“ယနေ့ သူတို့ကလေးတွေ၊ နောင်ဆိုရင် ကျွန်တော်တို့ကလေးတွေ မဖြစ်လာဘူးလို့ မပြောနိုင်ဘူး”
ကျွန်တော်တို့အားလုံးဟာ အကျိုးအကြောင်း ဆက်စပ်တွေးတတ်ကြပါတယ်။
တစ်နည်းအားဖြင့် ဘယ်အကြောင်းကြောင့် ဘာအကျိုးဖြစ်သလဲဆိုတာကိုတော့ တွေးတောနိုင်ကြပါတယ်။ ပြီးတော့ ဘယ်အကျိုးမှ အကြောင်းမရှိဘဲ ဖြစ်လာတာမရှိဘူး။ အကြောင်းရှိပေမယ့် အကြောင်းကို မဆင်ခြင်မိတာပဲ ရှိတတ်တယ်။ ဒါကြောင့် ခု ခင်ဗျားတို့ ကျွန်တော်တို့နဲ့ဆိုင်တဲ့ ကိစ္စတစ်ခုကို တင်ပြလိုတယ်။ သဘောမတူရင် ငြင်းပယ်ခွင့် ရှိပါတယ်။
ဒါပေမဲ့ အလေးအနက်ထား စဉ်းစားကြဖို့တော့ လိုတယ်။
ကျွန်တော် လမ်းဘေးမှာ တောင်းစားနေတဲ့ ကလေးကို တွေ့တယ်။
သနားတယ်။ ကိုယ့်မှာလည်း ဒီလို ငါးဆယ်၊ တစ်ရာလောက် ပေးလိုက်ရတာ နှမြောစရာ မလိုဘူးလို့ ယူဆတယ်။
ဒီကလေးအတွက် နည်းများမဆို ပေးတတ်ကြတာ ဓမ္မတာပါပဲ။ အထူးသဖြင့် မြန်မာတွေက လှူချင်တန်းချင်ကြတယ်။ တစ်မူးရလို့ တစ်ပဲလှူကြပါတယ်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ဆိုရင် အင်မတန် ရက်ရောပါတယ်။ ဘယ်သူမဆို လာပြီးအလှူခံရင် ထည့်လိုက်ရမှ ကျေနပ်တယ်။ ဒီလိုလှူတဲ့အတွက်လည်း တူသောအကျိုးပေးတယ်လို့ ခံစားရတယ်လို့ သူ ပြောလေ့ရှိတယ်။
“ဘယ်သူက အောက်ကျနောက်ကျခံပြီး တောင်းချင်ပါ့မလဲ။ သူ့မှာ စားစရာ မရှိ၊ သောက်စရာ မရှိ၊ နေစရာ မရှိလို့ ဒီလို လမ်းဘေး တောင်းနေရတာပဲ” လို့ သူ ပြောပါတယ်။ ကံမကောင်းတဲ့သူတွေကို ကံကောင်းတဲ့သူတွေက ဖေးမရပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့သူတွေရဲ့ အလေ့အကျင့် ဖြစ်သင့်ပါတယ်။ သူ ပြောတာလည်း မှန်ကောင်း မှန်နိုင်ပါတယ်။
ဒါပေမဲ့ ကိုဘသစ်ကတော့ သေသေချာချာ စဉ်းစားပြီး ပြောပါတယ်။
“ဒီကလေးတွေ တောင်းရမ်းနေတာနဲ့ ကလေးငယ်လေးတွေကို ချီပြီး တောင်းရမ်းတဲ့ ကိစ္စမှာ ဂိုဏ်းရှိမယ် ထင်တယ်”တဲ့။
“ဘယ်လိုဂိုဏ်းမျိုးလဲ”
“ကလေးခိုးတဲ့ဂိုဏ်း”
“ဘယ်လို ဆက်စပ်လို့လဲ”
“ခင်ဗျားကို ကျွန်တော် မေးမယ်။ သန် သန်မာမာ လူကြီးတစ်ယောက်တောင်းတာနဲ့ ကလေးတစ်ယောက် တောင်းတာဆိုရင် ဘယ် သူ့ကို ထည့်မလဲ”
“ကလေးကို ထည့်မှာပေါ့”
“ဟုတ်ပါတယ်။ ကလေးဟာ သနားစရာ လေး။ သူဟာ မိဘကို လုပ်ကျွေးနေရတာ လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် မိဘမဲ့ ကလေး။ ချို့တဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်”
“အင်း၊ ဒီလိုစဉ်းစားကြတာပဲ”
“ဒါကို သိတဲ့ မသမာတဲ့လူတွေဟာ ဂိုဏ်း တွေဖွဲ့ပြီး ကလေးတွေကို ခိုးတော့တာပေါ့”
“မိဘတွေ သိသွားပြီး တိုင်တာ တောတာ တွေရှိရင် အဲဒီလူတွေ ဒုက္ခရောက်ကုန်မှာ ပေါ့”
“ဟုတ်ပါတယ်။ ဒါပေမဲ့ ကလေးတစ် ယောက်ကို ဒီအရပ်က ခိုးလာရင် ဒီအရပ်မှာ မတောင်းခိုင်းတော့ဘူး။ ဝေးဝေးလံလံ ပို့ လိုက်တယ်။ အဲဒီရောက်ရင် ကလေးကို ကတုံး တုံးတယ်။ စုတ်စုတ်ပြတ်ပြတ် ဝတ်ခိုင်းလိုက် တယ်။ ညစ်ပတ် ပေရေအောင် ထားတော့တာ ပဲ။ ဒီလို ကလေးတွေဟာ ရုပ်ပြောင်းသွား တယ်။ ရေမချိုးဘဲ ချေးအထပ်ထပ်နဲ့ ကလေး ကို တွေ့ကြရင်တောင် ဘယ်သူက အိမ်နီးနား ချင်းကလေးလို့ ထင်မှာလဲ။ မိဘတွေကိုယ်တိုင် နဲ့ တွေ့ဖို့ ခဲယဉ်းတယ်”
“ရဲစခန်းတွေကရော”
“သူတို့ဆီမှာ ရှိတဲ့ ဓာတ်ပုံနဲ့ တိုက်ပြီး ဝတ်ကျေတန်းကျေ ရှာတာမျိုးတော့ လုပ်ချင် လုပ်မယ်။ ဒီလို ကလေးပျောက်တာတွေ အ များကြီးပဲ။ ကလေးခိုးတဲ့ ဂိုဏ်းတွေဟာ ကလေး တွေကို ကြောက်အောင် ခြောက်ပြီး စည်းရုံး ထားတယ်။ တစ်ခုခု လုပ်ရင် ရိုက်တယ်။ ထမင်း မကျွေးတာမျိုး လုပ်တယ်။ ကလေးဆိုတာ အင်မတန် ကြောက်တတ်တယ်။ ဒီတော့ ရဲ က လာစစ်ရင် သူ့ဦးကြီးပါလို့ ပြောမှာပဲ”
“ဒါဆိုရင် ကလေးခိုးဂိုဏ်းဆိုတာ တကယ် ရှိတာပေါ့ ဟုတ်လား”
“ရှိပါတယ်။ မိဘတွေက ကလေးပျောက် လို့ သတင်းစာထဲ ထည့်တာမျိုးတွေတော့ ရှိ ပေမယ့် ဘယ်သတင်းဌာနကမှ ဒီရပ် ဒီရွာက ကလေးဘယ်နှယောက် ပျောက်နေတယ်။ ဘယ်သူဘယ်ဝါဆိုတာ မရေးကြဘူး။ ရဲစခန်း ကလည်း ထုတ်ဖော်မပြောဘူး။ ကာယကံ ရှင်တွေကလည်း သတင်းစာတွေ သတင်း ထောက်တွေကို မတိုင်ဘူး။”
“သတင်းထောက်တွေ သတင်းဌာနတွေ ကို တိုင်လို့ မရဘူးလေ။ သူတို့က သတင်းပေး တာကိုပဲ ရေးရတယ်။ ဒါပေမဲ့ ကလေးပျောက် သွားတယ်လို့ ရေးရတာခက်တယ်။ ဘာကြောင့် လဲဆိုတော့ အဲဒီကလေးဟာ အိမ်က ထွက် ပြေးသွားတာမျိုးလည်း ဖြစ်တတ်တာကိုး”
“ဒါလည်း ဟုတ်ပါတယ်။ တရုတ်ပြည် မှာတော့ ကလေးခိုးဂိုဏ်းအကြီးကြီးတွေ ရှိ တယ်လို့ ဆိုတယ်”
“သူတို့ဆီက လူဦးရေလည်း များတယ်။ ပြီးတော့ တိုင်းပြည်က အကြီးကြီး မဟုတ် လား။ ပျောက်သွားရင် ရှာရခက်တယ်”
“သူတို့ဆီကျတော့ တောင်းစားခိုင်းလို့ မရဘူး။ တရုတ်ပြည်မှာ သူတောင်းစားတွေ့ ရင် ဖမ်းဆီးတယ်”
“ဒါဆို ကလေးခိုးပြီး ဘာလုပ်လဲ”
“ရောင်းစားတာပေါ့။ စက်ရုံ၊ အလုပ်ရုံ တွေမှာ ကလေးအလုပ်သမားတွေအနေနဲ့ ခိုင်းတယ်။ သက်ဆိုင်ရာက မသိအောင် အိမ် ထဲမှာ ခိုင်းလို့ ရတယ်လေ”
ကျွန်တော်တို့ဆီတော့ တောင်းခိုင်း တယ်။ ဒီလို တောင်းခိုင်းတဲ့အခါ မသန်မစွမ်း ဖြစ်လေ ပိုက်ဆံ ပိုရလေပဲတဲ့”
“ဟုတ်တာပေါ့။ ခြေကျိုးနေတဲ့ ကလေး ဆို လူတွေ ပိုပြီးသနားတယ်။ ပိုက်ဆံ ပိုထည့် တာပေါ့”
“ဒါကြောင့် ကလေးခိုးဂိုဏ်းတွေဟာ ကလေးကို စကားမပြောနိုင်အောင် လျှာကို ဖြတ်တယ်။ ခြေထောက် ရိုက်ချိုးပြီး ချိုင်း ထောက်နဲ့ တောင်းခိုင်းတယ်”
“ဟုတ်ပါ့မလား”
“ဟုတ်တယ်။ ကျွန်တော့်သူငယ်ချင်း ပြောပြတယ်။ သူတို့ဟာ ဧရာဝတီတိုင်းမှာ နေတယ်။ တစ်နေ့မှာ ကလေးတစ်ယောက် ပျောက်သွားတယ်။ သူတို့က ကလေး ရေထဲကျ သေသွားတာလား ဒါမှမဟုတ် အိမ်ကထွက် ပြေးသွားသလားလို့ မစဉ်းစားတတ်အောင် ဖြစ်ခဲ့တယ်။ ပျောက်သောသူ ကြာရင်မေ့ဆို ပြီး သူတို့ မေ့လျော့သွားကြတာပေါ့။ သုံးနှစ် လောက် ကြာသွားတယ်။ တစ်နေ့မှာ အဲဒီ ကလေးကို ဈေးနားမှာ တောင်းနေတာကို တွေ့တယ်။ လူတွေက သူ့မိဘကို ပြောပြတော့ မိဘ လိုက်သွားတယ်။ ဟိုကျတော့ ကလေး ဟာ စကားမပြောနိုင်ဘူး။ သူ့ကို လျှာဖြတ် ထားတယ်”
“ဆိုးလှချေလား”
“ဟုတ်တယ်။ ဒီတော့ အကျိုးအကြောင်း မေးတော့ ကလေးက သူ့မိဘကို ဖက်ငိုတယ်။ သူ့ကို အဆင့်ဆင့် ရောင်းစားလိုက်ကြတာ။ ဒီရွာဟာ သူတို့ရွာမဟုတ်ဘူးလို့ ထင်ပြီး သူ့ကို တောင်းဖို့ လွှတ်လိုက်တာတဲ့။ သူ စာရေးပြီး ပြောတယ်”
“ဂိုဏ်းခေါင်းဆောင်တွေကို မိလား”
“မမိဘူး။ သူတို့က သာမန် ဈေးရောင်း ချင် ဈေးဝယ်ချင်ယောင်ဆောင်ပြီး ခပ်လှမ်း လှမ်းက စောင့်ကြည့်နေတာပဲ။ လူတွေ စုပြီး တစ်ခုခုဖြစ်တယ်ဆိုရင် သူတို့ ကိုယ်ရောင် ဖျောက်သွားကြတော့တာပဲ”
“အေးဗျာ၊ ဒီလိုလုပ်တာ အတော်ဆိုး တာပဲ။ ရဲတပ်ဖွဲ့က ဒါကို မနိုင်ဘူးလား”
“နိုင် မနိုင်တော့ ပြောမနေနဲ့။ မသမာ သူတွေကို တစ်နေ့တော့ မိတာပေါ့။ ဒါပေမဲ့ ကလေးပေါင်းများစွာ ဆုံးရှုံးခံနေရတယ်”
“နှစ်ပေါင်းများစွာ ကြာမယ်ဆိုတဲ့သဘော ပဲပေါ့”
“ဆိုးပါတယ်။ ဒါဟာ ကျွန်တော်တို့၊ ခင် ဗျားတို့ အားပေးလို့ ဖြစ်နေတဲ့ သဘောပါပဲ လား”
“ဒီမှာဆရာညို။ ဒီကိစ္စကို ရဲလည်း ဖြေ ရှင်းလို့ မရ။ သူ့မိဘတွေလည်း ဖြေရှင်းရခက် တယ်။ ပတ်ဝန်းကျင်ကလည်း တော်ရုံတန်ရုံ သတိမထားမိဘူး။ ဒီတော့ ကျွန်တော် စဉ်းစား မိတာလေး တစ်ခုရှိတယ်”
“ပြောပါ”
“ခင်ဗျား ကြိုက်မှာ မဟုတ်ဘူး”
“ပြောပါ”
“ဒီလို ကလေးတွေ ခိုးပြီး တောင်းစားခိုင်း တာ ပိုက်ဆံရလွယ်လို့ပဲ မဟုတ်လား”
“ဟုတ်ပါတယ်။ ကလေးတွေနဲ့ ပိုက်ဆံ ရှာတာပဲပေါ့”
“ဒါဆိုရင် ကျွန်တော်တို့အားလုံး လုပ် ရမှာက သူတောင်းစားတွေကို ပိုက်ဆံ မထည့် ဖို့ပဲ”
“ဟာဗျာ”
“ကျွန်တော် ပြောသားပဲ။ ခင်ဗျား ကြိုက် မှာ မဟုတ်ဘူးဆိုတာ။ ကျွန်တော်ဆိုလည်း ဗုဒ္ဓဘာသာရဲ့အလိုအရ အလှူဒါနကို ပိတ်ပင် တာ ငရဲကျတော့မယ့်ကိန်း ဆိုက်နေတယ်”
“အင်းဒီကိစ္စ အတော်လေးခက်တယ်”
“ဘာဖြစ်လို့လဲ”
“ကျွန်တော်တို့အားလုံး သူတောင်းစား ကို ပိုက်ဆံမထည့်ဖို့ဆိုတာ အင်မတန်ခက် တဲ့ အလုပ်ပဲ။ လူညီဖို့ မလွယ်ဘူး”
“အဲဒါကို ပြောတာပေါ့။ ကျွန်တော်တို့ ညီညွတ်ဖို့ လိုတယ်။ ခင်ဗျား စဉ်းစားကြည့်။ ခင်ဗျားမှာ သားသမီးတွေ ရှိတယ်မဟုတ် လား”
“ကြီးကုန်ပြီ။ သူတို့ကို ဘယ်သူမှ ဖမ်းပြီး တောင်းခိုင်းမှာ မဟုတ်ဘူး”
“သူတို့ ကြီးကုန်ပေမယ့် မြေးတွေရောက် လာဦးမယ်။ သူတို့ကော ဒီလိုဖမ်းဆီးခံရမယ့် အခွင့်အလမ်း မရှိဘူးလား”
“ဟုတ်ပါရဲ့၊ သူတို့အရေးက စိတ်မအေး ရဘူး”
“နောက်တစ်ခု လုပ်နိုင်တာက ရဲတွေက လိုက်လံဖမ်းဆီးဖို့ပဲ။ တောင်းစားသူတွေကို ပြည်သူက သတင်းပို့ပြီး ဖမ်းခိုင်းလိုက်ရင် အဆင်ပြေကောင်းပါရဲ့”
“ဒါလည်း သူတို့ တကယ်အလုပ်လုပ်မှ ပဲ”
“သူတို့မလုပ်ရင် သူတို့မျိုးဆက်သစ် တွေ စိတ်မအေးရဘူးပေါ့”
နိဂုံး
“အကောင်းဆုံးကတော့စစ်ဆင်ရေး (Campaign) တစ်ခု လုပ်သင့်တယ်။ပထမဆုံး တော့ ပြည်သူအကြား ဆွေးနွေးသင့်တယ်။သူတို့ သတိပြုမိအောင် (Awareness) ဖြစ် အောင်လို့ပေါ့လေ။ ဟောပြောတာတွေ၊ ဝပ် ရှော့တွေ လုပ်ရမယ်။ တတိယကတော့ တတ် နိုင်သမျှ သူတောင်းစားတွေကို ပိုက်ဆံမထည့် ဖို့ပဲ။ အဲဒီကလေးတွေကို တွေ့ရင် စောင့်ကြည့် ပြီး ဂိုဏ်းကို ဖော်ထုတ်ရမယ်”
“ဒီလိုလုပ်ရင် အသတ်ခံရနိုင်တယ်”
“ဘယ်တတ်နိုင်ပါ့မလဲ။ တစ်ခါတစ်ခါ တိုင်းပြည်အတွက် စတေးသင့် စတေးရတာ ပေါ့”
“အရေးကြီးတာက အုပ်ချုပ်ရေးအဖွဲ့ နဲ့ ပြည်သူ ပူးပေါင်းဖို့ပဲ”
“ဘယ်လိုမျိုးလဲ”
“တောင်းစားသူတွေ တွေ့ရင် သတင်း ပေးရမယ်။ ရဲကလည်း ထိရောက်စွာ အရေး ယူရမယ်။ ပြီးတော့ ဘယ်ကလေးမဆို လမ်း ပေါ်မှာ အခြေအနေမဲ့ တောင်းစားနေတာ တွေ့ရင် ထိန်းသိမ်းရေးစခန်းက ကြည့်ရှုစောင့် ရှောက်ပေးရမယ်။ ဒီတော့မှ ကလေးတစ် ယောက် တောင်းနေတာကို တွေ့ရင် ဒါ မသမာ မှုဖြစ်နေတယ်ဆိုပြီး ယုံကြည်ရမယ်”
“ကောင်းတယ်ဗျာ၊ ကျွန်တော်တို့ မျိုး ဆက်သစ်တွေ အနာဂတ်အရေး စိတ်အေးစေ ဖို့ အားလုံး တာဝန်ရှိတယ်။ ဘယ်တော့ လုပ် ကြမလဲ”
“ခုပဲ စလိုက်စို့ရဲ့”။