် ရှိရမယ်။ အကျိုးသက်ရောက်မှု ရှိရမယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြေးရုပ်တွေကို နေရာဒေသအသီးသီးမှာလိုက်ပြီး ထားရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘာကို အဓိက ဦးတည်ချင်တာလဲ။ အကျိုးသက်ရောက်မှုမှာတော့ ကောင်းကျိုးဆိုးကျိုး ရှိမယ်။ ကိုယ့်အတွက်က ဘာရမလဲ။ တိုင်းရင်းသားဒေသတွေရဲ့ ခံစားချက်ကို ဘယ်လိုမျိုး ထိရောက်သွားစေနိုင်မလဲ စသဖြင့် သေချာစဉ်းစားပြီးမှ ဆောင်ရွက်သင့်တယ်လို့ မြင်တယ်။ တိုင်းရင်းသားဒေသတွေမှာလည်းပဲ နှစ်ပေါင်းများစွာ သူတို့စိတ်ထဲမှာ ခံစားနေတဲ့ ခံစားချက်တွေ ရှိတယ်။ အဲဒါတွေကိုလည်း နာလည်ပေးဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ တိုင်းရင်းသားတွေရဲ့ စိတ်ခံစားချက်တွေကို နားလည်ပေးနိုင်မှသာလျှင် သဘောပေါက်ပေးနိုင်မှသာလျှင် ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ပိုပြီးတော့ ထိရောက်မယ်လို့ ထင်တယ်။ ကိုယ်ဖြစ်ချင်လို့ ဆောင်ရွက်တဲ့ ဆောင်ရွက်ချက်တစ်ခုက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကျိုးပြုတယ် ဆိုရင်တော့ ဒါဆောင်ရွက်သင့်တယ်။ တကယ်လို့ အဲဒါက တစ်စုံတစ်ရာ အကျိုးမပြုဘဲနဲ့ ပိုပြီးတော့ အားနည်းစေတဲ့ဘက်ကို ဦးတည်တဲ့ ကိစ္စရပ်မျိုးဆိုရင်တော့ မဆောင်ရွက်သင့်ဘူး” လို့ ဦးစိုင်းသီဟကျော်က ဆိုပါတယ်။

တွေ့ဆုံဆွေးနွေး

ဗိုလ်ချုပ်ရုပ်တုကိစ္စကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဆက်လက် ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရကနေ ဆက်သွယ် ပြောဆိုပြီး မကြာခင် ဇူလိုင် ၇ ရက်မှာ ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်က အဖွဲ့အစည်း အသီးသီးကို ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမမှာ ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ တိုင်းရင်းသားတွေဘက်က ဗိုလ်ချုပ်ရုပ်တု စိုက်ထူရေးကို ခေတ္တဆိုင်းငံ့ထားပြီး ပြည်နယ်အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ဆွေးနွေးညှိနှိုင်းပြီးမှသာ ရှေ့ဆက်လုပ်ဆောင်ဖို့ အများစုက သဘောထား မှတ်ချက်ပေးကြပါတယ်။

ဝန်ကြီးချုပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ သဘောထားမှတ်ချက်ကိုလည်း တစ်ဦးချင်း တောင်းခံခဲ့ပြီး အများစုက ဆက်လက်ညှိနှိုင်းပြီးမှ လုပ်ဆောင်ဖို့ ပြန်လည်ဖြေကြားတာကြောင့် တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင် ၂၀ ရက်နဲ့ ၃၀ ရက်တွေမှာ ဆက်လက်ပြုလုပ်သွားမယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းတွေက တရားစွဲဆိုခြင်းခံထားရတဲ့ လူငယ် ၁၁ ဦးရဲ့ အမှုကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ဥပဒေအကြောင်းအရ ဆက်လက်သွားရမယ်လို့ ဝန်ကြီးချုပ်က အပိတ်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဘာတွေဖြစ်လာမလဲ

ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ ဒေသခံ တိုင်းရင်းသားအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဗိုလ်ချုပ်ရုပ်တုကိစ္စက ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ နောက်ထပ်တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားရမယ့် အနေအထားမျိုး ဖြစ်နေပါတယ်။

ဆက်လက်ညှိနှိုင်းမယ့် ဆွေးနွေးပွဲတွေမှာ ပြည်နယ်အစိုးရနဲ့ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းတွေကြား သဘောထားတင်းမာမှုတွေ ဖြစ်ပေါ်နေမယ် ဆိုရင်တော့ ဗိုလ်ချုပ်ရုပ်တုပြဿနာက ပြေလည်ဖို့ လမ်းစမမြင်နိုင်ပါဘူး။

ဘာကြောင့်လဲဆိုတော့ တရားစွဲဆိုခံထားရတဲ့ လူငယ် ၁၁ ဦးကို ဥပဒေကြောင်းအရ ဆက်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောဆိုထားတာကြောင့် ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းတွေဘက်က ကျေနပ်နိုင်ဖို့ အခွင့်အရေး နည်းလှပါတယ်။ ဒီလိုသာ နှစ်ဖက်စလုံးက သဘောထား တင်းမာနေမယ်ဆို ယုံကြည်မှုတွေ လျော့နည်းလာလိမ့်မယ်လို့ လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဆိုပါတယ်။

“အခုလို ကလေးတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲတာက ယုံကြည်မှုတွေကို လျော့နည်းသွားစေတယ်။ ဘယ်ကိစ္စမဆို မယုံကြည်ရင် ဘာမှဆက်လုပ်လို့မရဘူး” လို့ ဒေါက်တာခင်စည်သူက ပြောပါတယ်။

ပြည်နယ်အစိုးရနဲ့ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုတွေမဲ့လာပါက အကျိုးဆက်များတဲ့အတွက် သတိထားဖို့ လိုတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က သုံးသပ်ပါတယ်။

“ယုံကြည်မှုတွေ မဲ့သွားနိုင်တယ်။ ယုံကြည်မှု ကျဆုံးတာက ငွေရေးကြေးရေး ကျဆုံးတာထက် ပိုဆိုးတယ်။ ယုံကြည်မှုကျဆုံးတာနဲ့ သူ့အကျိုးဆက်က သိပ်များပါတယ်။ ဒါမျိုးမဖြစ်အောင် သတိထားဖို့ လိုတယ်” လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကတော့ ဒေသခံတွေကို ညှိနှိုင်းပြီး ဒေသခံတွေရဲ့ဆန္ဒကို အဓိကယူသင့်တယ်လို့ အကြံပြုပါတယ်။

NLD အစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်နဲ့ပတ်သက်လို့ မွန်ပြည်နယ်၊ ဗိုလ်ချုပ်ရုပ်တုနဲ့ပတ်သက်လို့ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ အစိုးရနဲ့ ဒေသခံတိုင်းရင်းသားတွေအကြား အမြင်မတူမှုတွေ၊ သဘောထား တင်းမာတာတွေက အစိုးရသက်တမ်း နှစ်နှစ်ကျော်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ဒီလို ဖြစ်ပွားမှုတွေက NLD အတွက် လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျရင် တိုင်းရင်းသားဒေသတွေမှာ အဓိကစိန်ခေါ်မှုတွေ ကြုံတွေ့လာနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ပြောင်းတာနဲ့ ပတ်သက်ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ချောင်းဆုံမဲဆန္ဒနယ်မှာ NLD ကိုယ်စားလှယ်လောင်း ရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရှိဗိုလ်ချုပ်ရုပ်တု စိုက်ထူနေတာတွေကိုလည်း ပြန်လည်စဉ်းစားဖို့ နိုင်ငံရေးလေ့လာသူတွေက တိုက်တွန်းမှုတွေ ရှိနေပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲတင် မဟုတ်ဘူး။ အရာရာကို ဆုံးရှုံးတယ်လို့ မြင်တယ်။ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုတွေ ဆုံးရှုံးတယ်။ ဒါကြောင့် အဆိုးထဲက အကောင်းဖြစ်အောင် ဘာလုပ်မလဲဆိုတာကို ကျွန်မက စဉ်းစားစေချင်တာ” လို့ NLD ပါတီမှ လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကယားပြည်နယ်က ဗိုလ်ချုပ်ရုပ်တုပြဿနာကို တခြားတိုင်းရင်းသားဒေသတွေကပါ အထူးတလည် စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ကယားပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းတွေကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် တိတိကျကျ အဖြေတစ်ခု မထွက်တာကြောင့် ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ လာမယ့် ဇူလိုင် ၂၀ ရက်နဲ့ ၃၀ ရက်တွေမှာ တွေ့ဆုံဆွေးနွေးတဲ့အခါ ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲ ဆိုတာကတော့ ဘယ်သူမှ မသိသေးပါဘူး။ ဒါကြောင့် ဆက်လက်ဆွေးနွေး ညှိနှိုင်းကြမယ့် အခြေအနေဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒကို လိုက်လျောမလား ဒါမှမဟုတ် ပြည်နယ်အစိုးရက ဗိုလ်ချုပ်ရုပ်တုကို သူ့သဘောအတိုင်း စိုက်ထူမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “ကျွန်တော့်အမြင်ပြောရရင် ဒီဟာကြီးကို မဖြစ်မနေလုပ်မှ ဖြစ်မှာလားပေါ့။ အဲဒါကို တစ်ချက် စဉ်းစားရမယ်။ ကိစ္စတစ်ရပ်တစ်ခုခုကို မဖြစ်မနေ လုပ်မှဖြစ်မယ်။ ဒါမလုပ်လို့မရဘူး။ လုပ်မှဖြစ်မယ်ဆိုရင်တော့ ဆက်လုပ်ပေါ့။ သူ့ရဲ့ အကျိုးဆက် ဘာဖြစ်လာမလဲဆိုတာတော့ ရှင်းဖို့လိုတယ်။ ဒီဟာကြီးက မဖြစ်မနေ လုပ်စရာလည်း မလိုပါဘူး။ ဒါမလုပ်လည်း တခြားဘာမှ ထိခိုက်သွားစရာ မရှိဘူးဆိုရင် မလုပ်ကြဖို့ ပြောချင်တယ်။ ကျွန်တော်တို့ နိုင်ငံထဲမှာ ဖြေရှင်းရမယ့် ပြဿနာပေါင်းများစွာ ရှိပါတယ်။ ဖြေရှင်းလို့တောင်မနိုင်၊ ဖြေရှင်းလို့တောင် မပြီးနိုင်တဲ့ အခြေအနေမှာ ပြဿနာအသစ် အသစ်ကို မဖန်တီးသင့်ဘူး။ လက်ရှိ ရှိနေတဲ့ပြဿနာတွေကိုပဲ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်နေရတာ အများကြီးပါ။ တစ်နိုင်ငံလုံး သိပါတယ်။ ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီးကို ဖြေရှင်းလို့တောင် မနိုင်တဲ့ အနေအထားမှာ နောက်ထပ် ပြဿနာအသစ်အသစ်တွေ မပေါ်ပေါက်လာဖို့ ဆောင်ရွက်သင့်တယ်” လို့ အကြံပြုပါတယ်။

Most Read

Most Recent