ရခိုင်ပြည်နယ် မာန်အောင်မြို့ လေယာဉ်ကွင်း တိုးချဲ့ရာတွင် ပါဝင်သည့် နှစ် ၁၅၀ ခန့် နေထိုင်ခဲ့သော အိမ်ခြံမြေအတွက် လျော်ကြေး ကျပ်ခုနစ်သိန်းမယူဘဲ နေအိမ်၌ ဆက်လက်နေထိုင်သဖြင့် တရားစွဲဆို ခံထားရသူနှစ်ဦးအား ထောင်ဒဏ် ခုနစ်လစီ ချမှတ်

ရခိုင်ပြည်နယ် မာန်အောင်မြို့ လေယာဉ်ကွင်း တိုးချဲ့ရာတွင် ပါဝင်သည့် နှစ် ၁၅၀ ခန့် နေထိုင်ခဲ့သော အိမ်ခြံမြေအတွက် လျော်ကြေး ကျပ်ခုနစ်သိန်းမယူဘဲ နေအိမ်၌ ဆက်လက်နေထိုင်သဖြင့် တရားစွဲဆို ခံထားရသူနှစ်ဦးအား ထောင်ဒဏ် ခုနစ်လစီ ချမှတ်
Published 22 March 2018

အိမ်ခြံမြေအတွက် လျော်ကြေးလက်မခံသူ နှစ်ဦးအား မာန်အောင်မြို့နယ်တရားရုံး၌ အမိန့်ချမှတ်အပြီး တွေ့ရစဉ် (ဓာတ်ပုံ-အောင်လင်းထွန်း)

ရခိုင်ပြည်နယ် မာန်အောင်မြို့ စမုံတဲ လေယာဉ်ကွင်း တိုးချဲ့ရာတွင် နှစ် ၁၅၀ ခန့် နေထိုင်ခဲ့သော အိမ်ခြံမြေ ပါသွားသဖြင့် လျော်ကြေးငွေကျပ် ခုနစ်သိန်း ပေးသော်လည်း ကာလပေါက်ဈေးနှင့် မကိုက်ဟုဆိုကာ မယူဘဲနေပြီး နေအိမ်တွင် ဆက်လက် နေထိုင်သဖြင့် ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့နှစ်ဦးအား ၂၀၁၆ ခုနှစ် ဧပြီတွင် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးစောရွှေမောင်က တရားစွဲဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ်ခုနစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်ပြီး ဦးသာနီ၏ သားဖြစ်သူ သိန်းစိုးလင်းက “ကျွန်တော့်အဖေနဲ့ ဦးဖြူသီးခိုင်တို့ နှစ်ဦးကို မာန်အောင်မြို့နယ် တရားရုံးက ဒီနေ့မနက်က ထောင်ဒဏ် ခုနစ်လစီ ချမှတ်လိုက်တယ်။ သူတို့ပြောတာကတော့ လယ်ယာမြေမှာ အိမ်ဆောက်တယ်တဲ့။ ပုဒ်မ ၃၅ နဲ့ စွဲတယ်။ ကျွန်တော်တို့ ဘိုးဘွား လက်ထက်ကတည်းက အဲဒီခြံမှာ နေလာခဲ့တာ နှစ်ပေါင်း ၁၅၀ လောက်ရှိပြီ။ သူတို့ပေးတဲ့ လျော်ကြေးက ခုနစ်သိန်းတဲ့။ အဲဒါ တရားသလားဗျာ။ ဒေသခံ ဆင်းရဲသားတွေ အမြဲတမ်းခံနေကြရတယ်”ဟု ပြောကြားသည်။

အိမ်ခြံမြေအတွက် ပေးသော လျော်ကြေးငွေမှာ တန်ဖိုးနှင့် မမျှတသည့်အတွက် ထိုသို့ ဆက်လက် နေထိုင်ခဲ့ခြင်းဖြစ်ပြီး အကယ်၍သာ အပြည့်အဝပေးခဲ့ပါက ထိုသို့ဖြစ်လာမည် မဟုတ်ကြောင်း၊ အခြားအိမ်ခြံပိုင်ရှင်များက ပြဿနာဖြစ်မည်ကို ကြောက်၍ လျော်ကြေး လက်ခံခဲ့ကြသော်လည်း ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့နှစ်ဦးမှာ လက်မခံသည့်အတွက် ယခုလို တရားစွဲဆို ထောင်ချခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့ နှစ်ဦး၏ မိသားစုများက မတ် ၂၀ ရက်က ဆန္ဒထုတ်ဖော်မှု တစ်ရပ် ပြုလုပ်ခဲ့သည်။

၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃ နှင့် ညီမျှခြင်း မရှိသည့် နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် မာန်အောင်မြို့နယ် တရားရုံးက တရားစစ်ဆေးစီရင်နေမှု အလိုမရှိ၊ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က ဆောက်လုပ်ထားသည့် အဆောက်အအုံကို ၂၀၁၂ ခုနှစ် ပြဋ္ဌာန်းသည့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၅ အရ မာန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဦးဖြူသီးခိုင်နှင့် ဦးသာနီတို့ကို တရားစွဲဆိုထားမှု အမြန်ရုပ်သိမ်းပေးရေး တို့အရေး၊ လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က ဆောက်လုပ်ထားသည့် အဆောက်အအုံကို ၂၀၁၂ ခုနှစ် ပြဋ္ဌာန်းသည့် လယ်ယာမြေဥပဒေပုဒ်မ ၃၅ အရ တရားစွဲဆိုထားမှုကို မာန်အောင်မြို့နယ် တရားရုံးက ပြစ်မှုထင်ရှားစီရင်ချက် မပြုရေး တို့အရေး၊ တရားစွဲဆိုထားမှုကို ပြစ်မှုထင်ရှား စီရင်မှုမပြုဘဲ အမြန်လွှတ်ပေးရေး တို့အရေး အစရှိသော ကြွေးကြော်သံများ ကြွေးကြော်ပြီး စီတန်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ မိဘဘိုးဘွားတွေက နှစ်ပေါင်း ၁၅၀ ကျော် နေထိုင်လာခဲ့တဲ့မြေကို လေယာဉ်ကွင်း တိုးချဲ့တော့ ပါသွားတယ်။ လျော်ကြေးက လယ်ယာမြေဆိုပြီး မပြောစလောက် ပေးတယ်။ ကျွန်တော်တို့ လက်မခံခဲ့ဘူး။ အဲဒီငွေနဲ့ တခြားမှာ အိမ်ရာတောင် ဝယ်လို့မရဘူး။ ခုနစ်သိန်း ပေးတယ်။ ကျွန်တော်တို့ မယူတော့ လယ်ယာမြေဥပဒေပုဒ်မ ၃၅ အရ တရားစွဲတယ်။ အဲဒါကြောင့် ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်။ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်က ခိုင်လုံတဲ့ အထောက်အထား မပါဘဲ နို့တစ်စာ ပေးတယ်။ သက်ဆိုင်ရာ ဌာနတံဆိပ် မပါခဲ့ဘူး။ ကျွန်တော်တို့အိမ်မှာ ကျွန်တော်တို့နေတာပါ။ ကျွန်တော်တို့ကို မတရားလုပ်တာသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မခံနိုင်လို့ ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်”ဟု ဆန္ဒထုတ်ဖော်သူ ဦးဖြူသီးခိုင်က ထိုစဉ်က ဆန္ဒထုတ်ဖော်အပြီးတွင် ပြောကြားသည်။