စီးပွားရေး စြင်္ကံလမ်းထက်က ပေကျင်းနှင့် နေပြည်တော်

စီးပွားရေး စြင်္ကံလမ်းထက်က ပေကျင်းနှင့် နေပြည်တော်
Published 8 June 2018

၂၀၁၆ ခုနှစ် သြဂုတ်လက တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမ၌ ပြုလုပ်သော ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်လာစဉ် (ဓာတ်ပုံ- AFP)

ပေကျင်း နှင့် နေပြည်တော် ဆက်ဆံရေးသည် မဟာဗျူဟာမြောက် ပိုမိုနီးကပ်လာနေခြင်းနှင့်အတူ တရုတ်-မြန်မာစီးပွားရေး စြင်္ကံလမ်းစီမံကိန်းသည် သော့ချက်ကျသည် ထက်ကျလာနေသည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားတွင် ပေကျင်း၏ ရင်းနှီးမြှုပ်နှံမှုများ နှင့် စပ်လျဉ်း၍စိုးရိမ်ပူပန်မှုများ မြင့်မားနေလင့်ကစား နေပြည်တော်အနေဖြင့် မလွှဲသာမရှောင်သာ ဝင်ကစားရမည့် ပွဲကျပ်တစ်ပွဲဟု ဆိုကောင်းဆိုနိုင်မည် ဖြစ်သည်။ စိန်ခေါ်မှုများ၊ ထောင်ချောက်များ၊ အကျပ်အတည်းများကို အခွင့်အလမ်းများ၊ အားသာချက်များအဖြစ် ကျောချင်းကပ်၊ ပြောင်းလဲပစ်နိုင်မှသာ ပြည်သူကို မျက်နှာမူသည့် ပွဲကြီးပွဲကောင်းဖြစ်နိုင်ဖွယ် ရှိသည်။

၂၀၁၇ ခုနှစ်သည် ပေကျင်းနှင့် နေပြည်တော် သံခင်းတမန်ခင်းတွင် ထူးခြားသောနှစ် တစ်နှစ်ဟု သတ်မှတ်နိုင်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ်တွင် နှစ်ကြိမ်တိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးအလည် အပတ်သွားရောက်ခဲ့ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ၂၀၁၇  ခုနှစ်တွင် တရုတ်နိုင်ငံသို့  အလည်အပတ်သွားရောက်ခဲ့သည်။ တရုတ်သမ္မတ ရှီကျင်ပင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို သီးခြားစီတွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံအကြား ပေါက်ဖော်ဆက်ဆံရေးကို မဟာဗျူဟာမြောက် ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများကို အမြင်ဖလှယ်ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ချစ်ကြည်ရေးခရီးစဉ်အတောအတွင်း တရုတ်သမ္မတရှီကျင်ပင်းသည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ရန် ရည်သန်လျက် တရုတ်-မြန်မာ စီးပွားရေးစြင်္ကံလမ်းစီမံကိန်းကို ဖော်ဆောင်သင့်ကြောင်း တိုက်တွန်းဆွေးနွေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါစြင်္ကံလမ်းတည်ဆောက်ရန် သဘောတူညီခဲ့သည်ဟု သတင်းဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပေကျင်းခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ပြီး၊ တရုတ်-မြန်မာ စီးပွားရေးစြင်္ကံလမ်းကိစ္စကို ကနဦး ဆွေးနွေးခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ချစ်ကြည်ရေး ခရီးစဉ်အတောအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအကြား စီးပွားရေးစြင်္ကံလမ်းတစ်ခု တည်ဆောက်နိုင်ရေးအဆိုပြု ဆွေးနွေးခဲ့သည်။  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက်  ဝမ်ရိကနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးတွင် အလားအလာကောင်းများ ရှိနေသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ပေကျင်းအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ပကတိလိုအပ်ချက်များအပေါ် အခြေပြုလျက် စီးပွားရေးစြင်္ကံလမ်းကို ဖော်ဆောင်မည်ဟု ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံလမ်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပေကျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့သည်။ မကြာမီလပိုင်းတွင် နှစ်နိုင်ငံစာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေသည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။ စီးပွားရေးစြင်္ကံလမ်းစာချုပ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့  တင်ပြအတည်ပြုချက် ရယူနိုင်မည်ဆိုလျှင် သော်လည်းကောင်း၊ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်မည်ဆိုလျှင် သော်လည်းကောင်း ပွင့်လင်းမြင်သာ၊ ကောင်းမွန်သည့်အစိုးရ ဖော်ဆောင်မည်ဆိုသည့် ကြွေးကြော်သံနှင့် ပိုမိုဟန်ချက်ညီလာမည် ဖြစ်သည်။ ပေကျင်းသည် ကျောက်ဖြူ- ကူမင်း စြင်္ကံလမ်းကို မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်းတို့ထက် ဗျူဟာမြောက် တန်ဖိုးထားသည်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပြီးဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံလမ်းသည် ပေကျင်း၏ ရပ်ဝန်းနှင့်လမ်းကြောင်း စီမံကိန်း သို့မဟုတ် (၂၁) ရာစု ပိုးလမ်းမသစ် စီမံကိန်းအောက်တွင် နှစ်နိုင်ငံအကြား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်ပြုရေးကို ချဲ့ထွင်မည် ဖြစ်သည်။ အဆိုပါ စြင်္ကံလမ်းမဟာ စီမံကိန်းပြီးစီးပါက၊ ပေကျင်းအနေဖြင့် အိန္ဒိယ သမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တို့ဆီ ပင်လယ်ထွက်ပေါက် ရရှိနိုင်မည်ဖြစ်ပြီး၊ တရုတ်နိုင်ငံ ကုန်းတွင်းပိတ်ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်သည်။

ရေနံစိမ်းပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မီးရထားလမ်း နှင့် အဝေးပြေးကားလမ်းတို့ အကျုံးဝင်မည့် စီးပွားရေးစြင်္ကံလမ်းသည် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ရေးကိုလည်း တွန်းအားပေးလိမ့်မည်ဟု သုံးသပ်ကြသည်။  တရုတ်ပြည်တွင်း လုပ်အားခ မြင့်တက်လာခြင်းသည် တရုတ်စက်မှုလုပ်ငန်းများကို နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့ရန် အဓိကတွန်းအားပေးလျက်ရှိသည်။ အဆိုပါစြင်္ကံလမ်းသည်  မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များကို ရရှိစေမည့်အပြင်၊ ဒေသန္တရဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အားကောင်းစေလိမ့်မည်ဟု ပေကျင်းက ရှုမြင်သုံးသပ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးထဲတွင် နစ်သထက်နစ်ကာ  ရုန်းမထွက်နိုင်ဖြစ်လာမည်ကို ပညာရှင်များက စိုးရိမ်ပူပန်ကြသည်။ နေပြည်တော်အနေဖြင့် ပေကျင်းအပေါ်တွင်တင်နေသည့် ချေးငွေကြွေးမြီ၊ စီးပွားရေးကြွေးမြီသာမက၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ကျေးဇူးကြွေးများကိုလည်း မျက်ခြည်မပြတ်ရန် အရေးကြီးသည်။ ကိုယ့်နိုင်ငံသားအချင်းချင်းအကြား ယုံကြည်မှု ရှိရှိ၊ နားလည်မှု ရှိရှိ ပြဿနာများ၊ အကျပ်အတည်းများကို မျက်နှာချင်းဆိုင်၊ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နှောင့်နှေးနေသရွေ့ ပေကျင်းအပေါ်တွင် ကျေးဇူးကြွေးများ ထပ်တိုးသထက် တိုးနေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပထဝီနိုင်ငံရေးအရ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား မဟာဗျူဟာမြောက် တည်ရှိမှု၏ အရေးပါသော အနေအထားကို ပိုမိုတောက်ပြောင်အောင် စွမ်းဆောင်သင့်ကြောင်း အကြံပြုလို ပါသည်။ ပေကျင်း၏ သမုဒ္ဒရာနှစ်စင်းမူဝါဒ  နှင့် နယူးဒေလီ၏ အရှေ့ဖော်မူဝါဒ (Act East Policy) အကြား နေပြည်တော်အနေဖြင့်  ပေကျင်း၊ နယူးဒေလီတို့နှင့် ဆက်စပ်သည့်  သီးသန့်မူဝါဒနှင့် မဟာဗျူဟာချမှတ်နိုင်ရေး လမ်းဖောက်သင့်သည်ဟု တိုက်တွန်းလိုပါသည်။ နေပြည်တော်အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံပေါင်းသင်းရာတွင် သူလည်းနိုင် ကိုယ်လည်းနိုင်ထုံးနည်းပေါ်အခြေပြုနိုင်ရေး မဖြစ်မနေ ရှေးရှုသင့်သည်။

နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ပြည်သူ-ပြည်သူချင်းဆက်ဆံရေးကို ဦးစားပေးရမည်ဟု တရုတ်သမ္မတရှီကျင်ပင်းက လမ်းညွှန်ခဲ့သည်ကို အမှတ်ရမိသည်။ ပြည်သူနှင့် ပြည်သူချင်းဆက်ဆံရေး အားကောင်း၊ အဆင်ပြေချောမွေ့မှသာ နေပြည်တော်-ပေကျင်း ဆက်ဆံရေးသည် အရှိန်အဟုန်ကောင်းလာမည်မှာ ဧကန်မုချ ဖြစ်သည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေသခံ ပြည်သူများ၏အသံကို အလေးအနက်နား ထောင်ရန်လိုအပ်ပြီး၊ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတို့ကို ရှေးရှု၊ ဖော်ဆောင်နိုင်ရန်သော့ချက်ကျမည် ဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေးစြင်္ကံလမ်း (China Myanmar Economic Corridor – CMEC) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ယူနန်ပြည်နယ် ကူမင်းမြို့မှစတင်မည်ဖြစ်ပြီး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့နှင့် ချိတ်ဆက်မည် ဖြစ်သည်။ မန္တလေးမြို့မှတစ်ဆင့် လမ်းကြောင်းတစ်ခုသည် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့နှင့်ချိတ်ဆက်မည်ဖြစ်ပြီး နောက်လမ်းကြောင်းတစ်ခုသည် မန္တလေးမြို့မှတစ်ဆင့်  ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အထူးစီးပွားရေးဇုန်နှင့်ချိတ်ဆက်မည် ဖြစ်သည်။ အင်္ဂလိပ်စကားလုံး Y ပုံသဏ္ဌာန်ချိတ်ဆက်မည့် စီးပွားရေးစြင်္ကံလမ်းပင် ဖြစ်သည်။

အချုပ်ဆိုရသော် အကျပ်အတည်းများ၊ စိန်ခေါ်မှုများ၊ ဖိအားများအကြား ရုန်းကန်ရပ် တည်နေရဆဲ မြန်မာနိုင်ငံအနေဖြင့် လာမည့်ဆယ်စုနှစ်များတွင် ပေကျင်း၏ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးကြွေးမြီများ၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ကျေးဇူးကြွေးများထဲမှ ရုန်းထွက်နိုင်ရန် အလားအလာ နည်းပါးနေဆဲဖြစ်သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်စပ်သည့် စိုးရိမ်မှုများကို လျှော့ချနိုင်ပြီး၊ သူလည်း နိုင်ကိုယ်လည်းနိုင် အခင်းအကျင်းတွင်  နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ထိထိရောက်ရောက် အကျိုးပြုနိုင်မည့် တန်းတူရည်တူ၊ အကျိုးတူ ရင်းနှီးမြှုပ်နှံမှုများဖြစ်ရေးကို ရှေးရှုလျက် အကျပ်အတည်းများကို အခွင့်အလမ်းများအဖြစ်  ဗျူဟာမြောက် ပြောင်းလဲပစ်နိုင်ရေး မဖြစ်မနေ ဦးတည်သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

Most Read

Most Recent