တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၃)

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၃)
Published 20 April 2018

Photo: EasyInvoice

ပြောင်းလဲချိန်တန်ပြီ

ဤစစ်ဘားကောင်စီ အခင်းအကျင်းကား ယနေ့တိုင် မပျက်ပြယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသည့် ပြုပြင်ပြောင်းလဲမှု၊ ဖြေလျှော့မှုများ စတင်လာသည်ကို အသိအမှတ် ပြုကြရပါမည်။

၆-၁-၂၀၁၂ တွင် ရန်ကုန်မြို့တော် ဝင်နှင်းဆီခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် အစည်းအဝေးတွင် ကျွန်တော်က “မြန်မာနိုင်ငံ ရှေ့နေများကောင်စီကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး” စာတမ်းဖတ်ခဲ့သည်။ ထိုစဉ်က ကျွန်တော် ရှေ့နေလိုင်စင် ပြန်မရသေး။ ဇူလိုင်လတွင်မှ တရားလွှတ်တော် ရှေ့နေလိုင်စင် ပြန်ရခဲ့သည်။

၁၄-၉-၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM) အမှုဆောင်ကော်မတီ (Main Commltee) နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တွေ့ဆုံသည်။ ဘားကောင်စီကိစ္စ လိုင်စင်ရုပ်သိမ်းခံ ရှေ့နေများ ခုခံချေပခွင့် ရရေးကိစ္စ၊ နိုင်ငံသား ပြုခွင့်ရရေးနှင့် ဧည့်နိုင်ငံသားများ အလုပ်သင်ရှေ့နေ ဆင်းခွင့်မရသည့်ကိစ္စ အကျယ်တဝင့် ဆွေးနွေးတင်ပြခဲ့ကြသည်။ တရားသူကြီးချုပ်က ဘားကောင်စီဥပဒေ ပြင်ဖို့ ဥပဒေပြု အဖွဲ့အစည်းများနှင့် ဆွေးနွေးတင်ပြရန် အကြံပြုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ရှေ့နေများအဖွဲ့ချုပ် (IBA) တို့က ကမကထပြုပြီး အမျိုးသားအဆင့် တည်ထောင် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း (ILAM) တွင် “မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများ ကောင်စီ ဥပဒေ (မူကြမ်း)” သတ္တမအကြိမ်ထိ တည်းဖြတ်ပြီး အဆင်သင့် ရှိသည်။

ဤမူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိနေသော ကိုယ်စားလှယ် ရှေ့နေများကလည်း ထောက်ခံကြသည်။ ဥပဒေကြမ်း ကော်မတီများနှင့်လည်း ဆွေးနွေးတင်ပြပြီး ဖြစ်ပါသည်။ ဦးရွှေမန်းကော်မရှင်ဟု လူသိများသည့် “ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ကော်မရှင်” သို့လည်း တင်ပြထားပြီး ဖြစ်သည်။

ပြီးခဲ့သည့် လများအတွင်း ရန်ကုန်မြို့ မဟာအက္ခရာ (Law Firm) က ဦးဆောင် ခေါ်ယူခဲ့သည့် အစည်းအဝေးကြီးက ဘားကောင်စီဥပဒေ ပြင်ဆင်ရေး တပ်လှန့်နှိုးလိုက်သည်။ ၂၅-၃-၂၀၁၈ နေ့တွင် “ပန်သူရိယ” ခန်းမ ဒုတိယအစည်းအဝေးက ဘားကောင်စီဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြပါပြီ။ ဤကော်မတီက ၁၉၈၉ ဘားကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ဖြုတ်ခံထားခဲ့ရသည့် မူလပုဒ်မ (၄) နှင့် ပုဒ်မ (၆) တို့ကို ပြန်လည် ထည့်သွင်းရန်သာဖြစ်၍ ပိုမိုလွယ်ကူ အဆင်ချောနိုင်ပေမည်ဟု အများက ယုံကြည်ကြသည်။

ရှေ့နေများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်သည့် လွတ်လပ်သော ဘားကောင်စီတစ်ရပ် ပေါ်ပေါက်လာမှသာ ကျင့်ဝတ်သိက္ခာ တာဝန်နှင့် ရပိုင်ခွင့်တို့ ပီပီပြင်ပြင် ရှိလာမည်ဆိုလျှင် ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်သည့် ရှေ့နေများကို အရေးယူရန် မလိုအပ်တော့ပြီလော။ ရှေ့နေရှေ့ရပ် အသက်မွေးဝမ်းကျောင်းသည် မွန်မြတ်သန့်စင်သည့် ပညာရပ်ဆိုင်ရာ လုပ်ငန်းဖြစ်၍ အဖျင်းအမှော်များ ခဲသလဲများကို ဖယ်ရှား သုတ်သင်ရမည်ကား ယုံမှားဖွယ်မရှိ။ သို့ရာတွင် တရားမျှတရမည်။ ဥပဒေနှင့် ညီညွတ်ရပေလိမ့်မည်။

ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှု (Misconduct)

ဘားကောင်စီ အက်ဥပဒေတွင် (Misconduct) ၏ အဓိပ္ပာယ်တိကျစွာ ဖွင့်ဆိုထားခြင်း မရှိ။ ပုဒ်မ ၁၀ (၁) တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်မှု (Professional Misconduct) နှင့် အခြား ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှု (Other Misconduct) ဟု သုံးစွဲထားသည်။

“ ၁၉၈၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၈၆ ဗဟိုတရားရုံးချုပ်ရှေ့နေ တစ်ယောက်၏ ကိစ္စ” အမှုတွင် ထိုစဉ်က ဗဟိုတရားရုံးက “ဒေါက်တာဘဟန် ပြုစုသော အင်္ဂလိပ် မြန်မာ အဘိဓာန်တွင် (Misconduct) ကို အကျင့်ဖောက်ပြန်ခြင်း၊ အကျင့်ဖောက်ဖျက်မှု၊ ဖောက်လဲှဖောက်ပြန်ဖြစ်မှု၊ ဖောက်လဲှ ဖောက်ပြန်ပြုခြင်း၊ အလွဲမကောင်းသော အကျင့်အကြံ အမူအရာအပြုအမူ၊ မကောင်းကျင့် မကောင်းကြံဟူ၍ ဘာသာပြန်ထားကြောင်း” ညွှန်ပြထားသည်။

Oxford တက္ကသိုလ် ၂၀၁၅ ခုနှစ်ထုတ် အဋ္ဌမအကြိမ် “Dictionary of Law” စာအုပ်တွင် (Misconduct) ကို Incorrect or erroneous conduct (မလျော်ကန်သော သို့မဟုတ် မှားယွင်းသော ပြုမူဆောင်ရွက်ချက်) ဟု အဓိပ္ပာယ်ဖွင့်သည်။ ဆက်လက်၍ Wilful Misconduct ကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်သည်။

Wilful misconduct : Intentionally doing something that is wrong , or wrongfull omiting to do something, or doing something or omitting to do something that shows reckless indifference as to what the consequences may be.

(ရည်ရွယ်ချက်ဖြင့် အကျင့်ဖောက်ပြားမှု ... မမှန်သည်ကို သိလျက်နှင့် ပြုခြင်း ... တစ်စုံတစ်ရာကို မှားယွင်းစွာ ထိမ်ချန်ပျက်ကွက်ခြင်း၊ နောက်ဆက်တွဲ ဖြစ်နိုင်ခြေများကို သိပါလျက် ... တစ်စုံတစ်ရာကို ပြုရန် တမင်ပျက် ကွက်ခြင်း မဆင်မခြင် တာဝန်မဲ့ပြုခြင်း)

မြန်မာနိုင်ငံတွင် ဘားကောင်စီ ဥပဒေ၌ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုနှင့် ပတ်သက်သော တိကျသည့် ပြဋ္ဌာန်းချက်မပါ စီရင်ထုံးများဖြင့်သာ အဓိပ္ပာယ် ဖွင့်ဆိုထားခြင်း ဖြစ်ပါ၏။

Moral turpitude - Test for striking off the rolls - Bar Councils Act, s.1 0 (1). The test that the Court has to apply in Considering off the Roll of Advocates is whether the proved misconduct of the advocated is such that he must be regarded as unworthy to remain a member of the honourable profession to which he has been admitted, and unfit to be entrusted with the responsible duties that an advocate is called upon to perform. Ex Parte Brounsall, 2 Cowper 8 2 9 ; In re Weare , (1893) 2 Q.B.4 3 9 . followed. In re An Advocate , 46 Mad. 9 0 3 : Re Blake, 3 E.& E;34 : Re Hill, L.R.3 Q.B 543: In re A pleader 57 Cal. 337; In the matter of R.N.Mukerji, 22 All.49 , referred to. In THE MATTER OF ANADVOCATE.
12 Ran.110

ကိုယ်ကျင့် ဖောက်ပြားခြင်း- တရားလွှတ်တော်ရှေ့နေစာရင်းမှ ပယ်ဖျက်ခြင်း ဘားကောင်စီအက်၊ (၁၀) ၁ တရားလွှတ်တော် ရှေ့နေတစ်ဦးအား စာရင်းမှ ပယ်ထုတ်နိုင်ရန်အတွက် ဟိုက်ကုတ်က စဉ်းစားချိန်ဆရာတွင် သက်သေ ထင်ရှားပြပြီးသော စွပ်စွဲခံရသူ၏ အပြုအမူသည် ဂုဏ်သရေရှိ တရားလွှတ်တော်ရှေ့နေ တစ်ဦးအဖြစ် ယင်း၏ အသိုက်အမြုံက ဆက်လက် လက်ခံရန် ထိုက်တန်ခြင်း ရှိ မရှိ၊ တရားလွှတ်တော်ရှေ့နေ တစ်ဦးတွင် တင်ရှိသော တာဝန်ဝတ္တရားများကို ဆောင်ရွက်ခွင့်ပြုရန် ယုံကြည်ထိုက် မထိုက်ပင် ဖြစ်သည်။

၁၂ ရန်ကုန် ၁၁၀

နိုင်ငံရေး ပြစ်မှုသည် ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုလော

အထက်ပါ တင်ပြချက်များအရ ရှေ့နေတစ်ဦးကို အရေးယူနိုင်ရန် ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုဟူသည် ယင်းက အမှုသည်ပေါ် ဆုံးဖြတ်ပေးရန် ရှိသော ဥပဒေ ဝန်ဆောင်မှုကို တရားမဲ့ ဖောက်ဖျက်ခြင်း၊ တည်ကြည်ဖြောင့်မတ်သည့် ဂုဏ်သိက္ခာရှိသော ရှေ့နေတစ်ဦး၏ အပြုအမူမှ ဖောက်လှဲ ဖောက်ပြန်ပြုခြင်း၊ လူ့အဖွဲ့အစည်းက တားမြစ်ထားသော အကျင့်စာရိတ္တဆိုင်ရာ ပြစ်မှုကျူးလွန်ခြင်းတို့သာ ဖြစ်ကြောင်း ထင်ရှားပါသည်။

နိုင်ငံရေးအရ သဘောထား ကွဲလွဲသဖြင့် အာဏာရသူက ပြစ်ဒဏ်ချမှတ် ခံရသူကို ကိုယ်ကျင့်သိက္ခာ ဖောက်ဖျက်သူဟု စွပ်စွဲလျှင် တရားမျှတပါမည်လား။ ထိုအပြစ်ပေးသူသည် နိုင်ငံရေးအရ အာဏာလက်လွတ်၍ နိမ့်ပါးချိန်တွင် နိုင်ငံရေးအရ ပြစ်ဒဏ် ချခံရသည်ကို ကိုယ်ကျင့်သိက္ခာ ဖောက်ဖျက်သည်ဟု ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် စွပ်စွဲနေကြလျှင် တရားမျှတသည်ဟု ဆိုနိုင်ပါ့မလား။ ပြည်ထဲရေးဝန်ကြီး ဦးဘိုနီ လက်ထက်တွင် ရုံးထုတ်သည့် အကျဉ်းသားများကို နောက်အမှုရှိပါက သံခြေချင်းခတ်၍ ရုံးထုတ်ရန် ပြန်လည် ညွှန်ကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဘဝမှ အကျဉ်းသားတစ်ဖြစ်လဲ ဦးဘိုနီ သံခြေချင်းနှင့် ရုံးထုတ်ခံခဲ့ရရာ များစွာ သံဝေဂရဖွယ် ဖြစ်ပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးခေတ်ဦးက နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ- ၁၂၂ (၁) အရ သေဒဏ် ချမှတ်ခြင်းခံရသူ ဦးကျားမှာ သေဒဏ်မှ လွတ်မြောက်လာပြီး ဖဆပလနှင့် မဆလခေတ်ထိ အလွန်ထင်ရှား ကျော်ကြားသော တရားလွှတ်တော် ရှေ့နေကြီးတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် ၁၉၇၆ ခုနှစ်တွင် ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ - ၅ (ည) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရသည်။ သို့ရာတွင် မည်သည့် အတားအဆီးမျှမရှိဘဲ ၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့နေ ဖြစ်လာပြီး ၁၉၈၆ ခုနှစ်တွင် ဗဟိုတရားရုံးရှေ့နေ ဖြစ်လာသည်။

သို့ရာတွင် ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီး၌ ကလေးသပိတ်နှင့် ရွှေဘိုသပိတ်ကို ခေါင်းဆောင်ခဲ့ကြသော ရှေ့နေ ဦးအေးမြင့် နှင့် ရှေ့နေ ဦးမြင့်သန်းတို့မှာ သေဒဏ်မှ ပြန်လည် လွတ်မြောက်လာသော်လည်း ယနေ့အချိန်ထိ ရှေ့နေလိုင်စင် ပြန်လည် မရရှိပါ။

ကြေကွဲဖွယ်ဖြစ်ရပ်များ

ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်သည့် ရှေ့နေကို အရေးယူ အပြစ်ပေးခြင်းမှာ မှန်ကန်မျှတပါသည်။ ပြစ်မှုကြောင်းအရ အရေးယူခံရခြင်းများလည်း ရှိပါသည်။ ထိုကိစ္စရပ်များအတွက် စောဒကတက်ဖွယ် မရှိပါ။ လိုင်စင် ရုပ်သိမ်းခံရသော ရှေ့နေအများစုမှာ စစ်အစိုးရ လက်ထက်က ဖြစ်ပါသည်။

မန္တလေးမြို့က အထက်တန်းရှေ့နေ တစ်ဦးမှာ စစ်အစိုးရခေတ်တွင် လျှောက်လဲချက် တစ်စောင်ဖြင့် လိုင်စင် ရုပ်သိမ်းခံခဲ့ရသည်။

ရန်ကုန်မြို့က ရှေ့နေတစ်ဦးမှာ တရား မမှုတစ်မှုတွင် မိမိ အမှုသည်အား တရားပြိုင်အဖြစ်မှ ဖယ်ထုတ်ပေးရန် လျှောက်လွှာတင်သည်။ နားလည်မှုလွဲသော အမှုသည်က တိုင်ကြားသဖြင့် ထိုရှေ့နေလိုင်စင် ပြုတ်ရတော့သည်။ နောက်ပိုင်းတွင် အမှုသည်က သူမှားမှန်းသိ၍ တိုင်ကြားစာ ပြန်လည် ရုပ်သိမ်းသော်လည်း မမီတော့။ ရှေ့နေခင်ဗျာ ယနေ့အချိန်ထိ လိုင်စင် ပြန်မရရှာတော့။

အမျိုးသား ပြန်လည်သင့်မြတ်ရေးသို့

ယနေ့အချိန် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပကာ ဒုတိယပင်လုံ ကြွေးကြော်သံဖြင့် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ချီတက်နေချိန် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး လက်နက်စွဲကိုင် အသေအကျေ ပစ်ခတ်သတ်ဖြတ် နေကြသူများ ငြိမ်းချမ်းရေး စကားဝိုင်းသို့ ရောက်နေကြချေပြီ။ ဤအခြေအနေတွင် မတရားလိုင်စင် ရုပ်သိမ်းခံရသူ ရှေ့နေများဥပဒေအရ ခုခံချေပခွင့် မရခဲ့သည့် ရှေ့နေများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါသည်။ နိုင်ငံရေး ရန်ငြိုးဖြင့် ထောင်ချ၊ ဘဝပျက်စေရန် ထမင်းအိုးခွဲခံရသည့် ယခင် စစ်အစိုးရ၏ ရန်သူရှေ့နေများကို ပြည်သူ့အစိုးရ လက်ထက်တွင် ပြန်လည်ရှင်သန်ခွင့် ပေးသင့်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

Most Read

Most Recent