ယခင်က ရေးခဲ့ဖူးသော ဆောင်းပါးတစ်ပုဒ်တွင် လောကကြီးကို ပြောင်းလဲပြုပြင်ရန် ကြိုးပမ်းကြသူအများစုသည် အောင်မြင်မှု လမ်းစပျောက်ဆုံး၍ နေတတ်သည်ဟု ရေးခဲ့သည်။ သဘောမှာ လောကကြီးကို လူက ပြောင်းလဲပြုပြင်ရန် မဖြစ်နိုင်၊ မိမိ၏ ခံယူချက်၊ ယုံကြည်ချက်တို့ကို လောကကြီး၏ ပြုပြင်ပြောင်းလဲခြင်း မခံရလေအောင်သာ မိမိက မယိမ်းမယိုင် တာရှည်ကြံ့ကြံ့ခံနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
လောကကြီးသည် မိမိအတွက် စိတ်တိုင်းကျ ဖန်တီးထားကာ မိမိအလာကိုပြုံး၍ စောင့်ကြိုနေခြင်းမဟုတ်။ သူ့အလိုအတိုင်း ဖြစ်လိုရာဖြစ်နေသည့် လောကဝန်းကျင်ထဲသို့ မိမိက သန္ဓေဝမ်းမှ ကျွတ်လွတ်ကာ ရောက်ရှိသွားခြင်း ဖြစ်သည်။ ယင်းသို့ ဖြစ်ချင်ရာဖြစ် သောလောကကြီးထဲသို့ ဒုန်းစိုင်းဆိုသလို ရောက်ရှိသွားသောအခါ မိမိကသာ အကြောင်းအကျိုး နားလည်သဘောပေါက်ပြီး သင့်တင့်စွာ ပေါင်းစပ်ညှိနှိုင်းနေထိုင်သွားရမည့်အပြင်၊ မိမိတွင် ကိန်းအောင်းရှိနှင့်ပြီးဖြစ်သော အရည်အသွေးကောင်းတို့ကို လောကကြီးက ပြုပြင်ပြောင်းလဲ လွှမ်းမိုးမသွားစေရန် ကြံ့ကြံ့ခံတောင့်ခံထားနိုင်ရပေမည်။
ယင်းသည့်တိုင် စာတွေ့၊ သဘောတရားတစ်ခုသာဖြစ်သည်။ တကယ့်လက်တွေ့တွင်မူ ပုထုဇဉ်လူသားတို့ နေ့စဉ်ကြုံတွေ့နေရသည့် စိတ်တိုစိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ အကြောင်းခြင်းရာ အမြောက်အမြား အင်နှင့်အားနှင့် ရှိနေကြောင်း သတိမမူမိကြ။ ဒုနှင့် ဒေးနှင့်ရှိနေကြောင်း အမှတ်ထင်ထင်ဖြစ်နေမိကြ။ ဒေါသဖြစ်ဖွယ်ရာကိစ္စများသည် စိတ်အင်အားနှင့် စိတ်အခြေအနေကို များစွာ လျော့ပါးပြောင်းလဲသွားစေသည်။ သို့စေကာမူ လူတို့သည် ၎င်းတို့၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင် ရာရွှင်လန်းတက်ကြွမှုကို ဖျက်ဆီးသည့် ဒေါသကို သတိထားမိကြဟန်မတူ။
လောဘ ဒေါသ မောဟ သုံးမျိုးအနက် ပင်ပန်းမှုအပေးဆုံးနှင့် ထိခိုက်မှုအဖြစ်စေဆုံး မှာဒေါသဖြစ်သည်ကို အထူးပြောရန်မလိုသည့် အားလျော်စွာ ဒေါသသည် လောဘကြောင့်ဖြစ်ရခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ကြသည်။ ဖြစ်လိုသည်များ ဖြစ်မလာခြင်း၊ လိုအင်ဆန္ဒမပြည့်ဝခြင်း၊ မျှော်လင့်သလို မဖြစ်ခြင်းစသည်တို့မှာ ဒေါသဖြစ်စေခြင်း အကြောင်းတရားများ ဖြစ်သည်။
စာရေးသူသည် ၁၉၆၀ မှ ၁၉၉၀ ဆယ်စုနှစ် ကာလများအတွင်း ထွက်ရှိခဲ့သော လစဉ်ထုတ် ပြင်ပ မဂ္ဂဇင်းအများအပြားတွင် ကဗျာအပုဒ်ရေများစွာ ရေးခဲ့သူဖြစ်ရာမဂ္ဂဇင်း အမည်တို့ကို အောက်မေ့သတိရစွာ ပြန်လည် ဖော်ပြလိုပါသည်။ ယင်းတို့မှာသွေးသောက်၊ ရှုမဝ၊ မိုးဝေ၊ စုံထောက်၊ ပေဖူးလွှာ၊ မဟေသီ၊ ချယ်ရီ၊ ကလျာ၊ သဘင်၊ ဒဂုန်၊ မြတ်လေး၊ စံပယ်ဖြူ၊ ပန်၊ ဖြူနီညိုပြာ၊ လုံမလေး၊ မြဝတီ၊ ငွေတာရီ၊ ရုပ်ရှင်အမြုတေ၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်မျက်မှန်၊ တိုင်းရင်းမေ၊ ယုဝတီစသည် တို့ဖြစ်ပြီး ဖော်ပြရန် အများအပြား ကျန်နေသေးသည်။ အဓိကပြောလိုသည်မှာ ၁၉၈၇ ခုနှစ် စက်တင်ဘာလထုတ် မိုးဝေမဂ္ဂဇင်းတွင် 'ဒေါသ'ဟူသော ကဗျာတစ်ပုဒ်အကြောင်း ပြောလိုရင်းဖြစ်သည်။
မိုးဝေတွင် စာရေးသူအနေဖြင့် ကဗျာအပုဒ်ရေ များများစားစား ရေးသားခဲ့ခြင်းမရှိသော်လည်း ဤကဗျာတစ်ပုဒ်၏ ဝိသေသလက္ခဏာကြောင့် ထူးခြားမှုတစ်ရပ်အဖြစ် ရွေးချယ်ဖော်ပြရခြင်းဖြစ်သည်။ အမှန်စင်စစ် ကဗျာဆရာအများစုတို့သည် အဖိနှိပ်ခံပြည်သူ့ဘက်လိုက်၍ သူတို့၏ဆင်းရဲမွဲတေမှု၊ ဒုက္ခ ပင်လယ်ဝေမှု၊ ဘဝအဆင်မပြေမှု စသည်တို့ ကြား နေ့စဉ်ကျင်လည်နေရသောအဖြစ် သနစ်သရုပ်မှန်ကို တာဝန်သိစွာ ဖွဲ့သီလေ့ရှိသည်။ တာဝန်သိစွာဟုဆိုခြင်းထက် 'စာနာစွာ'ဟူသော စိတ်ခံစားချက်ဖြင့် ရေးဖွဲ့ခြင်းဖြစ်သည်ဟုဆိုပါက ပို၍မှန်ကန်မည် ဖြစ်သည်။
ပုထုဇဉ်ဖြစ်နေသေး၍သာ ဘ၀၀မ်းစာ ရှာဖွေနေရသေးသောကြောင့် ချွေးဒီးဒီးကျ ခက်ခဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားနေရသူ တစ်ယောက်အတွက် ဓမ္မတရားတော်များက မည်သို့မျှ ဖောက်ထွင်း သက်ရောက်ခြင်းရှိ မည်မထင်။ စိတ်တိုဒေါသဖြစ်ခြင်းကို ဖယ်ရှားပစ်ရန် မဖြစ်နိုင်။ ယင်းကို မိုးဝေမဂ္ဂဇင်းတွင် စာရေးသူက ပုထုဇဉ် လူသားသာမန်ပြည်သူ တစ်ဦး၏ ခံစားရချက်များအပေါ် ကိုယ်စား ပြုရေးဖွဲ့ခဲ့သည်။
ဒေါသ
ဒေါသအမျက်၊ ခြောင်းခြောင်းထွက်…
ဘဝဂ်ခေါင်းဖျားရောက်လို့သွား။
ဟယ်… ဒေါသ …
ငါ့ကိုယ်မှ ခွာ၊ သွားစမ်းပါလို့
ငါ မနှင်မိ…
တေမိဇာတ်ခင်း၊ အကြွင်းမဲ့ ယုံကြည်ချက်
ပြယ်ပျက်ရတော့မှာလား…။
အခုတလော
စိတ်မောလူမော၊ အတောမသတ်
ရဟတ် ချာလည်၊ ဘယ်ဆီသွားသွား
ဘယ်ကြားရောက်ရောက်၊ ဘာလျှောက်လုပ်လုပ်
နစ်မြုပ်ရင်းလေ၊ အဆင်မပြေဘူး
အရူးမီးဝိုင်း၊ သွေးပူလှိုင်းထ
ဒေါမာန်ကြွတယ်….။
ဘုရားဟောကြားချက်ထဲတွင် 'ဒေါသ နှင့် တကွ ဖြစ်သောစိတ်ကို ဒေါသနှင့်တကွဖြစ်သော စိတ်ဟူ၍ သိ၏' ဟု ပါရှိသော်လည်း ယင်းသို့ သိမှတ်ရန် ခက်ခဲနေပေသေးသည်။ ကိလေသာဖြစ်သည့် လောဘဖြစ်စေ၊ ဒေါသဖြစ်စေ၊ မာန်မာနဖြစ်စေ ငါဟူသော သက္ကာယဒိဋ္ဌိ၏ အထောက်အပံ့ကိုမရပါက အားကြီးမလာနိုင်၊ အင်အားကြီးလာပါကလည်း ဖြစ်စဉ်သည် ကြာရှည်မတည်တံ့နိုင်၊ အလွယ်ပြေ ပျောက်သွားနိုင်သည်ဟုသိပင် သိမှတ်ထားသော်လည်း လက်တွေ့၌ ငါစွဲကို ချွတ်ရန်ခက်ခဲလှပါဘိ။
ဘတ်စ်ကားပေါ်မှာ
နံစော်တိုးဝှေ့၊ ဒေါသမွေ့နေ။
ဟင်းလျာဈေးတန်း၊ ခေါက်တုံ့ လမ်းလျှောက်
ဂယောက်ဂယက်၊ ဒေါသထွက်နေ…။
အလုပ်ခွင်မှာ
ဘဝင် မရှင်း၊ နောက်ဆံတင်းခဲ့
နင်းခြေစော်ကား၊ မကြားချင် အဆုံး
စကားလုံးထိုးစစ်၊ ဒေါသဖြစ်နေ။
ဥပေက္ခာပြုခြင်း၊ သည်းခံခြင်းက
မင်းမူလောင်ညီး၊ ငါ့အပူမီးကို
အပြီး ငြှိမ်းသတ် မပေးနိုင်။
(မိုးေ၀ - ၁၉၈၇ စက်တင်ဘာ)
ယခုခေတ်အပါအဝင် ထိုခေတ်အချိန်အခါ၏ အောက်ခြေလူတန်းစားများ၏ဘ၀ အဆင်မပြေမှု၊ စိတ်မကြည်မလင်ဖြစ်မှု၊ စိတ်ရှုပ်ထွေး စိတ်ညစ်စေမှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့အားငယ်မှု၊ စိတ်ဆိုးစိတ်ဓာတ်ကျမှု စသည်တို့ အားလုံးမှာ ဒေါသများသာဖြစ်သည်။ ကဗျာထဲတွင် သမိုင်းတစ်ခေတ်၏ လူနေမှု စနစ် အောက်တန်းနောက်တန်းကျပုံကို တင်ပြထားရာ၌ နေ့စဉ် လူတို့ ထိတွေ့နေရသော ကျပ်ညပ်ပြွတ်သိပ်သည့် ခရီးသွားလာမှုပုံစံ၊ စားသောက်ရေးနှင့်ပတ်သက်သော ကုန်ဈေးနှုန်း ကြီးမြင့်မှုသဏ္ဌာန်၊ အလုပ်အကိုင်အခွင့် အလမ်းနည်းပါးမှုနှင့် အလုပ်ခွင်အတွင်း ပဋိပက္ခဖြစ်မှုဒဏ် စသည့်ဖြစ်စဉ်အချို့ကိုသာ တင်ပြမှတ်တမ်းတင်ထားသည်။ ဒေါသသည် မိမိကို စနစ်မရှိစေရန်၊ ထင်ရာစိုင်းပြုမူစေရန်၊ အမှန်အမှားကိုသိမြင်နိုင်သည့်ဉာဏ်အစဉ် အားပျက်ယွင်းဖုံးလွှမ်းသွားစေရန် ပြုလုပ်နိုင် စွမ်းရှိသည်ကိုသိပင်သိနေလင့်ကစား နိုင်ငံရေး စင်မြင့်ပေါ်၌ ဖြစ်ပျက်နေသောဖြစ်စဉ်များအတွင်း ဒေါသအခြေခံသည့် စိတ်မငြိမ်သက်မှု၊ ပေါက်ကွဲလောင်ကျွမ်းမှုတို့ကို စဉ်ဆက် မပြတ်တွေ့မြင်နေရသည်။
အဆိုပါ နိုင်ငံရေးစင်မြင့်ပေါ်တွင် ကပြ နေကြသော ဇာတ်အခင်းအကျင်းမှာ ဒေါသ (လိုချင်လောဘ၊ ဖြစ်လိုသည်များ ဖြစ်မလာ ခြင်းလောဘ၊ နေရာပျောက်သွားသဖြင့် ပြန် လည်မျှော်လင့်ခြင်းလောဘစသည်…) အလုံး အရင်းလွှမ်းခြုံစိုးမိုးနေသရွေ့ ပဋိပက္ခဒေါသ မီးခိုးသည် တငွေ့ငွေ့ဆက်လက် ကျွမ်းမြိုက် နေဦးမည်သာ ဖြစ်သည်။