စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ မြန်မာ့ဒီမိုကရေစီရေချိန်

စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ မြန်မာ့ဒီမိုကရေစီရေချိန်
Published 6 May 2018

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးရုံးချိန်းတွင် သတင်းလွတ်လပ်ခွင့်ရရှိရေးနှင့် ဖမ်းဆီးခံသတင်းထောက်များ ချက်ချင်းလွှတ်ပေးရေး မီဒီယာသမားများ ဇန်နဝါရီလအတွင်းက တောင်းဆိုဆန္ဒပြစဉ်

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း (World Press Freedom Index) မှာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်က ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၇ မှာ ရပ်တည်နေတယ်လို့ ဧပြီ ၂၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

RSF ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၃၁ မှာ ရှိတာကြောင့် ဒီနှစ်မှာတော့ အဆင့်ခြောက်ဆင့်အထိ ကျဆင်းပြီး သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နိုင်ငံတွေကို အရောင်လေးမျိုးနဲ့ သတ်မှတ်ထားပြီး မြန်မာနိုင်ငံက ဆိုးရွားတဲ့ အဆင့်သတ်မှတ်မှု အနီရောင်နယ်မြေမှာ ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ၂၀၁၇ ခုနှစ်ကထက်စာရင် ဆုတ်ယုတ်လာတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ NLD အစိုးရလက်ထက်မှာ အစိုးရနဲ့ တပ်မတော်အပေါ် ဝေဖန်ဆန်းစစ်ချက်တွေနဲ့ ပတ်သက်လို့ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာမျိုးတွေကို စိုးရိမ်ဖို့ မလိုတော့ဘူးလို့ မြန်မာသတင်းသမားတွေက မျှော်လင့်ထားကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေထဲမှာ သတင်း လွတ်လပ်ခွင့် မပါဘူးလို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဆိုပါတယ်။

၂၀၁၇ ခုနှစ်အတွင်း သတင်းသမားတွေကို ဖမ်းဆီးခြင်း၊ တရားစွဲခြင်း၊ ထောင်ချခြင်း၊ သတင်းယူခွင့် ပိတ်ပင်တားဆီးခံရခြင်းတွေက သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကျဖို့ လုံလောက်တဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

“ဒီအညွှန်းကိန်းတွေက ကျွန်တော်တို့ရဲ့ အခြေအနေကို ထင်ဟပ်တယ်လို့ ကျွန်တော်ကတော့ သဘောတူတယ်။ ဒီအညွှန်းကိန်းတွေ တစ်ခုတည်းကိုပဲ အားကိုးရမယ်လို့ မပြောလိုပါဘူး။ ဒါပေမဲ့ ဒီဟာတွေက တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ထင်ဟပ်တယ်။ အဲဒီအချက်အလက်တွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံး အဓိကကတော့ အစိုးရတို့လို လက်နက်ကိုင်အဖွဲ့အစည်းတို့လို သူတို့တွေက ဒီဟာတွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့မြင်တယ်” လို့ ဦးမြင့်ကျော်က ဆိုပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးတရားစွဲဆို ထောင်ချမှုတွေအပေါ် NLD အစိုးရက ဟန့်တားပြောဆိုမှု မရှိတဲ့အပြင် အစိုးရနဲ့ NLD ပါတီဝင်တွေကပါ တရားစွဲဆိုမှုတွေ ရှိလာတဲ့အတွက် သတင်းလွတ်လပ်ခွင့်ကို ထိခိုက်လာတယ်လို့ မော်ကွန်းမဂ္ဂဇင်းမှ အယ်ဒီတာ ဦးဇေယျာလှိုင်က ဆိုပါတယ်။ ဒါ့အပြင် သတင်းသမားတွေကသာမက သတင်းရင်းမြစ်တွေကိုပါ ခြိမ်းခြောက်ပြဿနာရှာမှုတွေ ရှိလာတယ်လို့ သူက ဆက်ပြောပါတယ်။

“အဲဒီထက်ဆိုးတာကို ထပ်မြင်ရတာက သတင်းအရင်းအမြစ်တွေကိုပါ ဒုက္ခပေးလာတာပေါ့။ လက်ရှိဆိုလို့ရှိရင် သတင်းအရင်းအမြစ်လို့ ယူဆရတဲ့ ဒုရဲမှူး မိုးရန်နိုင်ဆိုလို့ရှိရင်လည်း ခြိမ်းခြောက်မှုတွေ၊ ပြဿနာရှာမှုတွေနဲ့ သူတွေ့နေရတယ်။ အဲဒါကိုကြည့်ပြီးတော့ ကျန်တဲ့အစိုးရဌာနက သတင်းရင်းမြစ်တွေကလည်း ပြောဖို့ဆိုဖို့ ကြောက်ရွံ့သွားတယ်။ ဒါကလည်း အညွှန်းကိန်းကို ထပ်မံကျဆင်းစေမယ့် ဖြစ်ရပ်တွေလို့ မြင်တယ်။ အဲဒါကြောင့်မို့လည်း အညွှန်းကိန်းက ကျဆင်းသွားတယ်လို့ မြင်ပါတယ်” လို့ ဦးဇေယျာလှိုင်က ဆိုပါတယ်။

NLD အစိုးရရဲ့ဒုတိယမြောက် နှစ်သက်တမ်း ၂၀၁၇ ခုနှစ်အတွင်း သတင်းထောက်အယောက် ၂၀ လောက် တရားစွဲဆိုခံခဲ့ရပြီး ပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူခံရသူ တော်တော်များများ ပါဝင်တယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းအမှောင်ချခံထားရပြီး ဒီအခြေအနေတွေကို စုံစမ်းထောက်လှမ်းဖို့ ကြိုးစားတဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးထောင်ချမှုတွေ ရှိနေတဲ့အပြင် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အပါအဝင် ပဋိပက္ခနယ်မြေတွေကို သတင်းရယူခွင့် ပိတ်ပင်တားမြစ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (World Press Freedom Index) မှာ မြန်မာနိုင်ငံက အဆင့်ကျဆင်းတာနဲ့ ပတ်သက်လို့ ကြိုတင် ခန့်မှန်းထားတာကြောင့် မအံ့သြမိဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဆိုပါတယ်။

ဒီမိုကရေစီ သက်တမ်းခုနစ်နှစ်၊ စာနယ်ဇင်းလွတ်လပ်ခွင့် သက်တမ်းငါးနှစ်သာရှိပြီး စိန်ခေါ်မှုပေါင်းစုံနဲ့ နပန်းလုံးနေရတဲ့အတွက် အနုတ်ခြောက်နဲ့ အဆင့် ၁၃၇ ရတာကို ယှဉ်ကြည့်ပါက အနည်းငယ် စိတ်သက်သာမှုရတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ အခြေအနေကို ကျေနပ်အားရတယ်လို့ မဆိုလိုပါ။ RSF အညွှန်းကိန်းတက်ဖို့ထက် မီဒီယာလောကကြီး အနှစ်သာရရှိရှိ တိုးတက်ဖို့ ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ ဒုဝန်ကြီးက ဆိုပါတယ်။

Freedom House အဖွဲ့က ထုတ်ပြန်တဲ့ ကမ္ဘာ့လွတ်လပ်ခွင့်ဆိုင်ရာ ၂၀၁၈ ခုနှစ် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံဟာ တစ်စိတ်တစ်ပိုင်းသာ လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံအဖြစ် ဖော်ပြထားပါတယ်။ လွတ်လပ်ခွင့်အရှိဆုံးဖြစ်တဲ့ အဆင့် ၁ ကနေ လွတ်လပ်ခွင့်မရှိတဲ့ အဆင့် ၇ ကြားက တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၅ မှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လွတ်လပ်ခွင့်တွေကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်တမ်းကောက်ယူပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရနဲ့ လွှတ်တော်က မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့ ဦးစားပေးလုပ်ငန်းစဉ်မရှိတဲ့ ပြဿနာရဲ့ အကျိုးဆက်အဖြစ် မီဒီယာအညွှန်းကိန်းတွေ ကျဆင်းတာဖြစ်တယ်လို့ NHK သတင်းဌာနမှ ဦးသီဟသွေးက သုံးသပ်ပါတယ်။

NLD ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်း ဆက်သွယ်ရေးခေါင်းစဉ်အောက်မှာ သတင်းမီဒီယာနဲ့ပတ်သက်လို့ အချက်သုံးချက်ကို ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီအချက်တွေကတော့ (၁) အစိုးရ၏ မဏ္ဍိုင် (၃) ရပ် လှုပ်ရှားမှုအမှန် အခြေအနေများအား ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးမည်။ (၂) ပြည်သူများ၏ နားနှင့် မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတို့စောင့်ထိန်းအပ်သော ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာများနှင့်အညီ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူဖော်ပြခွင့်အား ဖော်ဆောင်ပေးမည်။ (၃) ရုပ်/သံ၊ ရေဒီယို အစရှိသော ထုတ်လုပ်ခြင်းများ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် သတင်းစာ အစရှိသော ပုံနှိပ်မီဒီယာများနှင့် တယ်လီဖုန်း၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ ဈေးကွက်စီးပွားရေးအရ လွတ်လပ်ပွင့်လင်းစွာ ပါဝင်ယှဉ်ပြိုင် လုပ်ပိုင်ခွင့်အား အားပေးဖော်ဆောင်မည်လို့ ဖော်ပြထားပါတယ်။

NLD အစိုးရ သက်တမ်းနှစ်နှစ်ကျော်ခဲ့ပေမယ့် ရွေးကောက်ပွဲ ကြေညာစာတမ်းထဲက အချက်တွေကိုတော့ လက်ရှိအချိန်အထိ အကောင်အထည်ဖော် ဆောင်ပေးနိုင်ခြင်း မရှိသေးတဲ့အပြင် သတင်းရယူပိုင်ခွင့်မှာလည်း အတားအဆီးတွေက အရင်ကထက် ပိုလာတယ်လို့ သတင်းမီဒီယာသမားတွေက ထောက်ပြကြပါတယ်။

“သတင်းအချက်အလက်ရ ယူတဲ့နေရာမှာ အခက်အခဲ အတားအဆီးတွေက အရင်ကထက် ပိုလာတယ်။ ဥပမာ ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို ကျွန်တော်တို့ မီဒီယာသမားတွေကို သူတို့ဝင်းထဲတောင် ပေးမဝင်တော့ဘူး။ ဒါတော်တော်လေးကို ဆိုးတဲ့ကိစ္စပဲ။ တကယ်တမ်း ရှင်းရှင်းပြောရရင် အာဏာရှင်ပုံစံလို့တောင် ပြောလို့ရတယ်။ လူထုက တင်မြှောက်တဲ့ အစိုးရဖြစ်လို့ ကျွန်တော်တို့ သတင်းစာဆရာတွေကလည်း လူထုကို ပြန်တင်ပြဖို့ လုပ်နေတာ။ အဲဒါကို အမေးမြန်းမခံဘဲ ပိတ်ထားတယ်ဆိုတာက မင်းတို့က ငါတို့နဲ့ မတူဘူးဆိုတဲ့ သဘောမျိုး သွေးနားထင်ရောက်သွားတဲ့ ပုံစံမျိုးပေါ့ဗျာ။ အဲဒါက တော်တော်ဆိုးတဲ့ အနေအထားတစ်ခုပဲ။ နောက်လွှတ်တော်မှာ သတင်းယူတာဖြစ်ဖြစ်၊ နိုင်ငံတော်အဆင့်ပွဲတွေမှာ သတင်းယူတာပဲဖြစ်ဖြစ် အစိုးရမီဒီယာတွေနဲ့ အစိုးရနဲ့ နီးစပ်တဲ့ မီဒီယာလောက်ပဲ ဝင်လို့ရတယ်။ လွှတ်တော်ချယ်နယ်မှာဆို ဘယ်သူမှ ဝင်လို့မရဘူး။ စကိုင်းနက်ပဲ ဝင်လို့ရတယ်။ ဒါကလည်း Level Media Playground မရှိတာပေါ့။ ညီတူမျှတူဖြစ်တဲ့ ယှဉ်ပြိုင်မှုမျိုး မရှိတာကလည်း စိန်ခေါ်မှုဖြစ်တယ်။ နောက်တစ်ခု မြေပြင်ဆင်းပြီးတော့ သတင်းသွားယူတဲ့အခါ အတားအဆီးတွေ အရမ်းများတယ်။ ချက်ပွိုင့်တွေမှာ တားတယ်။ ပြီးတော့ မမျှော်လင့်ဘဲ ဖမ်းပစ်တာမျိုးတွေပေါ့။ ဒါတွေက စိန်ခေါ်မှုတွေ များတယ်။ ဒါတွေကို အစိုးရက မသိကျိုးကျွန်ပြုနေတာကလည်း ခက်ပါတယ်” လို့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်က ထောက်ပြပါတယ်။

သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ခဲ့ကြတဲ့ ဦးဖေမြင့်နဲ့ ဦးအောင်လှထွန်းတို့ ပြန်ကြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီး တာဝန်ထမ်းဆောင်နေတဲ့ အစိုးရလက်ထက်မှာ သတင်းရယူပိုင်ခွင့်က တိုးတက်မလာဘဲ ကျဆင်းသွားတယ်လို့ မြန်မာသတင်းပညာသိပ္ပံမှ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်မင်းဆွေက သုံးသပ်ပါတယ်။

“ကျွန်တော်တို့ သတင်းမီဒီယာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဆရာဦးဖေမြင့်တို့၊ ဦးအောင်လှထွန်းတို့ ဝန်ကြီး၊ ဒုဝန်ကြီးအဖြစ် မီဒီယာနဲ့ဆက်စပ်တဲ့ ဝန်ကြီးဌာနမှာ တာဝန်ယူနေကြတဲ့အတွက် သတင်းမီဒီယာလောကအတွက် သတင်းမီဒီယာလောက ဖွံ့ဖြိုးဖို့အတွက် တစ်စုံတစ်ရာ မျှော်လင့်ခဲ့တယ်။ ဒီနေ့အထိတော့ မျှော်လင့်တဲ့အတိုင်း ဘာမှမဖြစ်လာသေးတဲ့အပြင် စိတ်ပျက်အားလျော့စရာ ကိစ္စတွေချည်းပဲ တွေ့ရတယ်။ အထူးသဖြင့် သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ အခမ်းအနားတွေမှာ ဝန်ကြီးရဲ့ မိန့်ခွန်းတွေက အားရစရာ မကောင်းတဲ့အပြင်ကို အားပျက်စရာတွေချည်း ဖြစ်နေတယ်။ ကိုယ့်သတင်းမီဒီယာလောကကိုတောင်မှ ပြန်ပြီးတော့ အပြစ်တင်နေတဲ့ ပုံစံမျိုးဖြစ်လာတယ်။ အဲဒီတော့ ဒါကကျွန်တော်တို့ မျှော်လင့်ချက်နဲ့ တက်တက်စင်အောင် လွဲတယ်လို့ ပြောရမှာပေါ့။ နောက်တစ်ခုက သတင်းရယူပိုင်ခွင့်ကလည်း အခြေအနေ တိုးတက်မလာဘဲနဲ့ ပိုတောင်ကျသွားတယ်။ ဒါက လက်တွေ့က အလုပ်လုပ်နေတဲ့သူတွေ အသိဆုံးပါ။ အရင်တုန်းကမှ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူက ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်နေတဲ့အတွက် ထစ်ခနဲဆို သူဆီက Confirmation ယူလို့ရတယ်။ ယူတဲ့အခါမှာလည်း Officailly သူ့ဆီကနေ တယ်လီဖုန်းနဲ့ ယူလို့ရသလို သူ့ရဲ့ဆိုရှယ်အကောင့်က တစ်ဆင့်လည်း ယူရတာတွေလည်း ရှိတယ်။ ဘာပဲပြောပြော ခက်တယ်ဆိုပေမယ့်လည်း အထိုက်အလျောက် ကျွန်တော်တို့က အတည်ပြုလို့ ရတယ်။ နောက်တစ်ခု ဒီဘက်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာနလူတွေက အဲလိုမျိုးမတွေ့ရဘူး။ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဆီကပဲ သတင်းတွေက စီးဆင်းနေတယ်။ သူ့ဆီကလည်း မကြာခဏ အတည်ပြုချက်ရဖို့က ခဲယဉ်းတာပေါ့နော်။ ဒါက ထင်သာမြင်သာရှိတဲ့ဟာကို ပြောတာ။ အခြားသော ဌာနအသီးသီးမှာလည်း အခက်အခဲ အများကြီးရှိတယ်” လို့ ဦးကျော်မင်းဆွေက ဆိုပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် မီဒီယာပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရာမှာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး အဓိကလုပ်ငန်းသုံးခုနဲ့ ပြောင်းလဲခဲ့တယ်လို့ အရင်ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ၎င်းရဲ့လူမှုကွန်ရက် စာမျက်နှာမှာ “မြန်မာ့မီဒီယာ မြင်ကွင်း (၁၉၈၈-၂၀၁၈)” ခေါင်းစဉ်နဲ့ ထည့်သွင်းရေးသားထားပါတယ်။

မီဒီယာပြုပြင်ပြောင်းလဲရေးရဲ့ အဓိကလုပ်ငန်းသုံးခုအဖြစ် (၁) မီဒီယာဥပဒေသစ်များရေးဆွဲခြင်းနဲ့ စာပေစိစစ်ရေးစနစ် ဖျက်သိမ်းခြင်း အပါအဝင် ဒီမိုကရေစီနဲ့ မကိုက်ညီသည့် မီဒီယာဥပဒေများ ဖျက်သိမ်းခြင်း (၂) နိုင်ငံပိုင်မီဒီယာများကို အများပြည်သူဝန်ဆောင်မှု မီဒီယာများအဖြစ် ပြောင်းလဲခြင်း (၃) အစိုးရနှင့် ပုဂ္ဂလိကမီဒီယာသမားများ၏ အရည်အသွေးမြှင့်တင်ခြင်း စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် သြဂုတ်မှာ စာပေစိစစ်ရေးကို ဖျက်သိမ်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီမှာ ပုဂ္ဂလိကသတင်းစာတွေကို ထုတ်ဝေခွင့်ပေးခဲ့ပေမယ့် ပြဿနာတွေ ရှိနေပါသေးတယ်လို့ ဦးရဲထွဋ်က သုံးသပ်ထားပါတယ်။

ဒီလို ဦးသိန်းစိန်လက်ထက်က မီဒီယာလွတ်လပ်ခွင့် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ခဲ့ပေမယ့် NLD အစိုးရလက်ထက်မှာ ဒီအပေါ်မှာ ဆက်လက် သယ်ဆောင်လာနိုင်ခြင်း မရှိဘူးလို့ စာနယ်ဇင်းသမားတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

“ဦးသိန်းစိန်အစိုးရလက်ထက်မှာ သူတို့က အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားတယ်။ အသွင်ကူးပြောင်းရေး ပထမအဆင့်မှာ သူတို့က Credit တွေ အများကြီးရတယ်။ အရင်တုန်းက ပိတ်ပင်ထားတဲ့ တားမြစ်ကန့်သတ်ထားတဲ့ အခြေအနေကနေ သူတို့က ပြောင်းဖို့ကြိုးစားတော့ စိစစ်ရေးဖျက်တာ၊ သတင်းစာထုတ်ခွင့်ပေးတာ၊ ဥပဒေတွေ ရေးသားပြဋ္ဌာန်းတာ အဲဒါတွေက Credit အများကြီးရခဲ့တယ်။ အဲဒါကို NLD အစိုးရကဆက်ပြီး မသယ်ဆောင်နိုင်ဘူး။ အဲဒါကို ထပ်ပြီးတော့ တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးလို့ထင်တယ်။ တကယ်ဆို ဦးသိန်းစိန်အစိုးရလက်ထက်က သူတို့က Public Service Media ဆိုပြီးတော့တောင် လုပ်မယ်ပေါ့လေ။ တကယ်မစစ်လို့ ကျွန်တော်တို့ကလည်း ဝေဖန်တော့ သူတို့က ပြန်ရုပ်သိမ်းသွားတာ။ NLD အစိုးရလက်ထက်မှာ Public Service Media စစ်စစ်လုပ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ အခုချိန်ထိ အရိပ်အယောင် ဘာမှမမြင်ရဘူး။ ဥပဒေကြမ်း ရုပ်သိမ်းသွားတဲ့ဟာကို ပြန်ပြီး တကယ်ကောင်းမွန်တဲ့ ဥပဒေဖြစ်အောင် ပြန်ပြီးတော့ ရေးဆွဲပြီးတော့ လွှတ်တော်ကို တင်ပြတာမျိုးတွေက အခုချိန်အထိ ဘာမှမထွက်လာဘူးဆိုတော့ အဲဒါကို အကဲခတ်ကြည့်ရင် သူတို့က နိုင်ငံပိုင်မီဒီယာကိုပဲ သဘောကျတယ်လို့ ကောက်ချက်ချရမလို ဖြစ်နေတာပေါ့။ အဲဒါကတော့ ရှေ့အလားအလာအတွက် မကောင်းဘူး။ အဆင့်တစ်ခုအထိ ရောက်နေတဲ့ မီဒီယာလွတ်လပ်ခွင့်ကို တိုးတက်အောင်လုပ်ဖို့ NLD အစိုးရက စိတ်မဝင်စားဘူးလို့ပဲ ပြောရမယ်” လို့ မြန်မာဂျာနယ်လစ်ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုပါတယ်။

မီဒီယာသမားတွေအနေနဲ့ ဒီမိုကရေစီစနစ်မှာ ထမ်းဆောင်ရမယ့် တာဝန်ကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး NLD အစိုးရလက်ထက်မှာ မီဒီယာပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေဟာ နောက်ပြန်လှည့်မသွားရင်တောင် ရပ်တန့်နေတယ်လို့ ဦးရဲထွဋ်က သုံးသပ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့်ပဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) (Free Expression Myanmar) က မေ ၂ ရက်က ထုတ်ပြန်လိုက်တဲ့ “ခြိမ်းခြောက်ခံနေရသော မြန်မာ့မီဒီယာလွတ်လပ်ခွင့်” အစီရင်ခံစာမှာ တပ်မတော် အပါအဝင် အစိုးရက ပြင်ဆင်ဖို့ လုံးဝအစီအစဉ်မရှိတဲ့ ဖိနှိပ်ရေးဥပဒေ အဟောင်းတွေကို ဆက်လက်အသုံးပြုနေပြီး ဖိနှိပ်ရေးဥပဒေအသစ်တွေကို ထပ်မံရေးဆွဲပြဋ္ဌာန်း ကျင့်သုံးနေတာကြောင့် မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်ကို အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာနေတယ်လို့ မီဒီယာသမားတွေက ပိုမိုတိုးမြင့် ယုံကြည်လာကြကြောင်း ဖော်ပြထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) (Free Expression Myanmar) ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက် လွတ်လပ်ခွင့်အရေး၊ ဥပဒေပြုပြင်ပြောင်းလဲရေး၊ ဥပဒေချိုးဖောက်ခံရသူများကို ကာကွယ်ရေးအပြင် နိုင်ငံတကာက အလေ့အထကောင်းတွေကို အလေးထား ဂရုပြုလာအောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

“ခြိမ်းခြောက်ခံနေရသော မြန်မာ့မီဒီယာလွတ်လပ်ခွင့်” အစီရင်ခံစာအတွက် Free Expression Myanmar အပြင် Burma News Internation(BNI)၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာမီဒီယာရှေ့နေများကွန်ရက်၊ မြန်မာအမျိုးသမီး ဂျာနယ်လစ်အသင်း၊ ပဲန်မြန်မာနဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီတို့က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သတင်းဆိုင်ရာလုပ်ငန်းက နေဆွေးနွေးသင့်တဲ့ ကိစ္စရပ်အမျိုးမျိုးအပေါ် မြန်မာနိုင်ငံက သတင်းသမား ၂၀၀ လောက်ရဲ့ ရှုမြင်ချက်ကို ၂၀၁၇ ဒီဇင်ဘာကနေ ၂၀၁၈ ဧပြီအထိ မေးမြန်းမှတ်တမ်းပြုစုပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာဖြစ်ပါတယ်။

မီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်မှုအဖြစ် စစ်တမ်းကောက်ယူရာမှာ အစိုးရက ၃၂ ရာခိုင်နှုန်း၊ ဥပဒေတွေက ၃၂ ရာခိုင်နှုန်း၊ တရားရုံးတွေက ၁၇ ရာခိုင်နှုန်း၊ အသင်းအဖွဲ့က ခုနစ်ရာခိုင်နှုန်း၊ မီဒီယာပိုင်ရှင်တွေက ခုနစ်ရာခိုင်နှုန်း၊ အခြားအရာတွေက ငါးရာခိုင်နှုန်းဆိုပြီး ဖော်ပြထားပါတယ်။

ခြိမ်းခြောက်ခံရမှု အများဆုံး ဥပဒေများအဖြစ် စစ်တမ်းကောက်ရာမှာ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေက ၁၉ ရာခိုင်နှုန်း၊ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေက ၁၇ ရာခိုင်နှုန်း၊ ဆက်သွယ်ရေး ဥပဒေက ၁၄ ရာခိုင်နှုန်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ၁၃ ရာခိုင်နှုန်း၊ မတရားအသင်းဥပဒေက ၁၃ ရာခိုင်နှုန်း၊ သတင်းမီဒီယာဥပဒေက ၁၁ ရာခိုင်နှုန်း၊ ရာဇသတ်ကြီးက ငါးရာခိုင်နှုန်း၊ ပုံနှိပ်ခြင်းနှင့် ဖြန့်ချိခြင်းဆိုင်ရာဥပဒေက သုံးရာခိုင်နှုန်းနဲ့ အခြားဥပဒေတွေက ခြောက်ရာခိုင်နှုန်းအဖြစ် ရွေးချယ်ထားပါတယ်။

ရာဇသတ်ကြီး ဥပဒေထဲက ပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေအနက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မကို ခြိမ်းခြောက်မှုအရှိဆုံး ပုဒ်မအဖြစ် သတင်းသမား ၃၈ ရာခိုင်နှုန်းက ရွေးချယ်ခဲ့ကြပြီး ဒုတိယနဲ့ တတိယခြိမ်းခြောက်မှု အရှိဆုံးပုဒ်မတွေအဖြစ် အသရေဖျက်မှုက ၂၂ ရာခိုင်နှုန်းနဲ့ ဘာသာရေးစော်ကားမှုက ၁၉ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။

ဒီလို မီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရတဲ့ ဥပဒေတွေကို ပြင်ဆင်၊ ပယ်ဖျက်ပြီး အသစ်ရေးဆွဲ ပြဋ္ဌာန်းသင့်တယ်လို့ NHK သတင်းဌာနမှ ဦးသီဟသွေးက ထောက်ပြပါတယ်။

“အဓိက မီဒီယာလောကအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ဥပဒေတွေပြင်ရမယ်၊ ပယ်ဖျက်ရမယ်။ ပြီးတော့ မီဒီယာလွတ်လပ်ခွင့် တစ်နည်းပြောရရင် ပြည်သူတွေ သတင်းသိရှိ ပိုင်ခွင့်ကို ပိုပြီးအာမခံနိုင်မယ့် ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းပေးရမယ်။ မီဒီယာတွေနဲ့ အစိုးရအဖွဲ့အစည်းတွေ အကြားမှာ ရှိနေတဲ့၊ ရှိတတ်တဲ့ နားလည်မှုလွဲမှားမှုတွေကို အခုထက်ပိုပြီး အမြင်ချင်းဖလှယ် ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးရမယ်။ အစိုးရ ပြန်ကြားရေးလုပ်ငန်းတွေ ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ဖွဲ့စည်းရမယ်။ ဒါပါပဲ” လို့ ဦးသီဟသွေးက ဆိုပါတယ်။

မြန်မာသတင်းပညာသိပ္ပံမှ စီမံအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်မင်းဆွေက “သတင်းမီဒီယာဥပဒေကို ကျွန်တော်တို့က သေချာပြန်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ လက်တွေ့ကျပြီးတော့ သတင်းသမားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်ဖို့ လိုတယ်။ ဥပမာအားဖြင့် တရားမစွဲခင်မှာ ဖြေရှင်းရမယ့် အဆင့်ကို Press Council ကို တိုင်ကြားနိုင်သည်ဆိုတဲ့ နေရာမှာ တိုင်ကြားရမည်ဆိုတဲ့ဟာမျိုး ပြင်သင့်တယ်။ တရားစွဲတဲ့အဆင့် မရောက်ခင်မှာ ညှိနှိုင်းတဲ့နည်းနဲ့ ပြေလည်သွားအောင်လို့ပေါ့နော်။ ဒါမျိုးဖြစ်ရမယ်။ သတင်းမီဒီယာအပေါ်မှာ ဖြစ်နေတဲ့ ပြဿနာတွေ။ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ သတင်းမီဒီယာအပေါ်မှာ ဖော်ပြထုတ်လွှင့်တဲ့ဟာတွေပတ်သက်ပြီး နောက်ဆက်တွဲ Issiue တွေ မှန်သမျှ သတင်းမီဒီယာဥပဒေနဲ့ပဲ တရားစွဲဖို့ဆိုတာ တစ်ချက်ပေါ့နော်။ တခြားဥပဒေနဲ့ အကျုံးမဝင်စေဘဲနဲ့ သတင်းမီဒီယာဥပဒေနဲ့ပဲ စွဲရမယ်ဆိုတာမျိုး ဖြစ်သင့်တယ်” လို့ သုံးသပ်ပါတယ်။

မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အစိုးရရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး အမှတ်ပေးရာမှာ နိမ့်ကျနဲ့ အလွန်နိမ့်ကျကို သတင်းသမား ၇၉ ရာခိုင်နှုန်းက ရွေးချယ်ခဲ့ပြီး မြင့်မားနဲ့ အလွန်မြင့်မားကို သတင်းသမား နှစ်ရာခိုင်နှုန်းက ရွေးချယ်ခဲ့ပါတယ်။

အစိုးရနဲ့အတူ တပ်မတော်အနေနဲ့ မီဒီယာလွတ်လပ်ခွင့် တိုးမြှင့်ရေးအတွက် လုပ်ငန်းလမ်းညွှန် စီမံကိန်းတစ်ခုကို တည်ထောင်ချမှတ်ဖို့အတွက် ပွင့်လင်းပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းပွဲတစ်ခု ဆောင်ရွက်ဖို့ကို Free Expression Myanmar က တိုက်တွန်းထားပါတယ်။

“ထိုညှိနှိုင်းဆွေးနွေးမှုသည် တရားဥပဒေဆိုင်ရာ ပြောင်းလဲမှုများနှင့် အစိုးရအရာရှိများ၏ ပြူမူဆောင်ရွက်ချက်များအား ပြောင်းလဲစေမှုစသည့် အချက်နှစ်ချက်လုံး ပါဝင်သော ဘက်ပေါင်းစုံမှ ခြုံငုံအကျုံးဝင်စေသည့် ချဉ်းကပ်မှုပုံစံ တစ်ရပ်ဖော်ဆောင်နိုင်ရန် အလေးပေး ရှေးရှု ဆောင်ရွက်သင့်သည်” လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

NLD အစိုးရလက်ထက်မှာ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးတရားစွဲဆို ထောင်ချတာတွေ များပြားလာတာကြောင့် တရားစွဲဆိုခံရမှာစိုးတဲ့အတွက် သတင်းနဲ့ပတ်သက်ရင် တိုက်တွင်းဆင်ဆာ လုပ်ဆောင်လာမှုတွေ ရှိလာတယ်လို့ သတင်းသမားတွေက ဆိုပါတယ်။

“အစိုးရဆင်ဆာတော့ မရှိဘူး။ Public ဆင်ဆာနဲ့ တွေ့လိမ့်မယ်။ နောက် Ownership ဆင်ဆာတွေပေါ့။ သတင်းမီဒီယာတိုက်ပိုင်ရှင်တွေက တချို့အကဲဆတ်တဲ့ သတင်းမျိုးတွေကို ခွင့်မပြုတာမျိုးတွေ၊ နောက်လူထုက မရေးနဲ့ မသားနဲ့ဆိုတဲ့ မကြိုက်တာမျိုးတွေပေါ့။ တစ်ခုခုရေးလို့ရှိရင် ရေးတဲ့သူကိုပါ ပြန်ပြီးတော့ ဝေဖန်တာမျိုးတွေ တချို့ဆို ခြိမ်းခြောက်တာမျိုးတွေပါ ဖြစ်လာတယ်။ လက်ရှိအစိုးရကို ဝေဖန်တာရေးမယ်ဆိုရင် မင်းတို့က ဘယ်လောက်တတ်လို့လဲ။ ဘယ်လောက်သိလို့လဲ။ သူတို့လုပ်ရတာ ကျပ်နေတယ်။ စစ်အစိုးရခေတ်တုန်းကတော့ ဘာအသံမှ မထွက်ပါလား ဆိုတာမျိုး အဲဒီလိုမျိုး စိန်ခေါ်မှုတွေက အခု တကယ်တွေ့နေရတယ်” လို့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာာ ဦးဇေယျာလှိုင်က ဆိုပါတယ်။

မြန်မာမီဒီယာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ NLD အစိုးရလက်ထက်မှာ စိန်ခေါ်မှုသုံးခု ရှိနေသေးတယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သုံးသပ်ထားပါတယ်။

အဲဒီအချက်တွေက အစိုးရတာဝန်ရှိသူများရဲ့ မီဒီယာအပေါ် သဘောထား၊ သတင်းမီဒီယာသမားများရဲ့ အတတ်ပညာနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အဆင့်အတန်း၊ ပုဂ္ဂလိက မီဒီယာများရဲ့ စီးပွားရေးအရ ရှင်သန်နိုင်စွမ်းနဲ့ လူမှုကွန်ရက်များရဲ့ သြဇာသက်ရောက်မှုစတဲ့ အချက်တွေဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

မီဒီယာလွတ်လပ်ခွင့်ကို အကောင်အထည်ဖော်ပေးခြင်းက ဒီမိုကရေစီ အပြည့်အဝရရှိရေးကို အထောက်အကူဖြစ်တဲ့အပြင် ဒီမိုကရေစီ အပြည့်အဝရဖို့ လုပ်မယ်ဆိုပါက မီဒီယာလွတ်လပ်ခွင့်ကို စတင်ရမှာဖြစ်တယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။

“ဒီမိုကရေစီမရသေးလို့ မီဒီယာလွတ်လပ်ခွင့် အပြည့်မပေးနိုင်သေးဘူးဆိုတာ တပ်မတော်အစိုးရ လက်ထက်ကပြောလေ့ရှိတဲ့ အသွင်ကူးပြောင်းရေးလုပ်နေလို့ လွတ်လပ်ခွင့်မပေးနိုင်သေးဘူးဆိုတဲ့ ဆင်ခြေနဲ့ အတော်တူတယ်” လို့ သူက ပြောပါတယ်။

NLD အစိုးရလက်ထက်မှာလည်း မြန်မာနိုင်ငံက သတင်းမီဒီယာတွေအနေနဲ့ ဘက်ပေါင်းစုံက ဖိအားအမျိုးမျိုးကြားမှာ ဆက်လက်လုပ်ကိုင်နေကြရပြီး ပုဂ္ဂလိကမီဒီယာအခန်းကဏ္ဍ မပြိုလဲသွားအောင်လို့ ကျားကုတ်ကျားခဲ ကြိုးစားရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

မီဒီယာနဲ့ပတ်သက်လို့ NLD ပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်သုံးချက်ကို အစိုးရသက်တမ်း နှစ်နှစ်ကျော်ချိန်အထိ အကောင်အထည်ဖော်နိုင်ဖို့ဝေးစွ။ ဦးသိန်းစိန်လက်ထက်ကထက် မီဒီယာသမားတွေကို တရားစွဲဆိုမှုတွေက ပိုမိုများပြားလာပါတယ်။

ဒါ့အပြင် စီးပွားရေးအရ ပုံနှိပ်နဲ့ ရုပ်သံမီဒီယာတွေမှာလည်း နိုင်ငံပိုင်မီဒီယာတွေ၊ တပ်ပိုင်မီဒီယာတွေနဲ့ ရွှေသံလွင်၊ Forever ကုမ္ပဏီတွေကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေကြဆဲ ဖြစ်ပါတယ်။ စီးပွားရေးအရ အမှီအခိုကင်းတဲ့ ပုဂ္ဂလိကမီဒီယာတွေဟာ အဘက်ဘက်က မယိုင်လဲသွားရအောင် လုပ်ဆောင်နေရချိန်မှာ ထပ်မံထိုးနှက်တာကတော့ သတင်းရယူပိုင်ခွင့် တားဆီးခံရခြင်းနဲ့ တရားစွဲဆိုခံနေရခြင်းတွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မတ် ၂၈ ရက်က သမ္မတသစ် ဦးဝင်းမြင့်ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြည်သူတွေရဲ့ နား၊ မျက်စိဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားဖို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ သမ္မတဦးဝင်းမြင့်ရဲ့ စကားကြောင့် NLD အစိုးရရဲ့ လက်ကျန်သက်တမ်းသုံးနှစ်မှာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမယ့် အနေအထားပါ။ ဒါပေမယ့် သမ္မတရဲ့စကားက ယေဘုယျဆန်တာကြောင့် အများကြီး မမျှော်လင့်မထားကြဘူးလို့ သတင်းမီဒီယာသမားတွေက ဆိုပါတယ်။

“သမ္မတရဲ့ မိန့်ခွန်းထဲမှာ မီဒီယာနဲ့ပတ်သက်လို့ သိပ်ပြီးခိုင်ခိုင်မာမာ တိတိပပကြီး ပြောသွားတာ မတွေ့ရဘူး။ ယေဘုယျသဘောမျိုး ပြောသွားတဲ့ဟာလို့ မြင်တယ်။ အရေးကြီးတယ်လို့ပဲ ပြောတော့ ယေဘုယျဆန်လွန်းတယ်။ ဘယ်အပိုင်းက အရေးကြီးတာလဲ၊ အစိုးရက ဘာတွေလုပ်မှာလဲ၊ ဥပဒေပိုင်းလား၊ ဖွံ့ဖြိုးရေးအပိုင်းလား၊ လွတ်လပ်ခွင့်တို့၊ သတင်းရယူခွင့်တို့ အဲလိုအပိုင်းတွေတော့ မပါဘူး။ ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်ကတော့ အဲဒါကို အများကြီး မမျှော်လင့်ဘူး” လို့ ဦးမြင့်ကျော်က ပြောပါတယ်။

မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာ ဦးဇေယျာလှိုင်က “ရွေးကောက်ပွဲကာလတုန်းကလည်း မျှော်လင့်ချက်တွေ ကြီးခဲ့ကြတာပေါ့။ အဲဒီတော့ မျှော်လင့်ချက် အကြီးကြီး ထားရင်တော့ ရင်တွေ အကြီးကြီး ကွဲရလိမ့်မယ်။ ကျွန်တော်တို့ ကြုံခဲ့ဖူးတဲ့ သင်ခန်းစာပေါ့ဗျာ။ ကျွန်တော်ကတော့ သိပ်ပြီး မျှော်လင့်ချက်ကြီးကြီး မထားဘူး။ လုပ်စရာ ရှိတာတော့ ကျွန်တော်တို့ လုပ်ရမယ်။ လွတ်လပ်ခွင့် တစ်နေ့မှာ ရှိလာမယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။ မျှော်လင့်ချက်ကြီးကြီးတော့ သိပ်တော့မထားဘူး” လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း NLD အစိုးရ ဖြစ်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလောက ပိုမိုရှင်သန်အားကောင်းလာမယ်လို့ အများစုက မျှော်လင့်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သေးပါဘူး။ မြန်မာ့ဒီမိုကရေစီ အိုင်ကွန်လို့ သတ်မှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရဖြစ်တဲ့အပြင် သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌလုပ်ခဲ့ဖူးတဲ့ ပြန်ကြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီး တာဝန်ထမ်းဆောင်နေတဲ့ ဒီလိုကာလမျိုးမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အဆင့်သတ်မှတ်မှု ကျဆင်းခဲ့တာက ရုပ်ဆိုးလွန်းလှပါတယ်။

ဘာကြောင့်လဲဆိုတော့ စစ်တစ်ပိုင်းအစိုးရလို့ ခေါ်ကြတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့် အဆင့်သတ်မှတ်မှုက တက်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရတဲ့ NLD အစိုးရလက်ထက်မှာ အဆင့်သတ်မှတ်မှု ကျဆင်းခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာသတင်းပညာသိပ္ပံမှ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်မင်းဆွေက “ဒီမိုကရေစီစနစ်နဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာကတော့ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ တွဲလျက်ရှိနေတယ်။ အခုလိုကျသွားတာက ဒီမိုကရေစီရေချိန်မှာ မေးခွန်းထုတ်စရာ ရှိတာပေါ့” လို့ ဆိုပါတယ်။

Most Read

Most Recent