နှစ်ကူးအတွေး

နှစ်ကူးအတွေး
Published 22 April 2018

ဓာတ်ပုံ-ကျော်ဇင်ဖြိုး

တကယ်တော့ သြင်္ကန်နဲ့ပတ်သက်ပြီး ကျွန်တော် ရေးခဲ့ဖူးတာ ရှားပါတယ်။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်တွေက ရွာတစ်ရွာကို ရောက်သွားတဲ့ အခိုက်အတန့်ကလေးတစ်ခုအကြောင်း ကျွန်တော်တို့နယ်ဘက်ကထုတ်တဲ့ မဂ္ဂဇင်းတစ်ခုမှာ ရေးဖူးတာလောက်ပဲရှိတယ်။ သြင်္ကန်ခံစားမှုနဲ့ ပတ်သက်ပြီး ရေးဖူးတဲ့ ကဗျာတချို့တော့ ရှိပါတယ်။ အဲ့ဒါလည်း ဘယ်မှမပို့ဖြစ်၊ ဘယ်မှလည်းမပါတဲ့ ကဗျာတွေပါပဲ။ ဒီနှစ်တော့ သြင်္ကန်တွင်း အိမ်ထဲအောင်းပြီး စာရေးမယ်လို့ တွေးထားပေမယ့် လက်တွေ့ကျရေးမရပြန်ဘူး။ စကားပြေဆိုတာ ကိုယ်နဲ့ စိမ်းသက်နေတဲ့ နယ်မြေဆိုတော့ စကားပြေတစ်ပုဒ်ရေးတိုင်း စိတ်ကတွန့်နေမိတာ များပါတယ်။

မြန်မာတစ်ယောက်အနေနဲ့ သြင်္ကန်ဆိုတာ လူမှန်းသိတတ်စကတည်းကနေ အခုအရွယ်အထိ တွေ့ထိခဲ့ရတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။ ဒါပေမဲ့ ပြောပလောက်စရာ အမှတ်တရဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။ နှစ်တစ်နှစ် ကုန်သွားတယ်။ နှစ်တစ်နှစ် ထပ်ရောက်လာတယ်။ မထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုထက် ပိုပြီးစိတ်ထဲ ဘာမှသိပ်မထူးဆန်းဘူး။ သြင်္ကန်ရောက်ရင် သြင်္ကန်သီချင်းတွေ ညည်းမိတာလောက်၊ သြင်္ကန်တွင်း သူငယ်ချင်းတွေနဲ့ အပြင်ထွက်ရင် ရေလောင်းခံရတာလောက်ပဲ ရှိတယ်။ အိမ်နဲ့ အဝေးမှာနေတဲ့ ကာလတွေတုန်းကတော့ သြင်္ကန်ဆိုတာနဲ့ အိမ်ကို ပြန်ရတာလောက်နဲ့ ပျော်နေဖြစ်တာပဲ ရှိပါတယ်။ ဒီနှစ်တော့ သြင်္ကန်နဲ့ပတ်သက်ပြီး တစ်ခုခုရေးမယ်လို့ တွေးမိတယ်။ လုပ်ယူဖို့ တွေးထားလို့လား မသိပါ။ သြင်္ကန်သာ ရောက်လာတယ် ဘာမှ ဟုတ္တိပတ္တိ ရေးမရဘူး။ အဲ့ဒါအပြင် ရေးလက်စတွေတောင် အပြီးသတ်လို့ မရဘူးဖြစ်နေတယ်။

သြင်္ကန်ခံစားမှုစာကို မြန်မာ့ရိုးရာဆိုတာ ဘယ်လိုဘယ်ညာတွေ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းရမယ် ဆိုတာမျိုးတွေလည်း မရေးချင်ဘူး။ နီရူဒါက ပိတောက်ကို ဗဒေါက်ဆိုပြီး အသံထွက်ပြောခဲ့တဲ့အကြောင်း ဖတ်ဖူးတဲ့စာတစ်ပုဒ်နဲ့ စတင်ရမလား။ ဒါမှမဟုတ် ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကဗျာကို ဘယ်လိုခံစားမိတယ်၊ ဘယ်လိုဆင်ခြင်မိတယ် အဲ့ဒီလိုတွေ ရေးရင်ကောင်းမလား။ အမျိုးမျိုးစိတ်ကူးနဲ့ ကြိုးခုန်နေပေမယ့် လက်တွေ့ကျ ဘာမှမရေးနိုင်သေးဘဲ ဖြစ်နေရတယ်။ မြို့ထဲက ကြားရတဲ့ ယာဉ်တိုက်မှုတွေကို ရေးရမလား၊ မဏ္ဍပ်မှာ ကခုန်ရင်း အချုပ်ကားထဲ ရောက်သွားတဲ့ လူတွေအကြောင်း ရေးရမလား။

သရုပ်ပျက် ဝတ်ဆင်ထားတဲ့ ကောင်မလေးတွေကို ကြည့်ရင်း စိတ်ထဲဘယ်လိုတွေ ခံစားမိတယ်ဆိုတာတွေ ရေးရမလား။ တုန်ယင်နေတဲ့ လက်နဲ့ မြားပစ်သမားဟာ ပစ်မှတ်နဲ့ ဝေးခဲ့တယ်။ မတိကျတဲ့ စုတ်ချက်တွေဟာ ပန်းချီကားကို ဖျက်ဆီးပစ်လိမ့်မယ်။ မဖြောင့်မတ်တဲ့ နိုင်ငံရေးသမားဟာ သူ့ခေတ်ကို ညစ်နွမ်းစေလိမ့်မယ်။

သြင်္ကန်ရောက်တိုင်း စကားပြေတစ်ပုဒ် ပီပီပြင်ပြင် ရေးမယ်လို့ တွေးခဲ့တာကတော့ အခုမှ မဟုတ်ပါဘူး။ အခုလို စကားပြေတွေ အတော်များများ မရေးဖြစ်သေးတဲ့ ဟိုဘက်နှစ်တွေကတည်းကပဲ။ ကဗျာဆရာ နေမျိုးရဲ့ ဒုလ္လာဘဝတ်ပြီးတော့ ရက်စွဲတွေနဲ့ရေးတဲ့ နေ့စဉ်မှတ်တမ်းဆန်ဆန် သြင်္ကန်ပြီး အက်ဆေးတွေကို ကြိုက်မိတော့။ တစ်နှစ်တော့ ကျွန်တော် ဒုလ္လာဘဝတ်ဖြစ်တဲ့အခါ ဆရာ့လို ရေးကြည့်ဖို့ ကြိုးစားဖူးတယ်။

ဘယ်လိုမှဖြစ်မလာခဲ့ဘူး။ သြင်္ကန်တွင်း ဒုလ္လာဝတ်တာဟာ လူဘဝမှာ နေတာထက် အကုသိုလ် ပိုများပါလားဆိုတဲ့ အသိတစ်ခု ရလိုက်တာပဲ အဖတ်တင်တယ်။ ကိုယ်နေတဲ့ နေရာထက် ကိုယ့်စိတ်က ပိုအရေးကြီးမှန်း သိလိုက်ရတာကတော့ အမြတ်ပေါ့။ ဒီနှစ်တော့ ရေးဖြစ်အောင် ရေးမယ်လို့ အားခဲထားပြီး သြင်္ကန်မတိုင်ခင်ကတည်းက ဖတ်ရမယ့် စာအုပ်တွေစုထားတယ်။ ရေးရမယ့် စာတွေကို အစီအစဉ် ချထားတယ်။ တကယ်တမ်းကျ အာရုံကို စာရေးစာဖတ်တဲ့ဆီကို ဆွဲခေါ်လို့ မရအောင် ဖြစ်နေမိတယ်။ စိတ်ထဲကနေလည်း တကယ့်ဆရာတွေလို စာရေးပြီး အသက်မွေးရင် ငါတော့ ငတ်သေမှာပဲလို့လည်း တွေးနေမိပြန်တယ်။

တကယ်တော့ ရေးမယ်ဆို ရေးစရာတွေချည်းပဲ မဟုတ်လား။ သြင်္ကန်ရဲ့အဓိပ္ပာယ်၊ အနှစ်သာရ။ ဝါဝင်းတောက်ပနေတဲ့ ပိတောက်နဲ့ ငုဝါပန်းအကြောင်း။ တစ်ဦးကိုတစ်ဦး ချစ်ကြည်ရင်းနှီးစွာ ရေကစားကြပုံတွေ။ စတုဒိသာကျွေးပုံတွေ။

သြင်္ကန်နဲ့ ပတ်သက်တဲ့ အရင်ဆရာတွေ၊ အခုဆရာတွေရဲ့ ကဗျာတွေ၊ စာတွေဆို အများကြီးပဲ။ ရေးမယ်ဆို ရေးစရာတွေချည်း။ ဒါပေမဲ့ ကျွန်တော် ရေးလို့မရဘူး။ ခေါင်းပူအောင် တွေးလေ ဘာတစ်ခုမှ ထွက်မလာလေပဲ။ ဒါကို ကြည့်ရင်ပဲ စာရေးတဲ့ဘက်မှာ ကျွန်တော် ညံ့ဖျင်းကြောင်း ထင်ရှားပါတယ်။ စာအုပ်ကို ကောက်ကိုင်လိုက်၊ ပြန်ချလိုက်။ ဘောလ်ပင်ကို ကောက်ကိုင်လိုက်၊ ပြန်ချလိုက်နဲ့ ဣန္ဒြေမရဖြစ်ရတဲ့နေ့ပဲ။ အချိန်နဲ့ ဒီရေက လူကို မစောင့်တဲ့။ သြင်္ကန်ကလည်း မစောင့်ပါဘူး။ ခပ်တည်တည် ရောက်ချလာတယ်။ ကိုယ်ကတော့ ငေးနေရုံပေါ့။ အကျနေ့ကျ သူငယ်ချင်းက ခေါ်တာနဲ့ မြို့ထဲထွက်ခဲ့တယ်။ ဆူညံနေတဲ့ လူသံတွေ၊ ဆိုင်ကယ်သံတွေနဲ့ ရေရွှဲနေတဲ့လမ်းမတွေ။ မြို့ဟာ စိတ်ရှိသလို ခုန်ပေါက်မြူးထူးနေလေရဲ့။

စင်ပေါ်က လူတွေရဲ့ သြင်္ကန်သီချင်းတွေ ကြားရတော့ ငယ်ကတည်းက ကြားနေရတဲ့ သီချင်းတွေကို အခုထိ ဖြောင့်အောင်၊ ချောအောင်၊ စာသားမှန်အောင် ဘာလို့မဆိုနိုင်ကြတာလဲလို့ တွေးမိတယ်။ တီးဝိုင်းက သံစဉ်တွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုချာလေလို့ ထင်မိတယ်။ စက်အခက်အခဲ၊ ပညာအခက်အခဲတွေလည်း ရှိနေလိမ့်မယ်လို့ တွေးဖြေကြည့်မိတယ်။ ကျွန်တော်တို့မြို့မှာ သြင်္ကန်မဏ္ဍပ်တွေ ကြည့်လိုက်ရင် ကြီးကောင်ကြီးမားတွေပဲ တက်ပြီး ကဲနေ ဟဲနေကြတာကို ကျွန်တော် ဘဝင်မကျဘူး။ လူငယ်တွေကို ပွဲထုတ်ပေးသင့်တယ်လို့ မြင်မိတယ်။ တကယ်တော့ ကျွန်တော့်မြို့ကလည်း အနုပညာကို တန်ဖိုးထား အားပေးတတ်တဲ့မြို့လည်း မဟုတ်ပါဘူး။ ပွဲတော်တဲ့ဟေ့ဆို ပိုက်ဆံဝါလားကြီးတွေ မူးရူးပြီး အချင်းချင်း လက်ခုပ်တီးမြှောက်ပင့်နေကြတာပဲ မြင်ရတယ်။ အရင်တုန်းကတော့ ဗဟိုမဏ္ဍပ်ဆိုတာ အကောင်ကြီးကြီးနဲ့ သူ့သားသမီး မိတ်ဆွေတွေကြီးစိုးတဲ့နေရာပဲ။ အခုတော့ အဲ့လိုတွေ ရှိသေးလားတော့မသိ။ မူးနေကြတဲ့ စင်အောက်ကလူတွေကလည်း သီချင်းအနှစ်သာရ ဘာညာတွေ သိပ်မစဉ်းစားကြပါဘူး။ ခုန်ပေါက်လို့ရရင် ပြီးတာပါပဲ။ အဲ့လိုအနေအထားမျိုးမှာတောင် သူ့အိုးနဲ့ သူ့ဆန်တန်အောင် မဆိုနိုင် မတီးနိုင်ကြတာ အတော့်ကို ညံ့လို့ဖြစ်မယ်လို့ ကောက်ချက်ချမိတယ်။ ကိုယ်ကသာ ကြောင်တောင်တောင် တွေးနေမိတာပါ။

တကယ်က သြင်္ကန်မဏ္ဍပ်ဆိုတာကလည်း စီးပွားရေးကွင်းပြင်တစ်ခုပဲ မဟုတ်လား။ အနုပညာတွေ ဘာတွေ တွေးနေတဲ့ ကျွန်တော်က မရူးနှမ်းဘူးလား။ သူငယ်ချင်းက လာခေါ်လို့ မြို့ထဲက မဏ္ဍပ်တွေဘက် ရောက်ခဲ့ပြီး ဆိုနေ၊ တီးနေကြတာကို တွေ့ရတော့ အကုသိုလ် ဖြစ်မိတာတွေပါ။ သူငယ်ချင်းက သွားကကြရအောင်ဆိုတော့ မကတတ်ဘူးလို့ငြင်းပြီး မဏ္ဍပ်ဘေးရပ်ပြီး ကနေကြတဲ့ လူတွေကို ငေးနေမိတယ်။ စင်ပေါ်က ကျလာတဲ့ ရေတွေရွှဲစိုလို့ ကခုန်နေကြတဲ့ လူတွေ။ သူတို့ဟာ သူတို့တော့ ပျော်နေကြတဲ့ပုံပဲ။ ဆင်းရဲဒုက္ခနဲ့ မထိတွေ့ဖူးတဲ့ လူတွေလို။ နာကျင်မှုတွေ၊ ဒဏ်ရာတွေကို မမြည်းစမ်းဖူးတဲ့ လူတွေလို။ အပူအပင်တွေ လုံး၀ ကင်းစင်နေကြတဲ့ပုံအတိုင်း။ ပျော်စရာဆိုတာ ထိုက်တန်တဲ့ လူတွေပဲ ရနိုင်တဲ့အရာလိုပါပဲ။ အရွယ်စုံ၊ အရောင်စုံ ယိုင်ထိုးပြီး ကခုန်နေကြတဲ့လူတွေကို ကြည့်ရင်း ကျွန်တော် ပြုံးမိတယ်။ တစ်ခါတလေ လွှတ်ချပစ်လိုက်ရတယ်တဲ့ သူငယ်ချင်းက ပြောပါတယ်။ အခုထက် အသက်ပိုရလာရင် ဒါမျိုးလွှတ်ချဖို့ မလွယ်တော့ဘူးတဲ့။ သူပြောတာလည်း မှန်ပါတယ်။ မရှိနွမ်းပါးတဲ့ လူတွေအဖို့ စိတ်ကို လွှတ်ချရမယ့်နေရာကလည်း ဒီလိုပွဲတော်တွေပဲ ရှိတာမဟုတ်လား။ နေ့စဉ်ရက်ဆက် သူများအိတ်ထဲက ငွေစကြေးစကို ကိုယ့်အိတ်ထဲရောက်ဖို့ လုံးပမ်းရင်း စိတ်တွေ ထုံအနေခဲ့ရတဲ့ လူတွေအတွက် တစ်ခါတစ်ရံ ဘာကိုမှမစဉ်းစားဘဲ လွှတ်ချပစ်လိုက်ရတဲ့ အချိန်တွေ လိုအပ်မှာပါပဲ။ The Ants ရဲ့ မစဉ်းစားတဲ့သီချင်းကို သတိရမိတယ်။ “သိပ်ပြီး ဦးနှောက်မခြောက်နဲ့ ဘဝက ခဏပါ၊ ပျော်သလိုပဲ သွား၊ ကြိုတွေးထားလို့ မရတဲ့ လောကကြီးမှာ ပူပန်နေဦးမလား၊ မစဉ်းစားတဲ့ သီချင်းနဲ့ ကကြ” ဒီလိုတွေးဆိုတော့လည်း အဓိပ္ပာယ်မဲ့တယ်လို့ ကျွန်တော် ယူဆမိတဲ့ ပွဲတော်တွေရဲ့ အနှစ်သာရကို သတိပြုမိတယ်။

တန်ခူးလရဲ့ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ နိစ္စဓူ၀ အလုပ်တွေ၊ အမောတွေနဲ့ နွမ်းနယ်နေတဲ့ လူတွေကို တခဏငြိမ်းအေးပြီး တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးဖို့ ကြိုးစားထားတဲ့ပွဲလို့လည်း ပြန်မြင်မိပြန်တယ်။ နှစ်တစ်နှစ်ကို ပျော်ရွှင်ခြင်းတွေနဲ့ ကုန်ဆုံးပြီး နောက်ထပ် နှစ်သစ်တစ်နှစ်ဆီ အေးချမ်းစွာ ကူးပြောင်းသွားစေဖို့ ရည်ရွယ်ပြီး အစဉ်အဆက်က လူကြီးတွေ ကြံဆောင်ခဲ့ကြတာပဲဖြစ်မယ် ထင်ပါတယ်။ တကယ်တော့ နှစ်သစ်ဟာ ဆုတောင်းသံတွေနဲ့ စတင်ပြီး အကောင်အထည်ဖော်ခြင်းဆိုတဲ့ အလုပ်နဲ့ စီးဆင်းသွားရမယ့်ကိစ္စပဲ မဟုတ်လား။

မနက်ဖြန်ဟာ သေဆုံးတတ်တဲ့ သစ်ရွက်မဟုတ်ဘူး။ မျှော်လင့်ခြင်းဆိုတာလည်း ခန်းခြောက်သွားမယ့် မြစ်တစ်စင်းလည်း မဟုတ်ပါဘူး။ ပွဲတော်နဲ့ ကိုယ်စိတ်နှစ်ပါးကို လွှတ်ချပြီးတဲ့နောက် လေးလံတဲ့ သောကတွေကို ပြန်လည်ကောက်ယူရမယ်ဆို လူ့အဖြစ်ဟာ ငြီးငွေ့စရာ မကောင်းဘူးလား။ တစ်ဖက်ပိတ် အကောင်းမြင်ဝါဒနဲ့ အမည်းရောင်ကို အဖြူရောင်လို့ မြင်နေဖို့လည်း မလိုဘူးထင်တယ်။ တစ်ဖက်ပိတ် အဆိုးမြင်ဝါဒနဲ့ အဖြူကို အမည်းလို့ ဇွတ်ငြင်းနေဖို့လည်း မလိုဘူး ထင်ပါတယ်။

ပျော်ရွှင်မှုကို အငမ်းမရ စုပ်ယူနေကြတဲ့ လူတွေနဲ့ သြင်္ကန်မဏ္ဍပ်ကနေ အိမ်ကိုပြန်လာခဲ့ပြီး ဖေ့စ်ဘုတ်ကို ဖွင့်ကြည့်မိတော့ ဆီးရီးယားနဲ့ ပြည်တွင်းက စစ်ပွဲသတင်းတွေကို တွေ့ရတယ်။ အခုထိ ရှည်လျားထွားကြိုင်းနေတဲ့ ပြည်တွင်းစစ်မျက်နှာပြင်တွေမှာ သြင်္ကန်ဆိုတဲ့အရာနဲ့ ထိတွေ့ခွင့်မရတဲ့ စစ်ဘေးရှောင် ပြည်သူတွေသူတို့ရဲ့ မွန်းကျပ်ခါးသီးတဲ့ စိတ်တွေကို ဘယ်လိုအရာတွေနဲ့ လွှတ်ချကြရှာလေမလဲ။ ကျည်ဆန်တွေကြားထဲမှာ ပွင့်နေတဲ့ အရာတွေက သေခြင်းတရားနဲ့ နာကျင်ငတ်မွတ်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်းတွေပဲ သီးပွင့်နေမှာ အသေအချာပါပဲ။ တစ်ပြည်တည်းနေပြီး တဘက်သတ် ပျော်ရွှင်နေမိတာကော ကျွန်တော်တို့ တရားမျှတရဲ့လားလို့ တစ်ယောက်တည်း တွေးမိတော့ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်စရာလည်း အဖြေမရှိ။ သူတစ်ပါးကို နှစ်သိမ့်ဖို့လည်း စကားလုံးမရှိ။ ပျော်ရွှင်ခြင်းဟာ ဘက်လိုက်မှုတွေ အပြည့်အဝပဲလို့ အဆိုးမြင်စိတ်က ခေါင်းထောင်လာပြန်တော့ ဆရာတက်တိုး ဘာသာပြန်တဲ့ ‘သူတို့ အတွေးအခေါ် မှတ်စုများ’ ထဲ ဖတ်ဖူးတဲ့ ဂစ်စတန်းရဲ့ စကားကို သတိရမိတယ်။

“အကောင်းမြင်သမားရော၊ အဆိုးမြင်သမားတို့ပါ လူ့အဖွဲ့အစည်းကို အကျိုးပြု၏။ အကောင်းမြင်သမားက လေယာဉ်ကို တီထွင်သည်။ အဆိုးမြင်သမားက လေထီးကို တီထွင်သည်” တဲ့။ ဟုတ်ကဲ့ လေယာဉ်ပျံကို မတီထွင်နိုင်သူတွေဟာ လေထီးကို တီထွင်ဖို့ မမေ့လျော့သင့်ဘူး မဟုတ်ပါလား။

Most Read

Most Recent