ကူးတို့လှေ နစ်မြုပ်မှုကြောင့် ကျောင်းသူတစ်ဦးနှင့် ကူးတို့လှေလှော်ခတ်သူ သေဆုံးကာ ကျောင်းသူတစ်ဦး ပျောက်ဆုံးနေမှုတစ်ရပ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွား

ကူးတို့လှေ နစ်မြုပ်မှုကြောင့် ကျောင်းသူတစ်ဦးနှင့် ကူးတို့လှေလှော်ခတ်သူ သေဆုံးကာ ကျောင်းသူတစ်ဦး ပျောက်ဆုံးနေမှုတစ်ရပ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွား
Published 10 January 2018

ကူးတို့လှေ နြစ်မုပ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူးရုံး)

ကူးတို့လှေ နစ်မြုပ်မှုကြောင့် ကျောင်းသူတစ်ဦးနှင့် ကူးတို့လှေလှော်ခတ်သူ သေဆုံးပြီး ကျောင်းသူတစ်ဦး ပျောက်ဆုံးနေမှုတစ်ရပ် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဇန်နဝါရီ ၉ ရက် ညနေပိုင်းက ဖြစ်ပွားဖြစ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ငှက်ကြီးကျွန်း မူလွန်ကျောင်းသို့ သွားရောက် ကျောင်းတက်နေသော ကျောင်းသူသုံးဦးနှင့် ကျောင်းသား သုံးဦးတို့သည် ညနေ ၄ နာရီ ကျောင်းဆင်းပြီးနောက် အင်ဇုံပြင်ကျေးရွာသို့အပြန်တွင် ကမ်းအနီးသို့ ရောက်ခိုက် ကျောင်းသူတစ်ဦးက ထပြီးရပ်လိုက်စဉ်တွင် လှေဝမ်းဗိုက်ပျဉ်ချပ်အား နင်းမိပြီး ပျဉ်ချပ်ပေါက်သွားသဖြင့် လှေ (တက်ကိုလက်ဖြင့်လှော်) မှာ နစ်မြုပ်သွားခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ငှက်ကြီးကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှက “ချောင်းက သိပ်ပြီးမကျယ်ဘူး။ ပေ ၃၀၀ ကျော် လောက်သာ ကျယ်တဲ့ချောင်းပေါ့။ ရွာချင်းလည်း သိပ်မဝေးတဲ့တွက် လက်လှော်လှေနဲ့ ကျောင်းသွားကျောင်းပြန် လုပ်ကြတယ်။ ကျောင်းသားသုံးယောက်နဲ့ ကျောင်းသူသုံးယောက်တို့ ကျောင်းဆင်းချိန် ညနေ ၄ နာရီ ကျော်မှာ လှေနဲ့အပြန် ကမ်းအနီးကိုရောက်တော့ မိန်းကလေးတစ်ယောက်က ထပြီးရပ်လိုက်တော့ လှေပျဉ်ပြား ပေါက်သွားရာကနေ ရေဝင်ပြီး လှေနစ်မြုပ်သွားခဲ့တယ်။ အဲဒီမှာ ကျောင်းသူ နှစ်ယောက်ကလည်း ကူးတို့သည်ကို ဝိုင်းပြီးဆွဲလိုက်တဲ့အတွက် ကူးတို့သည်နဲ့ ကျောင်းသူနှစ်ယောက် ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်၊ လောလောဆယ်တော့ ကျောင်း သူတစ်ယောက်နဲ့ ကူးတို့သည်ရဲ့ အလောင်းကို တွေ့ထားပြီး နောက်ထပ်ကျောင်းသူ တစ်ဦးကတော့ ပျောက်ဆုံးနေပါတယ်၊ ကျောင်းသူ တစ်ယောက်နဲ့ ကျောင်းသား သုံးယောက်ကတော့ကမ်းကို ရောက်သွားခဲ့ပါတယ်” ဟု ပြောကြားသည်။

သေဆုံးသူများသည် ကျော်ဇံကျေးရွာအုပ်စု အောင်ဇုံပြင်ကျေးရွာမှဖြစ်ပြီး အလောင်းတွေ့ရှိသူမှာ အဌမတန်းကျောင်းသူ မကျော့ဆန်းခင် အသက်(၁၂)နှစ်ဖြစ်ပြီး ပဉ္စမတန်းကျောင်းသူ မချိုဝင်းဦး၊ အသက် (၁၁) နှစ်အရွယ်မှာ ပျောက်ဆုံးနေပြီး ကူးတို့သည်ဖြစ်သော ဦးဦးစောဖြူအသက် (၆၈) နှစ်၏ အလောင်းကိုလည်း ရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသခံများက ဝိုင်းဝန်းရှာဖွေတွေ့ရှိထားပြီး ဖြစ်ကြောင်း၊ အဆိုပါကျေးရွာသည် ပုဏ္ဏားကျွန်းမြို့နယ် တောင်ပိုင်းရှိကျေးရွာ ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်သည် ရေကြောင်းခရီးသွားလာစဉ် ရေနစ်သေဆုံးမှု အများဆုံး ဖြစ်ပေါ်သော မြို့နယ်တစ်ခုဖြစ်ကာ ယခင်နှစ်များကလည်း ကျောင်းသူကျောင်းသားများ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ ယင်းအတွက် ကူးတို့လှေများအနေဖြင့် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ရန် လမ်းညွှန်ထားသော်လည်း ဝတ်ဆင်မှု မရှိသည့်အတွက် ထိုသို့ ထပ်မံသေဆုံးရခြင်း ဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။