၂၄ နာရီ အလုပ်သမား

၂၄ နာရီ အလုပ်သမား
Published 12 July 2018

စက္ကန့်တံလေးသည် နာရီဒိုင်ခွက်ထဲမှာ တရွေ့ရွေ့သွားနေပါသည်။ သူသည် ဘယ်တော့မှ မပျင်းမရိချေ။ သူ့အလုပ်ကိုသူ ပုံမှန်လုပ်နေပါသည်။ သူသည် ဘယ်တော့မှနောက်မကျ။ ဘယ်တော့မှလည်း မစော။ အမြဲတမ်း အချိန်မှန်သည်။ သူ့အလုပ်ကို ပုံမှန်လုပ် နေရသောကြောင့် သူသည် ဘယ်တော့မှ မညည်းမညူချေ။ သူချည်းပဲ အမြဲလုပ်နေရသည်ဟုလည်း သူတစ်ပါးကို အပြစ်မတင်ပါ။ တကယ်တော့ သူသည် စံပြလုပ်သားကောင်း ဖြစ်ပါသည်။

လောကကြီး ဘာတွေဖြစ်နေပါစေ။ နေပူပူ မိုးရွာရွာ။ လေမုန်တိုင်းပဲ တိုက်တိုက်။ သူ့ အလုပ်ကို ဘယ်တော့မှ မရပ်။ သူသည် လုပ်စရာရှိသည့် အလုပ်ကို နေ့ရွှေ့ညရွှေ့ အချိန် ဆွဲတတ်သူ မဟုတ်ချေ။ သူ့အလုပ်သူ ပုံမှန်လုပ်ဖို့ကိုသာ သူ အာရုံစိုက်သည်။ သူ့စိတ်ထဲ မှာ၊ သူ့အတွေးထဲမှာ၊ သူ့အသွေးအသားထဲမှာ သူ့အလုပ်မှတစ်ပါး အခြားမရှိ။ သူလုပ်ရမှာကိုပဲ သူတွေးသည်။ သူလုပ်သည်။ သူသိသည်မှာ သူ ပုံမှန်အလုပ်လုပ်နေဖို့ပါပဲ။ အားသွန်ခွန်စိုက် လုပ်နေဖို့ပါပဲ။ မရပ်မနား တစ်သွားတည်း သွားနေဖို့ပါပဲ။ ထို့ကြောင့် သူသွားသည်။ ဘယ်တော့မှ မရပ်။ တရွေ့ရွေ့သွားနေသည်။ ပုံမှန်သွားနေသည်။

နားထောင်ကြည့်ပါ။ သူသည် 'တချက်ချက်' နှင့် သူရှိနေကြောင်း၊ သူအလုပ်လုပ်နေကြောင်း အသိပေးပြောပြနေပါသည်။ 'တချက်ချက်' မြည်သံသည် သူ့အသက်ရှူသံလည်း ဖြစ်သည်။ သူ့ခြေလှမ်းများ၏ မြည်သံလည်း ဖြစ်သည်။ သူ့ကိုယ်သူ ပြန်လည်အား ပေးသည့် နှိုးဆော်သံလည်းဖြစ်သည်။ သူအမြဲဆိုနေကျ သီချင်းတစ်ပုဒ်လည်း ဖြစ်သည်။ သူအမြဲရွတ်နေကျ ဂါထာတစ်ပုဒ်လည်း ဖြစ်သည်။ တကယ်တော့ 'တချက်ချက်' သည် သူ၏ သင်္ကေတ။ သူ၏ အမှတ်အသား။ သူ၏တံဆိပ်။ သူ၏ ကြွေးကြော်သံ။ သူ၏ အားမာန် တက်ကြွသံဟုဆိုလျှင် မမှားပါ။ တကယ်တော့ သူ့ဘဝတစ်သက်တာလုံး တချက်ချက်နှင့် အဆက်မပြတ် အလုပ်လုပ်နေသည့် စက္ကန့်တံလေးဖြစ်ပါသည်။

ပြောရလျှင် သူ့မှာ ကျောခင်း အပျင်းကြီးနေဖို့ အချိန်မရှိပါ။ သူသာ အနားယူချင်သည်ဆိုပြီး ထိုကဲ့သို့ ကျောခင်းအပျင်းကြီးလိုက်လျှင် အရာအားလုံး ကမောက်ကမ ဖြစ် သွားနိုင်ပါသည်။ လူသားတွေ အချိန်မှန်သည်ဟု ယူဆထားသော သူသာ အချိန်မမှန်တော့ ဘူးဆိုပါလျှင် လောကကြီး ဘာဖြစ်သွားမည် ထင်ပါသနည်း။ သူ့ကို အမြဲစောင့်ကြည့်နေသူတွေ၊ သူ့ကို အားကိုးတကြီး ယုံကြည်ထားသူတွေ အကုန်လုံး ဒုက္ခရောက်ကုန်ကြလိမ့်မည်ထင်သည်။ အချိန်နှင့်တစ်ပြေးညီ အလုပ်လုပ်နေကြသော ကမ္ဘာကြီးမှာ သူသာ အချိန်မမှန်တော့လျှင် အားလုံး ကိုးရိုးကားရားနှင့် ကမောက်ကမ ဖြစ်သွားမှာတော့ သေချာပါသည်။ ထို့ကြောင့် သူ့မှာ ခဏတာလေး ကျောဆန့်ဖို့တောင် အချိန်မရှိပါ။ သူများတွေအတွက် အချိန်သတ်မှတ်ပေးနေသော သူ့မှာတော့ ကိုယ်ပိုင်အချိန်ဆိုတာ မရှိသလောက်ပါပဲ။ သူ့လျှောက်လမ်းပေါ်မှာ ပုံမှန်လျှောက်နေချိန်သည်သာ သူ့အချိန်ဟု ပြောရလေမည်လား မသိ။ တကယ်တော့ သူသည် အချိန်ကို ပိုင်ဆိုင်သူမဟုတ်။ အချိန်ကို စေလိုရာစေနိုင်သူ လည်းမဟုတ်ပါ။ သူသည် အချိန်ပြအလုပ် သမားတစ်ယောက်သာ ဖြစ်ပါသည်။

သူ့ကိုယ်ခန္ဓာသည် သေးသေးတာတာ။ သူ့အရွယ်အစားသည် မကြီးမားလှပါ။ သူသည် ကြွားကြွားဝံ့ဝံ့နှင့် ဟိတ်ကြီးဟန်ကြီးလည်း မရှိလှပါ။ သူသည် သာမန်အညတရမျှသာဖြစ်ပါသည်။ လောကကြီး၏ ထောင့်တစ်ထောင့်မှာ ခပ်မှိန်မှိန် ခပ်ဖျော့ဖျော့နှင့် ရိုးရိုးကုပ်ကုပ် သူ့အလုပ်ကို သူလုပ်နေသူသာ ဖြစ်ပါသည်။ သို့အတွက် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေလည်း သူ မမျှော်မှန်းပါ။ ရွှေစလွယ် ငွေစလွယ်တွေလည်း မဆွဲချင်ပါ။ ပထမဆုကိုလည်း မလိုချင်ပါ။ နှစ်သိမ့်ဆုလောက်  ရလျှင်ပဲ သူ ကျေနပ်ပါပြီ။ လူတွေက သူ့ကို ကျေးဇူးတင်ဝမ်းမြောက်သည့်အကြည့်နှင့် လှမ်းကြည့်ရုံတင် သူကြည်နူးပျော်ရွှင်နိုင်ပါပြီ။ အို အဲဒီလိုမကြည့်လည်း ကိစ္စမရှိပါဘူးလေ။ လူတွေ သူရှိလို့ရှိနေမှန်း သတိပြုမခံရခြင်းထဲမှာပဲ သူ့ဘ၀ ကျင်လည်နေခဲ့သည်မှာ ကြာခဲ့ပြီပဲ မဟုတ်ပါလား။ ဘာလုပ်မှာလဲ။ ဘာလို့များ အများ၏ထောက်ခံချက်ကို မျှော်လင့်တောင့်တနေရမှာလဲ။ သူ့အတွက် လက်ခုပ်သံတွေ မလိုပါ။ ထိုကဲ့သို့သော အားပေးသံ ချီးကျူးသံတွေ မပါဘဲ သူ့ဘဝကို သူကိုယ်တိုင် မောင်းနှင်ခဲ့တာ နှစ်ပေါင်းမနည်းလှတော့ပါ။ တရွေ့ရွေ့လှမ်းနေသည့် သူ့ခြေလှမ်းတွေက သူ့အတွက် အားပေးသံ လက်ခုပ်သံတွေပါပဲ။ ကိုယ့်အလုပ်ကိုယ် ပုံမှန်လုပ်နေခြင်းက ကိုယ့်ဘဝကိုယ် ကျေနပ်ပီတီဖြစ်ခြင်းတစ်မျိုးဟုသာ သူ မှတ်ယူထားမိသည်။ ဒါသည်ပင် သူရလိုက်သည့် လောကကြီး၏ ဝေစုပါပဲ။ သူ့အတွက် ဆုလာဘ်တစ်ခုပါပဲ။

သူသည် တစ်ခါတစ်ခါ သူ့မျက်စိရှေ့မှောက်မှာ ရှိနေသည့် လူအချို့ကိုကြည့်ပြီး အားမလို အားမရဖြစ်မိသည်။ သူတို့ ဘာလို့များ အချိန်ဖြုန်းနေကြပါလိမ့်ဟု သူတွေးမိသည်။ အားအားယားယား ဘာလို့များ ထိုင်ပြီး ပျင်းနေကြပါလိမ့်ဟုလည်း တွေးနေမိသည်။ မလိုအပ်ဘဲ လက်ဖက်ရည်ဆိုင်မှာ အချိန်ထိုင်ဖြုန်းနေသူတွေ။ အသိပညာ ဗဟုသုတ ရှာဖွေခြင်းမျိုးမဟုတ်ဘဲ အင်တာနက်ဖွင့်ပြီး ဖုန်းပွတ်နေသူတွေ။ အရည်မရ အဖတ်မရတွေ ထိုင်ပြောပြီး အကျိုးမဲ့အချိန်ဖြုန်းတီးနေသူတွေ။ ဟိုမှာဒီမှာ အဓိပ္ပာယ်မဲ့ ရည်ရွယ် ချက်မဲ့ လမ်းသလားနေသူတွေ။ ဘာတစ်ခုမှ အကျိုးရှိရာရှိကြောင်း မလုပ်ဘဲ သေမယ့်နေ့ ထိုင်စောင့်နေသူတွေ။ အို အများကြီး အများကြီးပါလား။ အဲဒီလိုလူမျိုးတွေ တွေ့ရလေလေ သူ ဝမ်းနည်းလာလေလေပါပဲ။ သူ့မှာတော့ ပြလိုက်ရတာ။ အချိန် အချိန် အချိန်။ ထမင်းစားချိန်။ ရေချိုးချိန်။ အလုပ်ချိန်။ စာဖတ်ချိန်။ ဘုရားရှိခိုးချိန်။ အိပ်စက်အနားယူချိန်။ သူ့မှာ နှိုးဆော်လိုက်ရတာ။ တိုက်တွန်းလိုက်ရတာ။ အခုတော့ အချို့များက သူ့ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် မအောက်မေ့ကြချေ။ ထိုကဲ့သို့သော လူစားမျိုးများအတွက် သူ၏ ဖြစ်တည်နေမှုသည် အဓိပ္ပာယ်မရှိ။ သူ့မှာ အချိန်ပြရကျိုးမနပ်ချေ။ သူ့ကိုယ်သူ အရေးပါသည်ဟုပင် မထင်ချင်တော့ပေ။

တကယ်တော့ လူတွေ သူ့ကိုတန်ဖိုးထားဖို့ သူ အလုပ်လုပ်နေခြင်းမဟုတ်ပါ။ သူ့ကို တန်ဖိုးထားဖို့ထက် သူ၏ နှိုးဆော်တိုက်တွန်းသံကို သတိပြုနားထောင်ဖို့ပါပဲ။ သူ့ကို အလှတကြည့်ကြည့်နှင့် ကိုးကွယ်ဆည်းကပ်ဖို့ မဟုတ်ပါ။ သူ၏ ညွှန်ကြားချက်ကို လိုက်နာ စေလိုခြင်းသာဖြစ်သည်။ သူ့ကိုယ်သူ အလောင်ကျွမ်းခံကာ ထွန်းညှိပြနေသည့် သူ့အလင်းရောင်အောက်မှာ မိမိတို့ လုပ်စရာရှိတာကို မခိုမကတ်မပျင်းမရိဘဲ လုံ့လသန်သန် ဇွဲစိတ်မှန်မှန်နှင့် လုပ်နေကြဖို့ပါပဲ။ သူသည် လူသားတွေအတွက် အရေးပါမှန်းမသိ အရေး ပါနေတာကိုပဲ လိုချင်ပါသည်။ သူရှိလို့ရှိနေမှန်းမသိဘဲ သူ့ကိုအသိအမှတ်ပြုနေတာကိုပဲ သူ တောင့်တပါသည်။ သူသည် လူသားတွေ၏ ဘဝကို လွှမ်းမိုးချုပ်ကိုင်ဖို့လည်း မဟုတ်ပါ။ လူသားတွေကို အချိန်ဇယား၏ အကျဉ်းသားတွေဖြစ်အောင် ဆွဲဆောင်စည်းရုံးဖို့လည်း ရည်ရွယ်ချက်မရှိပါ။ အချိန်ကို အကျိုးရှိရှိ စနစ်တကျသုံးစွဲတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးချင်တာ တစ်ခုပါပဲ။ သူသည် လူသားတွေအတွက် ကျိန်စာတစ်ခုမဖြစ်ချင်ပါ။ လူသားတွေကို စက်ရုပ်ဆန်ဆန် မောင်းနှင်နေသည့် ခလုတ်တစ်ခုလည်း မဖြစ်ချင်ပါ။ လူသားတွေအတွက် သာယာနာပျော်ဖွယ် ဂီတသံလေးတစ်ခုသာ ဖြစ်ချင်လှပါသည်။ သူ၏ ဂီတသံမှာ အားလုံးပြုံးပျော်စေချင်ပါသည်။ ဒါဆိုလျှင် သူ ကျေနပ်ပါပြီ။

နားရက်မရှိ ၂၄ နာရီအချိန်ပြည့် အလုပ်လုပ်နေရသည့် သူ့ဘဝကိုကြည့်ပြီး လူသားတွေ မိမိကိုယ်ကိုယ် အားပေးနှစ်သိမ့်စေချင်လှသည်။ 'အိပ်စက်ခြင်း၊ အလုပ်၊ အနားယူခြင်း' ကို အချိုးညီညီပေါင်းစပ်ကာ ဘဝကို ဟာမိုနီ ဖြစ်အောင် တည်ဆောက်စေချင်လှပါသည်။ ထိုအခါမျိုးမှာ သူသည် အပျင်းကြီးသူတွေအတွက် 'ကြိမ်လုံးတစ်ချောင်း' ဖြစ်ချင်သည်။'လုပ်ခ' နှင့် 'လုပ်အား' မမျှမတ အခိုင်းခံနေရသူတွေအတွက် အားဆေးတစ်ခွက်ဖြစ်ချင်သည်။ အလုပ်မှအလုပ် ကျန်တာတွေ ဘေး ချိတ်ထားသူတွေအတွက် သတိပေးသံချောင်း ခေါက်သံ ဖြစ်ချင်သည်။ အလုပ်လုပ်ရခြင်းကို ဝဋ်ကြွေးတစ်ခုလို သဘောထားနေသူတွေအတွက် ပက်လက်ကုလားထိုင်လေးတစ်လုံး ဖြစ်ချင်သည်။ အလုပ်ထဲမှာ မပျော်ပိုက် မနှစ် ခြိုက်သူတွေအတွက် သံပရာရည်တစ်ခွက် ဖြစ်ချင်သည်။ တကယ်တော့ သူသည် တချက်ချက်မြည်နေသည့် ကြိမ်လုံး၊ အားဆေး၊ သံချောင်း၊ ပက်လက်ကုလားထိုင်နှင့် သံပရာရည်သာလျှင် ဖြစ်ပါသည်။

သေချာသည့်အချက်ကတော့ သူ့ခြေလှမ်းတွေ အခုချိန်ထိ မညောင်းညာကြသေးပါ။ သူ့အသက်ရှူသံတွေလည်း မတိုးတိတ်သေးပါ။ သူ့ကိုယ်ခန္ဓာထဲမှာ တသွင်သွင်စီးဆင်းနေဆဲ သွေးတိုးသံက'တချက်ချက်' နှင့် ပုံမှန်မြည်နေဆဲပါပဲ။ ရှေ့မှာ ဘာဖြစ်လာနိုင်မလဲ။ သူ မျှော်မကြည့်ပါ။ နောက်မှာ ဘယ်လို ဖြစ်ပြီး ကျန်ခဲ့မလဲ။ သူ စိုးရိမ်ပူပန်မနေပါ။ သူသည် ပစ္စုပ္ပန်တည့်တည့်ပေါ်မှာ တစ်လှမ်းချင်း တစ်လှမ်းချင်း တရွေ့ရွေ့ ပုံမှန်ခရီးနှင် နေဆဲပါပဲ။ လူအချို့က သူ့ကို မော့ကြည့်ကြသည်။ လူအချို့က သူ့ကို တအံ့တသြငေးမောကြသည်။ လူအချို့က သူ့ကို ပြုံးပြကြသည်။ လူအချို့ကတော့ သူ့ကို ရှုံ့မဲ့ကာ လက်ညှိုးထိုးကြသည်။ လူအချို့ကတော့ သူ့ကို ကျောခိုင်းထိုင်နေကြသည်။ လူအချို့ကတော့ သူရှိလို့ ရှိနေမှန်းပင် မသိကြချေ။ မည်သို့ဆိုစေ သူကတော့ ကျေနပ်ပါသည်။ သူ့အလုပ်ကို သူ ပုံမှန်လုပ်နေဆဲပါပဲ။ သူ့ခရီးကို သူနှင်နေဆဲပါပဲ။ ဟောဟိုမှာကြည့် သူလျှောက်လာနေပြီ။ ချက်...ချက်... ချက်...ချက်... ချက်... ချက်...။

Most Read

Most Recent