မီးပွိုင့်

မီးပွိုင့်
Published 18 January 2018

ရန်ကုန်မြို့တွင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မကြာသေးမီက မြို့တွင်းမှာ မီးပွိုင့်အသစ်တွေ ထပ်မံတပ်ဆင်ခဲ့သည်။ ယခင်ကမီးပွိုင့်သုံးခုသာရှိရာမှ နောက်ထပ် ငါးခုထပ် တပ်လိုက်တော့ မြို့သူ၊ မြို့သားတွေအတွက် အတော်ကလေးအဆင်ပြေသွား၏။ မဟုတ်လျှင် လမ်းဆုံ၊ လမ်းခွတွေကို ဖြတ်လေတိုင်း သူ့ ကိုယ်တိုက်မှာလိုလို၊ ကိုယ့် သူတိုက်မှာ လိုလိုဖြင့် သွားရ၊ လာရသည်မှာ နောက်ကြောင်း မအေးနိုင်။ အထူးသဖြင့် အဝေးသင်တက္ကသိုလ်၏ အနီးကပ်သင်တန်းများ စတင်သည်မှ စာမေးပွဲတွေ ပြီးဆုံးသည်အထိ။

လက်တွေ့ဘဝမှာ တောရွာလေးကနေ မန္တလေးရောက်ကာမှ မီးပွိုင့်ကို စတင်တွေ့ ဖူးခဲ့သော်ငြား စာထဲမှာတော့ မူလတန်း ကျောင်းသားဘဝကပင် 'မီးပွိုင့်'ဟူသော စကားလုံးနှင့် စတင်ရင်းနှီးခဲ့ပါသည်။ 'ယာဉ်သွားလမ်းပေါ် မြင်မတော်၊ ရွှင်ပျော် မဆော့ရ' မှ အစချီကာ 'မီးစိမ်းမြင်က ဖြတ်ကူးကြ မုချဘေးကင်းမှာ' ဆိုသည့် ကဗျာလေးက ယခုတိုင်စွဲနေဆဲ။ ကျန်တာအသာထားလို့  မီးနီနေလျှင် လမ်းမဖြတ်ရ၊ မီးစိမ်းလျှင်တော့ စိတ်ချလက်ချ လမ်းဖြတ်ကူးနိုင်သည်ဆိုသော အသိက ဦးနှောက်ထဲအထိ စွဲနေပြီးသားဟု ထင်သည်။

ယခင်က မီးပွိုင့်တွေမှာ လမ်းဖြတ်ကူးသူများအတွက် သီးသန့် အချက်ပြတာမျိုး မတွေ့ ဖူးခဲ့။ လွန်ခဲ့သည့် ခြောက်နှစ်က ဂျပန်နိုင်ငံသို့  သင်တန်းတစ်ခုတက်ရင်းရောက်တော့ လမ်းဖြတ်ကူးသူများအတွက်ပါ ထည့်သွင်းစဉ်းစားကာ တကူးတက စီစဉ်ထားသည်ကို တွေ့လိုက်ရတော့ သဘောကျခဲ့ဖူးသည်။ ယာဉ်များအတွက် မီးပွိုင့်ကို အသုံးပြုပြီး လမ်းလျှောက်သူတို့အတွက် ဓာတ်တိုင်အောက်နား လူတစ်ရပ် အမြင့်လောက်မှာ လမ်းလျှောက်နေဟန် အစိမ်းရောင် လူရုပ်ပုံလေးဖြင့် သင်္ကေတပြု၏။ အဆိုပါပုံကလေးလှုပ်ရှားနေပြီဆိုလျှင် စိတ်ချလက်ချ လမ်းဖြတ်ကူးနိုင်သည်ဆိုသည့် သဘော။ မကြာသေးမီက ကိုယ်ပညာသင်ယူ ခဲ့ရာ ဆေးကျောင်းမှ အာစရိယပူဇော်ပွဲသို့ တက်ရောက်ဂါရဝပြုရင်း မန္တလေးရောက်တော့မှပင် မန္တလေးမြို့ကြီး၏ မီးပွိုင့်စနစ် ခေတ်မီလာသည်ကို ကြည့်ကာကျေနပ်ခဲ့ရသည်။ ဒါမှ ဒို့ မန္တလေးပေါ့လေ။

ကိုယ့်ဆီမှာ မီးပွိုင့်စနစ်ကို ကောင်းကောင်း အသားကျနေပြီဟု ထင်ရပေမယ့် တစ်ခါတလေကျတော့လည်း မီးပွိုင့်နှင့် စိမ်းနေသူသို့မဟုတ် စိမ်းချင်ယောင်ဆောင်သူတို့ကိုလည်း တွေ့ရတတ်သည်။ အထူးသဖြင့်  သတိထားမိသည်က မော်တော်ဆိုင်ကယ် တွေ။ မီးနီလို့ အခြားသူတွေ ရပ်ထားပေမယ့်  သူတို့ကတော့ တစ်ဖက်လမ်းကြောကယာဉ် အသွားအလာရှင်းလျှင် ရှင်းသလို မီးနီဖြတ်တတ်သည်။

ရန်ကုန်မှာ မီးနီဖြတ်လျှင် ဒဏ်ငွေဆောင်ရသည်ဟု ကြားဖူးသည်။ ကိုယ့်ဆီမှာ တော့ နယ်မြို့မို့လားမသိ။ မီးပွိုင့်မှာ ယာဉ်ထိန်းရဲတွေရှိသော်ငြား မီးနီဖြတ်သည့် ယာဉ်တွေကို တားဆီးတာ၊ လိုက်လံဖမ်းဆီးတာမျိုး မတွေ့စဖူး။ အမြန်လမ်းမှာလို သတ်မှတ် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ်တွေကို ကင်မရာဖြင့် မှတ်တမ်းယူထားပြီး လမ်းအသုံးပြုခကောက်ခံသည့်နေရာရောက်မှ ဒဏ်ငွေဆောင်ခိုင်းတာမျိုးလည်း မကြားမိ။ ဧကန္တ ယာဉ်လမ်းကြာင်း ရှင်းဖို့ကတစ်ဖွဲ့၊ ယာဉ်စည်းကမ်းထိန်းသိမ်း ဖို့က တစ်ဖွဲ့ဆိုပြီး သပ်သပ်စီ တာဝန်ပေးထားလားတော့မသိ။ ဒါဆိုလျှင်တော့ စည်းပျက် ကမ်းပျက် မီးနီဖြတ်သူတစ်ဦးကြောင့် ယာဉ်တိုက်မှုဖြစ်ပြီဆိုတော့မှပဲ  နှစ်ဖွဲ့စလုံးနှင့် ဆိုင်တော့မည် ထင်၏။

မီးပွိုင့်အကြောင်း စဉ်းစားရင်းကနေ သားငယ် ငယ်စဉ်က အဖြစ်အပျက်တစ်ခုကို သတိရမိသည်။ ဖခင်၏ လေ့ကျင့်ပေးမှုဖြင့်  သမီးကြီးက စာဖတ်ဝါသနာပါစ ပြုချိန်မှာ သားငယ်ကတော့ စက်ကိရိယာတွေကို စိတ်ဝင်စားသည်။ အရုပ်ကားများနှင့် ကစားရတာ ကိုလည်းအလွန်ကြိုက်၏။ သားဆီမှာပလတ်စတစ်ကား အမျိုးမျိုးအပါအဝင် ဆော့စရာ မျိုးစုံရှိသည်။ ရဲကား၊ စစ်ကား၊ သံချပ်ကာကားမှသည် လမ်းကြိတ်စက်နှင့် မြေကော်စက် အဆုံး။ အိမ်ဆောက်သည့် ဘလောက်တုံးလေးများပါ မကျန်စေရ။ ဘလောက်တုံးလေးတွေသုံးပြီး အိမ်ဆောက်တာ၊ မြို့တည်တာတွေကို အတော်ကလေး ကျွမ်းကျင်သည်။ ပုံဆွဲ ရတာလည်းအမော။ ကားပုံ၊ လေယာဉ်ပုံ၊ သင်္ဘောပုံတွေကို ကောင်းကောင်းဆွဲနိုင်သည်။

အမေးအမြန်းလည်း အလွန်ထူသည်။ အမေးအမြန်းထူသလို တန်ပြန်မေးခွန်းတွေ လည်းမေးတတ်၏။ ဆက်စပ်မှုရှိသော မေးခွန်းနှစ်ခုမေးပြီး အဖြေက မတူလျှင် ဘာကြောင့်လဲဟု ချက်ချင်း ပြန်ထောက်တတ်သည်။  တစ်ခါက အိမ်တစ်အိမ်၌ ပြခန်းထဲက လှေကိုနောက်ခံထားပြီး ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုတွေ့သည့်အခါ “လှေကရေထဲမှာ မရှိဘဲဘာကြောင့် အပေါ်မှာရှိနေရတာလဲ” ဟု မေးသဖြင့် မူကြိုအရွယ် ကလေးတစ်ယောက် နားလည်အောင် ရုတ်ခြည်းဖြေဖို့  အိမ်ရှင် အကြပ်ရိုက်သွားခဲ့ဖူးသည်။သို့အ တွက် သူ့မေးခွန်းတွေကို သတိကြီးကြီးထား ပြီးဖြေရ၏။ တစ်ခါတရံ စိတ်ရှုပ်နေသည့် အချိန်မှာ မေးလာလျှင်တော့လည်း အလွယ် ဲ ဖြေဖြစ်သည်ပေါ့။ သည်အချိန်မျိုးမှာတော့ နောက်ဆက်တွဲ သူ့မေးခွန်းတွေကို အသာလေး မသိကျိုးကျွန်ပြုနေလိုက်ရသည်။

တစ်ခါတလေကျတော့လည်း အဖြေရခက်သည့် မေးခွန်းတွေကိုမေးတတ်၏။ “ကမ္ဘာကြီးက လုံးတယ်ဆိုပြီး တကယ်နေတော့ ပြားပြားကြီး”ဆိုတာမျိုးတွေ။ ကြိုးစားပြီးရှင်းပြစေကာမူ ကလေးဦးနှောက်နှင့်ကျတော့ အပြည့်အ၀ နားလည်ပုံမရ။သည်လိုမျိုးဆိုလျှင် သူဆက်မမေးတော့။

ရုံးဖွင့်ရက်တွေမှာ အိမ်မှာပဲ ပဲပြုတ်နှင့်  ထမင်းဆီဆမ်းစားဖြစ်ပြီး ရုံးပိတ်ရက်များမှာ တော့ အပြင်ထွက်ကာ မုန့်စားဖြစ်သည်။ မုန့် စား၊ လက်ဖက်ရည်သောက်အပြီး ဇနီးသည်ကို ဈေးလိုက်ပို့၏။ ဈေးသွားသည့်အခါတိုင်း ထိုစဉ်က တာဝန်ကျခဲ့ရာမြို့၏ တစ်ခုတည်း သော မီးပွိုင့်ကိုဖြတ်ရသည်။ မီးပွိုင့်ကို ဖြတ်တာများလာတော့ အမေးအမြန်းထူသည့် ကလေးပီပီ စာမသင်ရသေးပေမယ့် မေးရင်း ၊ မြန်းရင်းကနေ မီးပွိုင့်အကြောင်းကို ကောင်းကောင်းသိလာသည်။ မီးပွိုင့်နှင့် ဝေးစဉ်က  စိမ်းနေပြီး နီးလာမှ ဝါရာကတစ်ဆင့် နီသွား လျှင်လည်း “ဖေဖေနီသွားပြီ” ဆိုပြီးအဖေကို ချက်ချင်းသတိပေးတတ်လေသည်။

တစ်ရက်မှာ ဈေးကအပြန် မီးပွိုင့်အနီးက စာအုပ်ဆိုင်မှာ စာအုပ်ငှားနေသည့် သမီးကို ရပ်စောင့်နေစဉ် မီးပွိုင့်ဘက် မျက်နှာမူ ထားသောသားငယ်က “ဖေဖေမီးနီနေတုန်း  ကားကြီး ဖြတ်သွားတယ်” ဆိုပြီးပြောသည်။ ကျွန်တော်လည်း ပြီးပြီးရော သဘောထားကာ “ဟုတ်လား” ဟုပြန်ပြောလိုက်၏။ သား တော်မောင်က သည်လောက်နှင့်မပြီး။ “ဖေဖေ ကားတွေကျတာ့ မီးနီဖြတ်လို့ ရလားတဲ့။ ကျွန်တော် ဖြုံသွားသည်။ သည်တစ်ခါတော့ “ဟုတ်လား” လုပ်လို့ မရတော့။

သားငယ်မြင်သော ကားသည် ---- ကားဖြစ်ချင်မှဖြစ်မည်။ --- ကားပင် ဖြစ် ပါစေဦး ဝါကာစ ဖြတ်မောင်းရင်းကနေ မီးနီ မိသွားတာလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် နယ်မြို့က လမ်းဆုံမီးပွိုင့်များ ထုံးစံမီး စိမ်းအတိုင်း မောင်းလာရင်းကနေ ကန့်လန့် ဖြတ်လိုက်တော့ မီးနီဖြတ်သလို ဖြစ်သွားတာလား။ မီးစိမ်းကိုပင် မီးနီဟု သားငယ် အမြင် မှားလေသလား။ သို့တစေ ဒါတွေကို ရှည်ရှည် ဝေးဝေး ပြောမနေနိုင်။ သည်အချိန်မှာ ကလေးစိတ်ထဲ စည်းကမ်းဟူသည် လူတိုင်း လိုက်နာဖို့ လိုသည်ဟူသော ရှင်းလင်းပြတ်သားသည့် အဖြေမျိုးကိုသာ မဆိုင်းမတွ ပေးလိုက်ချင်သည်။ သို့အတွက် သားငယ်ကိုနားလည်ရလွယ်သောစကားလုံးများဖြင့်သာ အမြန်ဆုံးပြောဖြစ်သည်။ “--- ကားတွေ လည်းဖြတ်လို့ မရဘူးကလေးရဲ့။ လူဆိုးတွေပဲ မီးနီဖြတ်တာ၊ လူကောင်းတွေကဘယ်တော့မှ မီးနီမဖြတ်ဘူး” ဟု။

သားငယ်နှင့် မီးနီအကြောင်းမှတစ်ဆင့်  အတွေးက ဆက်သွားပြန်သည်။ မီးပွိုင့်မှာ မီးနီဖြတ်သလိုပင် မလုပ်သင့်သည့်အလုပ်ကို လုပ်ခြင်းသည်လည်း မီးနီဖြတ်ခြင်းတစ်မျိုးပင်  မဟုတ်ပါလား။ ဒါဆိုလျှင် သက်ဦးဆံပိုင် ခေတ်ကနေ မျက်မှောက်ခေတ်အထိ ခေတ်အဆက်ဆက် ကိုယ့်နိုင်ငံမှာ မီးနီဖြတ်သူတွေ  မရှားဟု ဆိုရမည်။ သွေးစွန်းခဲ့သည့် သီပေါ ဘုရင် နန်းတက်ပွဲ။ မင်းတုန်းမင်းလက်ထက်မှာ စတေးခံခဲ့ရသည့် ကနောင်မင်းသားကြီး၏ ရေမြှုပ်ဗုံး စမ်းသပ်မှု။ လုံးပါးပါးခဲ့ရသည့် မြန်မာ့ မြေပေါ်၊မြေအောက် သယံဇာတများ။ ပြည်သူတို့၏ ငိုရှိုက်သံများကြားက အရှိန် ကောင်းနေဆဲ ပြည်တွင်းစစ်။

မီးနီဖြတ်သူတွေကို လျစ်လျူရှုနေသရွေ့၊  မီးနီဖြတ်သည်ကို အားပေးသူတွေ ရှိနေသရွေ့ ကတော့ မီးပွိုင့်၏ တန်ဖိုးက ကျနေဦးမှာ ဖြစ်သလို မီးစိမ်းကို အားကိုး သူတို့ မလုံမခြုံဖြင့် မျက်နှာငယ်နေရဦးမည်သာ ဖြစ်သည်။

Most Read

Most Recent