ပြည်ထောင်စုလွှတ်တော်၏ ဘတ်ဂျက်ခွင့်ပြုချက် မရသေးသော်လည်း လုပ်ငန်းစီမံကိန်းများကို ကြိုတင်ဆောင်ရွက်ထားပြီးပေးရန် ကြွေးကျန်အဖြစ် တင်ပြတောင်းခံလာခြင်းသည် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက် ဆောင်ရွက်ခြင်းဖြစ်ကာ အိတ်ထောင်ထဲတွင် ငွေများသိမ်းထားပြီး ပြည်သူ့အခွန်ဖြင့် အကြွေးဆပ်နေရခြင်းမျိုး မဖြစ်စေရန် လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

ပြည်ထောင်စုလွှတ်တော်၏ ဘတ်ဂျက်ခွင့်ပြုချက် မရသေးသော်လည်း လုပ်ငန်းစီမံကိန်းများကို ကြိုတင်ဆောင်ရွက်ထားပြီးပေးရန် ကြွေးကျန်အဖြစ် တင်ပြတောင်းခံလာခြင်းသည် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက် ဆောင်ရွက်ခြင်းဖြစ်ကာ အိတ်ထောင်ထဲတွင် ငွေများသိမ်းထားပြီး ပြည်သူ့အခွန်ဖြင့် အကြွေးဆပ်နေရခြင်းမျိုး မဖြစ်စေရန် လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း
Published 25 January 2018

ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမစတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

ပြည်ထောင်စုလွှတ်တော်၏ ဘတ်ဂျက် ခွင့်ပြုချက် မရသေးသော်လည်း လုပ်ငန်းစီမံကိန်းများကို ကြိုတင်ဆောင်ရွက်ထားပြီး ပေးရန်ကြွေးကျန်အဖြစ် တင်ပြတောင်းခံလာခြင်းသည် တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက် ဆောင်ရွက်ခြင်းဖြစ်ကာ အိတ်ထောင်ထဲတွင် ငွေများသိမ်းထားပြီး ပြည်သူ့အခွန်ဖြင့် အကြွေးဆပ်နေရခြင်းမျိုး မဖြစ်စေရန် ပုလဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြည်ထောင်စုလွှတ်တော်တွင် တိုက်တွန်းပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် သဘောထားမှတ်ချက် အစီရင်ခံစာ (၁/၂၀၁၈) နှင့် စပ်လျဉ်းပြီး နေပြည်တော်၌ ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နမူနာအနေနဲ့ စိုက်မွေးဆည်ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မြစ်သာရေလှောင်တမံစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေကို တင်ပြဆွေးနွေးလိုပါတယ်။ စတင်ချိန်က စီမံကိန်း ကုန်ကျစရိတ် ခန့်မှန်းတန်ဖိုး ကျပ်ငွေ ၅၅ ဒသမ ၁၈၂ ဘီလျံလို့ တွက်ချက်ဆောင်ရွက်ခဲ့ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ ကျပ်ငွေ ဘီလျံ ၁၂၂ ဒသမ ၈၅၁ အဖြစ် တိုးမြှင့်ပြောင်းလဲ ဘတ်ဂျက်တောင်းခံ ဆောင်ရွက်ခဲ့တယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ စီမံကိန်းခန့်မှန်း တန်ဖိုးဟာ ကျပ် ၁၂၂ ဒသမ ၈၅၁ ဘီလျံကနေ ကျပ် ၂၇၁ ဒသမ ၂၅၅ ဘီလျံ၊ ဘီလျံ ၁၅၀ နီးပါး တိုးမြှင့်ပြောင်းလဲ သတ်မှတ်ပြီး ထပ်မံလိုအပ်ငွေတွေကို ဘဏ္ဍာနှစ်အလိုက် အလီလီတောင်းခံ ဆောင်ရွက်ခဲ့တယ်။
ယခင်အစိုးရ လက်ထက် နောက်ဆုံး ခွင့်ပြုခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အဲဒီလို အကြိမ်ကြိမ် ပြောင်းလဲ သတ်မှတ်ထားတဲ့ စီမံကိန်းခန့်မှန်းတန်ဖိုး ကျပ်ဘီလျံ ၂၇၁ ဒသမ ၂၅၅ ပြည့်မီစေဖို့ လိုအပ်နေတဲ့ ငွေ ၂၃ ဘီလျံ တင်ပြတောင်းခံမှုကို ခွင့်ပြုခဲ့တာ တွေ့ရတယ်။ အစိုးရသစ် ပထမဦးဆုံး ရေးဆွဲပြဋ္ဌာန်းတဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြစ်သာရေလှောင်တမံ စီမံကိန်းနဲ့ ပတ်သက်တဲ့ စီမံကိန်း ကုန်ကျစရိတ် ခန့်မှန်းတန်ဖိုးဟာ ယခင်နှစ် ခန့်မှန်တန်ဖိုး ကျပ် ၂၇၁ ဒသမ ၂၅၅ ဘီလျံကနေ ကျပ်ငွေ ၃၀၅ ဘီလျံအဖြစ် ၃၄ ဘီလျံ ထပ်မံတိုးမြှင့် ပြောင်းလဲ တောင်းခံလာပြန်တယ်။ ပိုဆိုးတာက ပြည်ထောင်စု လွှတ်တော်ရဲ့ ဘတ်ဂျက်ခွင့်ပြုချက် မရသေးပေမဲ့ လုပ်ငန်းစီမံကိန်းများကို ကြိုတင် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းနဲ့ ပေးရန် အကြွေးကျန်အဖြစ် တင်ပြတောင်းခံလာတာမို့ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထို့ပြင် လက်ရှိအချိန်သည် နိုင်ငံသူနိုင်ငံသားများအတွက် ခြိုးခြံချွေတာပြီး အကောင်းဆုံး အခြေအနေသစ်ကို ကြိုးစားပြောင်းလဲနေရချိန်တွင် နိုင်ငံ၏ စီမံကိန်းများကို ရိုးသားရှင်းလင်းစွာ ဆောင်ရွက်ကြရန်၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် မကင်းကွာရန်၊ လုပ်ဆောင်သမျှသည် အထောက်အထားခိုင်လုံသည့် လုပ်ငန်းစဉ်ကို စွဲကိုင်ထားကြစေရန်၊ အိတ်ထောင်ထဲတွင် ငွေများ ထည့်သိမ်းထားပြီး ပြည်သူ့အခွန်ဖြင့် အကြွေးဆပ်နေရခြင်းမျိုး မဖြစ်စေရန်နှင့် မမေ့မလျော့သည့် သတိဖြင့် ဆောင်ရွက်နိုင်ကြရန် ကိုယ်စားလှယ်က တိုက်တွန်းပြောကြားသည်။

အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ပြည်တွင်းကြွေးမြီလက်ကျန်သည် ကျပ်ဘီလျံပေါင်း ၁၈၀၂၀ ရှိပြီး ကြွေးမြီများနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ အတိုးစရိတ် ကျခံရမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် များပြားလာသည်ကိုတွေ့ရပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီအတွက် အတိုးစရိတ် ကျပ်ဘီလျံ ၆၆၃ ဒသမ ၇၅၅ ကျခံ သုံးစွဲခဲ့ရပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၈၅၂ ဒသမ ၄၃၉ အထိ ယခင်နှစ်ထက် ကျပ်ဘီလျံ ၂၀၀ နီးပါး ပိုမိုကျခံ သုံးစွဲရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ဘတ်ဂျက်လိုငွေဖြင့် တိုင်းပြည်တည်ထောင်နေချိန်တွင် ပြည်တွင်းကြွေးမြီပမာဏသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် GDP ၏ ၂၂ ဒသမ ၂၃ ရာခိုင်နှုန်း ရှိနေခြင်းကြောင့် ရေရှည်တွင် အစိုးရတစ်ရပ်အနေဖြင့် ကြွေးမြီ အတိုးအရင်းပေါင်း များသထက် များလာပြီး ဘတ်ဂျက်လိုငွေများ ပိုမိုမြင့်တက်လာနိုင်သည့် အခြေအနေသို့ ဦးတည်နေခြင်းကို ကုစားရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း ဒဂုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ပြောကြား သည်။ စိုးမင်းထိုက်၊ စည်သူ