ရေးလက်စ ဝတ္ထု

ရေးလက်စ ဝတ္ထု
Published 27 February 2018

ကျွန်တော် ဖတ်ရှုခဲ့သော စာအုပ်တစ်အုပ်ရှိသည်။ ကျွန်တော်က “ဘယ်လိုစာအုပ်ကိုဖတ်ရင် ကောင်းမလဲ” ဟု သူငယ်ချင်း ကဗျာဆရာ ဇော်ထိန်ကို အကြံဉာဏ်တောင်းတော့ သူက “ပလေးတိုးနိဒါန်းကို ဖတ်ကြည့်ပါ အစ်ကိုကြီး” ဟု ဆိုသည်။ သူက မန္တလေးတက္ကသိုလ် ဒဿနိကဗေဒဌာနမှ ဆရာတစ်ယောက်ဖြစ်သည်။ ကျွန်တော် ဖတ်ရှုလိုသဖြင့် မေးမြန်းခဲ့သည်မှာလည်း ဒဿနစာအုပ်တစ်အုပ် ဖြစ်ပါသည်။ ထိုစာအုပ်ကို ဖတ်နေရင်း ကျွန်တော်ရေးရန် ကြိုးစားခဲ့ဖူးသော ဝတ္ထုတိုတစ်ပုဒ်ကို သတိရလာသည်။ ဝတ္ထုတိုမှာ အစပိုင်းသာ အနည်းငယ်မျှ ရေးသားထားပြီး ဆက်လက် မရေးဖြစ်တော့ဘဲ သည်အတိုင်းထားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ ယခု ယင်းဝတ္ထုအကြောင်းကို နည်းနည်းပြောပြလိုပါသည်။ ကျွန်တော်က ယင်းဝတ္ထုတိုကို “ဆော့ခရတ္တိလွတ်မြောက်ခြင်း” ဟု အမည်ပေးထားသည်။ ဝတ္ထုဇာတ်လမ်း အကြောင်းအရာမှာလည်း အခြားမဟုတ်၊ အေသင်မြို့ အကျဉ်းထောင်မှ ဆော့ခရတ္တိ လွတ်မြောက်သွားပုံကို ရေးလိုရင်းပင်ဖြစ်သည်။

ကျွန်တော် မခံမရပ်နိုင်သည့် တစ်ခုရှိခဲ့ဖူးသည်။ ယင်းမှာ အခြားမဟုတ်။ ဆော့ခရတ္တိကို အကျဉ်းချကာ သေဒဏ်စီရင်ခြင်းပင် ဖြစ်သည်။ လွန်ခဲ့ပြီးဖြစ်သော နှစ်များစွာက အဖြစ်အပျက်တစ်ခုဖြစ်၍ ကျွန်တော် ဘာမျှမတတ်နိုင်ပါ။ ကျွန်တော် တတ်နိုင်သည်က ဝတ္ထုထဲ၌ ဆော့ခရတ္တိကို လွတ်မြောက်စေခြင်း ဖြစ်သည်။ ကျွန်တော် လူငယ်ဘဝက ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်ခဲ့ဖူးသည်။ အိန္ဒိယဇာတ်ကားဖြစ်ပြီး မင်းသားက အမီတာဘာကျန်းဟု ထင်ပါသည်။ ထိုဇာတ်လမ်းထဲတွင် အမီတာဘာကျန်းကို လူတစ်ယောက်အား သတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်စီရင်လိုက်သည်။ နှစ်များကြာမြင်ခဲ့ပြီ။ အမီတာဘာကျန်း ထောင်မှလွတ်မြောက်လာသည့်အခါ သူသတ်ခဲ့ပါသည်ဟုဆိုသောလူကို အသက်ရှင်နေလျက် တွေ့လိုက်ရသည်။ သူက ထိုလူနောက်ကိုလိုက်သည်။ ထိုလူက ထွက်ပြေးသည်။ ထွက်ပြေးရင်း တရားရုံးထဲသို့ ထိုလူရောက် ရှိသွားပြီး ယင်းအချိန်၌ တရားစီရင်နေသည်နှင့် ကြုံရသည်။ တရားသူကြီးမှာ အမီတာဘာကျန်းကို တရားစီရင်ခဲ့သူပင်။ အမီတာဘာကျန်းက တရားသူကြီးကို မေးခွန်းထုတ်သည်။ ထိုလူ့ကိုသတ်မှုနှင့် သူပြစ်ဒဏ်ခံရပြီးပြီ။ ယခု သူ့ကို သတ်ဖြတ်ပိုင်ခွင့် သူ့မှာရှိနေပြီ။ ထိုအကြောင်းအရာကို ဘယ်လိုသဘောရသလဲဟူသည့် အဓိပ္ပာယ်ဖြစ်သည်။

ထိုစဉ်က ကျွန်တော်တို့သည် နုနယ်သော ကလေးသာသာ လူငယ်ကလေးများသာ ဖြစ်ပါသည်။ ယခု ကျွန်တော် အစ၌ ပြောခဲ့သည့် ဆော့ခရတ္တိအကြောင်း ဆက်ပါမည်။ ကျွန်တော်သည် အေသင်မြို့ပြနိုင်ငံခေတ်မှ ဒဿနပညာရှင် ဆော့ခရတ္တိကို ရိုသေလေးစားပါသည်။ ကျွန်တော်နှစ်သက်သော စာရေးဆရာ ကျော်စွာထက်၏ ဝတ္ထုတိုများထဲတွင် ထိုအကြောင်းအရာများ ပါဝင်လေ့ရှိသည်။ အေသင်မြို့မှ လူငယ်များသည် အာဇာနည်မြင်းကောင်းနှင့်တူကြောင်း သူက ထိုအာဇာနည်မြင်းကောင်းများ နိုးကြားထက်သန်နေရန် လှုပ်ရှားနေရ ကိုက်ခဲပေးနေရသည့် မှက်၊ ခြင်နှင့်တူကြောင်း ဆော့ခရတ္တိ၏အဆိုကို ဆရာကျော်စွာထက်၏ ဝတ္ထုတိုထဲ၌ ဖတ်ရှုခဲ့ရပါသည်။

ဆော့ခရတ္တိသည် မြို့ပြနိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာသဖြင့် အဆိပ်ခွက်ကိုသောက်ကာ သေဒဏ်စီရင်ခြင်းကို လက်ခံခဲ့သည်။ လူငယ်ကလေးတစ်ဦး၏ အသိအမြင်၌ ထိုအချက်က စွဲထင်နေပါတော့သည်။ ကျွန်တော့်၌ ရေးလက်စဝတ္ထုတိုအချို့ရှိသည်။ အများကြီးတော့မဟုတ်။ ထိုအထဲမှ “ဆော့ခရတ္တိ လွတ်မြောက်ခြင်း” မှာ တစ်ခုအပါအဝင် ဖြစ်ပါသည်။ အမီတာဘာကျန်းက တရားသူကြီးကို မေးခွန်းထုတ်နေသည်။ ဆော့ခရတ္တိကတော့ အေးဆေးတည်ငြိမ်စွာပင် အဆိပ်ခွက်ကို မော့သောက်ခဲ့သည်။

ညဉ့်အမှောင်ရိပ်သည် အေသင်မြို့ အကျဉ်းထောင်ထဲတွင် တစ်စတစ်စ နက်ရှိုင်းလာခဲ့သည်။ ဆော့ခရတ္တိသည် ဦးခေါင်းကို ကွေးညွတ်၍ ငြိမ်သက်စွာ လမ်းလျှောက်နေ၏။ သူ၏ပုံသဏ္ဌာန်ကို ခပ်ဝါးဝါးသာ မြင်တွေ့နေရပေသည်။ အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက ကညင်ဆီမီးတိုင်ကြီးတစ်တိုင်ကို ကိုင်ဆောင်ကာ ဆော့ခရတ္တိရှိရာ အကျဉ်းထောင်အခန်းထဲသို့ ဝင်ရောက်လာသည်။ ကညင်ဆီမီးတိုင်၏ ဝါကျင်ကျင် အလင်းရောင်ထဲတွင် ဆော့ခရတ္တိ၏ အရိပ်သည် နံရံတွင် လှုပ်ယိမ်းနေခဲ့လေသည်။ ထို့နောက်တွင်တော့ အရာအားလုံး ငြိမ်သက်သွားခဲ့ပြီ။ ဆော့ခရတ္တိကို မည်သူမျှ မတွေ့မြင်ကြရတော့။ တိတ်ဆိတ်မှုသာ။

နောက်တစ်နေ့ နံနက်ခင်း၌ အေသင်မြို့၏ လူစည်ကားရာဈေးထဲ၌ လှုပ်လှုပ်ရွရွ ဖြစ်နေသောလူအုပ်ကြီးက တီးတိုးရေရွတ် ပြောဆိုနေကြ၏။ အကြောင်းအရာကတော့ ဆော့ခရတ္တိသည် ပြစ်ဒဏ်ကို ကောင်းစွာခံ ယူလိုက်ပြီဖြစ်ကြောင်းပင်။ လူအချို့က ဝမ်းနည်းဟန်ဖြင့် စုတ်သပ်ကြ၏။ လူအချို့က မည်သို့မျှ ခံစားရပုံမပြ။ လူအချို့က ဒိန်ခဲကို ဈေးလျှော့ပေးရန်သာ တောင်းဆိုနေသည်။ လူအချို့ကတော့ “ကိစ္စတစ်ခု ပြီးသွားတာပေါ့” ဟူသော ဟန်အမူအရာမျိုးဖြင့် အေးအေးလူလူပင်။ ဆော့ခရတ္တိတွင် တင်ရှိခဲ့သော ကြွေးဖြစ်သည့် ကြက်တစ်ကောင်ကို ထိုနေ့နံနက်မှာပင် ပလေတိုက ခရီတိုဆိုသူအား သွားရောက် ပေးဆပ်စေခဲ့ပြီးပြီဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည်မှာ ကျွန်တော်၏ ရေးလက်စစာမူမှ ကောက်နုတ် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဆော့ခရတ္တိကို အကျဉ်းထောင်မှ လွတ်မြောက်အောင် ကဲကီးကတ်၊ ယန်းပေါဆတ်၊ ဒေဂါး၊ နစ်ရှေးစသည့် ဒဿနပညာရှင်များက ဆော့ခရတ္တိကို အကျဉ်းထောင်မှ ကယ်ထုတ်သွားကြပုံကို ကျွန်တော် ဆက်ရေးခဲ့သည်။ ယနေ့ခေတ် ဒဿနပညာရှင်၏ အမည်များကိုအသုံးပြု၍ ဆော့ခရတ္တိကို ကယ်ထုတ်သွားပုံ၊ ဆိုလိုရင်းမှာ ဆော့ခရတ္တိ၏ ဒဿနအမြင်၊ ဒဿနဆိုင်ရာ ရှုမြင်တွေးဆချက်များသည် ယနေ့ခေတ် ဒဿနပညာရှင်များထံ ဆက်လက်ရောက်နေကြပြီး ယင်းသည် ဆော့ခရတ္တိ လွတ်မြောက်ခြင်းပင် ဖြစ်သည်ဟု ကျွန်တော် ဆက်လက်ရေးသားသွားရန် ရည်ရွယ်ပါသည်။ ဤဝတ္ထုတွင် အိုင်းစတိုင်းမပါ၍ မဖြစ်၊ အကြောင်းမှာ အိုင်းစတိုင်းသည် အချိန်၊ နေရာနှင့် ဒြပ်ထုကို ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့်ပင်။ သို့ရာတွင် ထိုဝတ္ထုတိုကို ကျွန်တော် ဆက်၍မရေးဖြစ်ခဲ့ပါ။ ကျွန်တော် ထိုဝတ္တုတိုကို ဆက်မရေးဖြစ်ဘဲ ဒဿနဆိုင်ရာ အရေးအသားများကို လေ့လာသွားရန် စိတ်ကူးခဲ့ပါသည်။ ဝတ္ထုတစ်ပုဒ်၏ အသင့်ယုတ္တိရှိမှုကို တည်ဆောက်လို၍ဖြစ်ပါသည်။ ယန်းပေါဆတ်က “လူဟာ အရာဝတ္ထုတွေကိုကြည့်ပြီး စိတ်ကို အားတင်းယူရတယ်” ဟု ပြောခဲ့ပါသည်။ ပီကာဆိုက နေမင်းကို လေးထောင်ပုံစံ သူမြင်ရသည်ဟု ဆိုပါသည်။ ဥကွန်ဒေဝီက “သူ ငါ့ကို မေ့သွားလို့ ငါမမှု၊ သူအထီးကျန်ဖြစ်မှာကိုသာ စိုးရိမ်သည်” ဟု ဆိုခဲ့သည်။ ဂျာမန်ဒဿနပညာရှင် ကဗျာဆရာဂိုထေက “ဘယ်သူမှ ငါ့ယုံကြည်ချက်ကို မယူပါစေနဲ့။ ပိုသိတာဖြင့် သူ့ဟာသူ ယုံပါစေကွဲ့” ဟု ဆိုလေသည်။ ထိုကဲ့သို့သော ကောင်းနိုးရာရာ ဒဿနအမြင်များဖြင့် ဝတ္ထုကို ကျားကန်၍ ရေးသွားရန် စိတ်ကူးပါသည်။ အစွန်းရောက်သော သဘောထားများ၊ အမြင်များကိုမူ ချန်လှပ်ခဲ့ရန် စိတ်ကူးပါသည်။ ယခုအချိန်တွင် ကျွန်တော် စာရေးလျှင် ကနဦးကျေးဇူးပြုမှု တစ်ခုကို အမြဲဆင်ခြင်ပါသည်။ ယခင်က စာရေးလျှင် ကျွန်တော့်မှာ မည်သည့်အယူအဆ မည်သည့်အမြင်မှ မပါပါ။ မိမိ ရေးချင်သည်ကို မိမိ ရေးနိုင်သလို ရေးကြည့်ခြင်းသာ ဖြစ်ပါသည်။ မော်ဒန်လက်ကိုင်သန်သူတစ်ဦးဖြစ်၍ ကျွန်တော်ရေးစက မော်ဒန်ဆန်ဆန်များ ရေးဖြစ်ခဲ့သော်လည်း ယခုမူ ထိုသို့မဟုတ်တော့။ လူမှုဘဝကို ထင်ဟပ်သော၊ နှစ်လိုဖွယ်ကောင်းသော၊ ရိုးရှင်းလွယ်ကူသော၊ သို့ရာတွင် လေးနက်မှုလည်းပါရှိသော စာမျိုးကို ရေးလိုလာပါသည်။ ထိုမှ မျှော်လင့်ချက်နှင့် ကောင်းမွန်သော အလားအလာထားရှိနိုင်မှုလည်း ပါရှိသောစာမျိုး ရေးချင်လာပါသည်။ အနိဋ္ဌာရုံများကို ထည့်သွင်း၍ ရေးသားဖော်ပြရန် ကြုံလာပါကလည်း ကောင်းမွန်သော အလားအလာနှင့် မျှော်လင့်ချက်ထားရှိနိုင်မှုကို တစ်ကြောင်းတစ်ပါဒ တစ်ဝါကျမျှပင်ဖြစ်စေ ပါဝင်အောင် ထည့်သွင်းရေးသားသွားလိုပါသည်။ ကျွန်တော်သည် ယင်းကဲ့သို့သော သဘောရလာပါသည်။ ကျွန်တော်စာရေးခဲ့သည့် အတွေ့အကြုံ၊ ကျွန်တော်တို့ရှေ့မှ ဆရာများ၏စာများကို ဖတ်ရှုလေ့လာခဲ့ရသည့် အတွေ့အကြုံများမှနေ၍ ယခုအခါ ထိုကဲ့သို့ သဘောထားတစ်ခုကို မွေးမြူနိုင်ခဲ့ပါသည်။ စာရေးသူတစ်ယောက်သည် စာမျက်နှာ၏ အခြားတစ်ဖက်မှ အကြောင်းအရာများကို ပြောလေ့သိပ်မရှိကြပါ။ ကျွန်တော်က နည်းနည်း ပြောကြည့်ခြင်း ဖြစ်ပါသည်။

ဆော့ခရတ္တိသည် ကုမ္ပဏီတစ်ခု၌ ဒဿနပညာများကို ယနေ့တိုင် ဟောပြောပို့ချနေသည်ဟု ဝတ္ထုကို ဆက်ရေးရလျှင် ကောင်းမည်လား၊ ဆော့ခရတ္တိသည် ယနေ့ထက်တိုင် ဇနီးဖြစ်သူ၏ မြည်တွန်တောက်တီးမှုများကို ခံနေရဆဲဖြစ်သည်ဟု ဆက်ရေးရလျှင် ကောင်းမည်လား။ ချစ်စွာသော စာရှုသူ ခင်ဗျားရော ဘယ်လိုသဘောရသလဲ။ ဝတ္ထုစဖွင့်ပုံကို ကျွန်တော် ဤသို့ရေးထားပါသည်။ (ရှုပါ) လွန်ခဲ့သောနှစ်ပေါင်း ၂၃၀၀ ခန့်က အလွန်လူသိနည်းလှသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်မှာ အေသင်မြို့ အကျဉ်းထောင်မှ ဆော့ခရတ္တိ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကျွနု်ပ်တို့အားလုံး ယခုထက်တိုင် သိမှတ် လက်ခံထားကြသည်မှာ ဆော့ခရတ္တိသည် အေသင်မြို့ အကျဉ်းထောင်ထဲတွင် ပြစ်ဒဏ်အရ အဆိပ်ခွက်ကို သောက်မျိုကာ သေဒဏ်စီရင်ခြင်းခံခဲ့ရသည်ဟူ၍ပင်ဖြစ်သည်။ နှောင်းလူတို့သည် ဆော့ခရတ္တိကို အမှန်တရားအတွက် အသက်စွန့်ဝံ့သူအဖြစ် လေးစားခဲ့ကြပေသည်။ ပြဇာတ်ဆရာတို့သည် ဆော့ခရတ္တိအကြောင်းကို ဇာတ်အိမ်ဖွဲ့ကာ ကပြကြသည်။ မည်သူကမျှ ဆော့ခရတ္တိ လွတ်မြောက်သွားလိမ့်မည်ဟု မထင်မှတ်ကြ။ ထို မထင်မှတ်မှုထဲတွင် ဆော့ခရတ္တိ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ ဆော့ခရတ္တိသည် ထိုနေ့က သူ့အတွက် စီရင်ထားသော အဆိပ်ခွက်ကို သောက်မျိုပြီးစီးသွားသောအခါ အဆိပ်ပေးပို့လာသူ အကျဉ်းထောင်ဝန်ထမ်းအား “သူငယ်ရေ ... အခု ငါ အဆိပ်ခွက်ကို သောက်ပြီးသွားပြီ။ ပြီးရင် ငါဘယ်လိုဆက်နေရမလဲ။ ဒီကိစ္စမှာ မင်းက နားလည်ပေးလိမ့်မယ်။ ငါ့ကို ပြောပြပါ” ဟု ဆိုခဲ့သည်။ အကျဉ်းထောင်ဝန်ထမ်း လူငယ်က “ဆော့ခရတ္တိ ခင်ဗျား ဒီအခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါ။ အဆိပ်တွေ ခင်ဗျားကိုယ်ထဲကို တဖြည်းဖြည်းချင်း ပျံ့နှံ့သွားပါလိမ့်မယ်။ အဆိပ်တွေ တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီဆိုရင် ဆော့ခရတ္တိ သင် အိပ်ချင်လာပါလိမ့်မယ်။ အဲဒီအခါ ဟောဒီ ခုတင်ပေါ်မှာ ငြင်ငြင်သာသာ လဲလျောင်းနေလိုက်ရုံပါပဲ” ဟု ဆိုသည်။

ဆော့ခရတ္တိသည် သူငယ်၏စကားကိုနားထောင်ကာ အကျဉ်းထောင်အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။ အချိန်မှာ ညဉ့်အမှောင်ဝင်ကာစဖြစ်သည်။ အကျဉ်းထောင်ထဲတွင် ဆော့ခရတ္တိတစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။ အကျဉ်းထောင်ဝန်ထမ်းသူငယ်သည် အဆိပ်ခွက်ကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့ပြီ။ ညနေခင်းအချိန်က အကျဉ်းထောင်ထဲတွင် ဆော့ခရတ္တိနှင့်အတူ ရှိနေခဲ့သော ပလေတို၊ နစ်ရှေးနှင့် ကဲကီးကတ်၊ ဖူကူယားမားစသော တပည့်များလည်း တွေ့ခွင့်အချိန် ကုန်ဆုံးသွားသဖြင့် သူတို့ဌာနေအသီးသီးသို့ ထွက်ခွာသွားကြလေပြီ။ ညဉ့်အမှောင်ရိပ်သည် အေသင်မြို့ အကျဉ်းထောင်ထဲတွင် တစ်စတစ်စနက် ရှိုင်းလာခဲ့သည်။ ဆော့ခရတ္တိသည် ဦးခေါင်းကို ကွေးညွတ်၍ ငြိမ်သက်စွာ လမ်းလျှောက်နေ၏။ အိုင်းစတိုင်းနှင့် နစ်ရှေးသည် ထရပ်ကားကြီးကို မောင်းနှင်ကာ အေသင်မြို့မှ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြပြီ။ ပလေတိုက မျက်ရည်ဝဲကာ မြည်းတစ်ကောင်ကိုဆွဲ၍ လေးတိလေကန်ခြေလှမ်းများဖြင့် တရွေ့ရွေ့ ထွက်ခွာသွားသည်။ ကဲကီးကတ်၊ ဖူကူယားမားနှင့် အခြားတစ်ဦးက အေသင်မြို့ လမ်းကြိုလမ်းကြားထဲမှ အရက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်ရောက်သွားကြသည်။

Most Read

Most Recent