မျှော်လင့်ခြင်းများစွာဖြင့်

မျှော်လင့်ခြင်းများစွာဖြင့်
Published 21 August 2018

Photo: travelledpaths

ဒီနှစ် သြင်္ကန်အပြီး မိုးမကျခင် အချိန်လေးမှာ အမေ့ ဇာတိရွာလေးကို အမေနဲ့အတူ မိသားစုအားလုံး သွားဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ တောရွာဘက် မရောက်ဖူးတဲ့ အိမ်က ကလေးတွေကိုလည်း ရောက်ဖူးအောင် ခေါ်လာခဲ့ကြပါတယ်။ အဘွား ဆုံးပြီးကတည်းက မရောက်တာ ၁၆ နှစ်ကျော်ပြီမို့ ဆွေမျိုးတွေ တွေ့ရအောင် သွားခဲ့ကြတာပါပဲ။ ၈ တန်းရောက်နေတဲ့ တူအကြီးလေးက ရွာမှာ ရေ၊ မီး ရှိရဲ့လား မေးတော့ အိမ်နောက်ဘက်မှာ ချောင်းရှိတဲ့အကြောင်း၊ ခြံထဲမှာလည်း လက်နှိပ်ရေတုံကင် ရှိကြောင်း ပြောပြရပါတယ်။ မီးအတွက်တော့ ဆိုလာပြားနဲ့ ဘက်ထရီကို ချိတ်ပြီး မီးထွန်းကြပါတယ်။ ဖုန်းဂိမ်းကစားလို့ အားကုန်ရင် အားသွင်းဖို့ မီးမရှိမှာ စိတ်ပူနေတာပါပဲ။ အိမ်သာအကြောင်းလည်း မေးတော့ မပူပါနဲ့၊ ရေလောင်းအိမ်သာ ရှိပါတယ်။ တို့ငယ်တုန်းကတော့ အိမ်သာတံခါး မရှိဘဲ ဂုန်နီအိတ်နဲ့ကာပြီး သံချိတ်နဲ့ဲ ချိတ်လိုက်ကြတယ်ဆိုတော့ အံ့သြနေလေရဲ့။

အဘွားတို့ ရွာလေးဟာ ပဲခူးရိုးမရဲ့ တောင်ခြေမှာရှိပြီး ဒိုက်ဦးမြို့နဲ့ ၁၅ မိုင် ဝေးပါတယ်။ အရင်ကတော့ လမ်းပန်းဆက်သွယ်ရေး အင်မတန် ခက်ခဲပါတယ်။ နွေဘက်ဆိုရင် ဒိုက်ဦးအထိ ကားစီးပြီးတော့ တာဆုံကနေ စပါးသယ်တဲ့ ကားနဲ့ လမ်းတစ်ဝက်အထိ လိုက်လို့ရပါတယ်။ ကျန်တစ်ဝက်က လှည်းကြုံဖြစ်ဖြစ်၊ ခြေကျင်ဖြစ်ဖြစ် အဆင်ပြေသလို သွားကြရပါတယ်။ အခုတော့ ရွာအထိ စက်ဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ လမ်းပေါက်နေပြီလို့ ဆိုပါတယ်။ မိုးတွင်းဘက်မှာတော့ ရွာနှစ်ရွာကြားက ချောင်းရေပြည့်ချိန်မို့ စက်လှေတွေ မြို့အထိ ဆွဲကြပါတယ်။ အဲဒီအချိန်ဆိုရင် ဒိုက်ဦးအထွက်က ဗိုင်းဒါးတံတားကြီးမှာ ရွာပြန်စက်လှေတွေ စောင့်ပြီး စီးခဲ့ကြရပါတယ်။ အဘိုးအဘွားတွေက လယ် ၁၃ ဧကရှိတော့ ရွာမှာ မိုးဆို စပါးစိုက်ကြပြီး ဆောင်းမှာ မြေပဲ စိုက်ကြပါတယ်။ အမေက ကျွန်မတို့ ငယ်စဉ် နွေရာသီကျောင်းပိတ်ရက်မှာ ရွာကို ပို့ထားတော့ အဘွားတို့ လယ်ယာအလုပ်တွေ အမြဲကူလုပ်ခဲ့ကြရပါတယ်။

ရွာမှာ ဈေးမရှိတော့ ဟင်းစားလည်း ရှားပါတယ်။ မြို့က ဝယ်ထားတဲ့ ငါးခြောက် ငါးခြမ်းလေး ချက်ပြီး အသီးအရွက် တစ်ခွက်နဲ့ ငါးပိရည်နဲ့ပဲ စားကြတာ များပါတယ်။ မြေပဲ စိုက်တော့ မြေပဲဆန်ကြော် မပြတ်ပါဘူး။ ဧည့်သည်လာရင် ကြက်တင်းထဲက နှိုက်ပြီး ကြက်ဥကြော်မယ်။ ခြံနောက်ဘက်က ဗူးသီးခူး ချက်မယ်။ ပဲပြုတ်ပြီး ကြော်မယ်ဆိုရင် ဟင်းအတွက် အဆင်ပြေပါပြီ။ အသား၊ ငါးဆိုတာ တစ်လ တစ်ကြိမ်လောက်မှ စားရတဲ့ ရွာမို့ ကလေးတွေအတွက် စားဖို့ အကြော်အလှော် ဟင်းတွေ ထည့်လာခဲ့ရပါတယ်။ အလှူအတန်း ရှိရင်တော့ ကောင်းကောင်းကျွေးလို့ တစ်ရွာလုံး မီးခိုးတိတ်ပါပဲ။ အခုတော့ ဆိုင်ကယ်နဲ့ ဟင်းသီးဟင်းရွက်တွေ လာရောင်းတဲ့ သူတွေ ရှိနေပါပြီတဲ့။

အဝေးပြေးကား စီးပြီး ဒိုက်ဦးတာဆုံမှာ ဆင်းတော့ ဖုန်းဆက်ထားတဲ့ အမျိုးတွေ ဆိုင်ကယ်နဲ့ လာစောင့်နေကြပါတယ်။ အရင်တုန်းက ဆက်သွယ်ရေး ခက်ခဲလို့ မြို့တက်ပြီး စာတိုက်မှာ တန်းစီစောင့်ရင်း ဖုန်းနဲ့ အော်ပြောရတာတွေ သတိရမိရဲ့။ ရွာအထိ ဆိုင်ကယ်စီးဖို့ အမေ့အတွက် အဆင်မပြေတာနဲ့ ရွာကားဂိတ်ဘက်မှာ ကားမေးကြည့်တော့ အဆင်သင့် တွေ့ပါတယ်။ လိုက်ထရပ်ကားတွေပါပဲ။ ကားက ပစ္စည်းတင်ပြီးတော့ ထွက်လာတာနဲ့ အမေနဲ့ ကျွန်မက ရှေ့ခန်းကနေ စီးခဲ့ကြပါတယ်။ ရွာအထိ လူတစ်ယောက် ၅၀၀ ဆိုတော့ ဈေးချိုလိုက်တာလို့ အောက်မေ့မိပါတယ်။ အမှန်တော့ ဆွဲနေတဲ့ ရွာကားအားလုံးက ဝစ်သောက်တွေမို့ ဒီလိုဆွဲနိုင်တာလို့ ကားသမားက ရှင်းပြပါတယ်။ မဖမ်းဘူးလား ဆိုတော့ ခေါင်းခါပြပါတယ်။ ဖြောင့်ဖြူးနေတဲ့ မြေနီဂဝံလမ်းကနေ နာရီဝက်ကြာလောက် မောင်းပြီးတဲ့အခါ ရွာလမ်းခွဲကို ရောက်ပါတယ်။

အရင်ကဆိုရင် နွားလှည်းနဲ့ ချောင်းကို ဖြတ်ကူးရပါတယ်။ နွားလည်း ရေသောက်ရင်း ခဏနားကြရင်းပေါ့လေ။ ခုတော့ သစ်သားတံတား ခင်းထားပါတယ်။ လမ်းခွဲကနေစပြီး မြေလမ်း တစ်လျှောက် ချိုင့်နဲ့ ကျင်းနဲ့ ဖုန်အလူးလူးနဲ့မို့ ယိမ်းထိုးနေကြပါတယ်။ တံတား အတက်ရော အဆင်းရောမှာ မြေတွေ နိမ့်နေလို့ ခုန်ရင်း ပေါက်ရင်းနဲ့ပဲ ဖြတ်ကျော်တက်ရင်း လိုက်ခဲ့ရပါတယ်။ လမ်းမှာ တံတားတစ်ခု ဖောင်ဒေးရှင်း လောင်းထားလို့ မေးကြည့်တော့ ဘာသာရေးတစ်ပိုင်း အလှူခံသမားတစ်ဦးက လုပ်ထားတာလို့ ဆိုပါတယ်။ အလှူငွေ သိန်း ၁၀၀၀ ကျော်ရပြီးတဲ့နောက်မှာ တံတားဆောက်တာ သံချောင်းတစ်ချောင်းမှ မပါလို့ အချေအတင်ဖြစ်ကြပြီး စခန်းသိမ်းသွားတယ်လို့ ပါးစပ်ရာဇဝင် ပြောပြပါတယ်။ တိုင်ဟောင်းတွေတော့ ကျန်နေလေရဲ့။ လက်ရှိ တံတားကတော့ အစိုးရက ငွေချပေးလို့ လူထုက ပံ့ပိုးပြီး ဆောက်ထားကြပါသတဲ့။

ရွာရောက်တော့ အရင် ၁၅ နှစ်ကအတိုင်း အဘွားတို့ရဲ့ အိမ်ကြီးကို တွေ့ရပါတယ်။ ဒါပေမဲ့ လူတွေရော အိမ်ကြီးပါ အိုမင်း ဟောင်းနွမ်းနေပါတယ်။ အသံတွေ တိတ်နေလို့ ကြည့်တော့ နွားတင်းကုပ်မှာ နွားမတွေ့ပါဘူး။ အဒေါ်ကြီးကို မေးတော့ လယ်တွေ အငှားချထားလို့ နွားတွေလည်း ရောင်းပစ်လိုက်ပြီတဲ့။ နွားစာကလည်း ရှားလာတယ်တဲ့။ လယ်မလုပ်တာကလည်း မျိုးဖိုးနဲ့ မြေဆီဖိုးတွေက အရမ်းကုန်၊ စာရင်းငှားတို့ လယ်လုပ်သားက ရှားတယ်။ ကိုယ်တိုင်လည်း အသက်ကြီးလို့ ဝင်မလုပ်နိုင်ဘူးတဲ့။ ရာသီဥတု မကောင်းရင် အရင်းကို မနည်းလုပ်ရတာဆိုပဲ။ အငှားထားတာကမှ ပိုက်ဆံရသေးတယ်တဲ့။ ကိုယ်တွေကတော့ သူတို့ ပြောသမျှ ပါးစပ်အဟောင်းသား နဲ့ ငေးနေရတာပါပဲ။

ခြံနောက်ဖေးကနေ ချောင်းထဲ ကလေးတွေ ဆင်းမယ်ဆိုတော့ တားကြတယ်။ သဲသမားတွေ တူးကြလို့ ချောင်းထဲမှာ ချိုင့်ကြီးတွေ ဖြစ်နေလို့ အန္တရာယ်များတယ်တဲ့။ ရွာထိပ်ဘက်က သောင်ပြင်မှာတော့ ဆော့လို့ ရပါတယ်တဲ့။ ကျွန်မတို့ ခြံနောက်ဘက်မှာ နွေဆို သောင်ထွန်းနေကျမို့ လက်ယက် သဲတွင်းတွေ တူးပြီး ရေခပ်နေကြကို၊ ခုတော့ သောင်ပြင် မရှိတော့ပါဘူး။ ဒါဆို ချောင်းတစ်ဘက်ကမ်းက ရွာကို ဘယ်လိုကူးလဲ ဆိုတော့ ကြိုးတံတားနဲ့ ကူးတယ်တဲ့။ ကြိုးတံတားဆီ လျှောက်ကြည့်တော့ သံကြိုးနဲ့ထိန်းပြီး သစ်သား ခင်းထားတာ တွေ့ခဲ့ရပါတယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုက စီမံကိန်းနဲ့ ဆောက်ပေးခဲ့တာလို့ ပြောကြပါတယ်။ တံတားပေါ်ကနေ ကြည့်လိုက်တော့ ဘေးဘက် ကမ်းစပ်တစ်ဖက် တစ်ချက်မှာ အမှိုက်တွေ အပုံလိုက် တွေ့ရပါတယ်။ ချောင်းကမ်းစပ်ဟာ အမှိုက်ပေါလောနဲ့ ရုပ်ဆိုးနေလေရဲ့။

ရွာထဲက အသိအိမ်တွေဆီ တစ်ပတ်လှည့်ပြီး နှုတ်ဆက်ရင်း ကြည့်လိုက်တော့ ထူးခြားတဲ့ ပြောင်းလဲမှု မတွေ့မိပါဘူး။ ကိုယ့်လိုပဲ လူတွေ အိုသလို အိမ်တွေလည်း အိုနေတာပဲ တွေ့ရပါတယ်။ ခေါင်းရင်းဘက်က အိမ်အသစ်မို့ မေးကြည့်တော့ ထိုင်းမှာ အလုပ်သွားလုပ်တဲ့ ကောင်မလေးက ယောကျ်ားယူပြီး ပြန်လာတော့ အိမ်ပြန်ဆောက်ထားတာတဲ့။ သူငယ်ချင်း တစ်ယောက်ကတော့ ငါ့သား ပြန်လာမှ နင်တို့ဆီ လာလည်မယ်တဲ့။ သူ့ရဲ့ သားက စင်ကာပူမှာ အလုပ်လုပ်နေသတဲ့။ တို့ရွာက လူတွေတော့ တယ်ဟုတ်ပါလားလို့ တောင် စိတ်ထဲဖြစ်မိပါသေးတယ်။

ရွာတစ်ပတ်လည်ပြီး အိမ်ပြန်ရောက်တော့ နောက်ဘက်မှာ တူတော်မောင် အသံထွက်နေပါတယ်။ အန်တီ့ အိမ်သာကို ကြည့်ပါဦးဆိုတော့ ကြည့်မိတယ်။ အရင်က ဂုန်နီအိတ်နဲ့ ကာထားတဲ့အကာက အခု မြွေရေခွံအိတ်နဲ့ အစားထိုးထားလေရဲ့။ အိမ်သာပေါ်တက်ဖို့ ခြေနင်းလုပ်ထားတဲ့ သစ်မြစ်ကြီးပေါ်မှာ ရေအိုးလေး တင်ထားပါတယ်။ ရေသုံးဖို့ ခပ်ရင် ရှေ့က ရေအိုးထဲကို ကုန်းပြီး ရေခပ်ရမှာပါ။ အိမ်သာထဲကို ရေအိုး ထည့်စရာ နေရာကျဉ်းနေလို့ အိုးကို အပြင်ထုတ်ထားတာပါပဲ။ တူလေးကတော့ အိမ်သာကျဉ်းနေလို့ တက်မရဘူး ဆိုတာနဲ့ပဲ ရွာထဲက ရွာလူကြီးအိမ်ကို ပို့လိုက်ရပါတော့တယ်။

ညဘက်ရောက်တော့ နေ့ခင်းက ဖုန်းတွေ အားသွင်းကြလို့လား မသိဘူး။ မီးလေး တစ်ပွင့်ကို မှိန်တိန်တိန် ထွန်းကြရပါတယ်။ တို့ငယ်ငယ်တုန်းက ရေနံဆီ မီးခွက်နဲ့ မှိုင်းတွေသီးလို့ ခြွေရင်းနဲ့ စာကျက်ခဲ့ရတာလို့ ပြောတော့ ကလေးတွေ ပါးစပ်အဟောင်းသားနဲ့ပေါ့။ ရေနံဆီလည်း မသိ၊ မီးခွက်လည်း မမြင်ဖူးကြပဲကိုး။ နောက်နေ့ မနက်စောစော ထပြီး ရွာမုန့်ဟင်းခါး စားကြရင်း အပြင်ခဏ ထွက်ကြတယ်။ နေမမြင့်ခင်ပဲ ကားလာခေါ်တော့ လိုက်ခဲ့ကြရင်း ပြန်လာခဲ့ကြပါတယ်။ ၈ တန်းကျောင်းသား တူတော်မောင်ကတော့ နောက်တစ်ခေါက်လာရင် အိမ်သာအသစ် ဆောက်ပြီးပြီလားနဲ့ မီးအားကောင်းပြီလား သေချာသိရမှ လာမယ်လို့ ကြုံးဝါးနေလေရဲ့။ နောက်တစ်ခေါက် လာရင်တော့ ဒီထက် အများကြီး ပြောင်းလဲပြီးတော့ ပိုကောင်းလာမှာပါကွယ်လို့ပဲ နှစ်သိမ့်လိုက်ရပါတော့တယ်။

Most Read

Most Recent