<

တိုက်ပွဲများ၊ ပိတ်ပင်မှုများနှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အတားအဆီး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ၂၀၁၆ ခုနှစ် အင်အားအခြေပြဇယား (Photo- Myanmar Peace Monitor) (၀ဲ) နှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်အား တွေ့ရစဉ် (ဓာတ်ပုံ- သိန်းဇော်ဦး)

ဆောင်းရာသီ၏ အေးမြမှုနှင့်အတူ နိုဝင်ဘာလမှ စတင်ကာ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား လအတန်ကြာရပ်တန့်နေခဲ့သည့် ထိတွေ့မှုဖြစ်စဉ်များ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ နိုဝင်ဘာလဆန်းပိုင်းတွင် ရခိုင်တပ်မတော် (AA) နှင့် ချင်းပြည်နယ် ပလက်ဝမြို့တွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး အလားတူ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့မှာလည်း တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလာသည်ကို တွေ့ရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုတွင် ဒီဇင်ဘာ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာအနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသည့် စခန်းအား KIA နှင့် TNLA အဖွဲ့တို့ ပူးပေါင်းအင်အားအချို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လည်းကောင်း၊ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ပန်ယုတ်ကျေးရွာအုပ်စု၊ လွယ်ချက်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းကို KIA နှင့် TNLA အင်အား ၅၀ ခန့်က နေရာသုံးနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် အနောက်ဘက်နှင့် အရှေ့ဘက်သို့ အသီးသီးဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြထားသည်။

KIA နှင့်  TNLA အဖွဲ့တို့က ယခုကဲ့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး ဆောင်ရွက်နေသော စခန်းများအား နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ရေးသားထားသည်။

သို့သော် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာန၏ ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်မှုတွင်  TNLA ၏တပ်မဟာ ၁ နယ်မြေ နမ့်ခမ်းမြို့နယ်၌ ဒီဇင်ဘာ ၂၁ ရက် နံနက်တွင် TNLA တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော်တို့ နှစ်နေရာထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းတိုက်ပွဲဖြစ်စဉ်မှာ  ကောင်းကတ်ကျေးရွာနှင့် ပန်ဟန်ကျေးရွာကြား၌လည်းကောင်း၊  အထက်ပန်ယုတ်ကျေးရွာနှင့် အောက်ပန်ယုတ်ကျေးရွာကြား၌လည်းကောင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ မြန်မာ့တပ်မတော်သည် TNLA ၏ လှုပ်ရှားသည့် တောတွင်းအထိ ထက်ကြပ်မကွာ လိုက်လံထိုးစစ်ဆင်ခြင်းကြောင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA ၏သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထို့ပြင် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့်လည်း ဒီဇင်ဘာလဆန်းပိုင်းတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ပြီး လက်ရှိတွင် ကချင်လွတ်မြောက်ရေးတပ်မတော် အခြေစိုက်ရာ လိုင်ဇာမြို့အနီးတွင် ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိကြောင်း KBC အသင်းတော်မှ လူမှုဝန်ထမ်းပြန်လည်ဖွံ့ဖြိုရေးဌာနမှ ဆရာဘုံခါးက ပြောကြားသည်။

“ဒီနေ့ဆိုလည်း လိုင်ဇာမြို့ဘက်နားမှာ သေနတ်သံတွေကြားရတယ်။ ပြီးတော့ ဟိုနားဒီနားဖြစ်နေတာတွေကတော့ အများကြီးပဲ။ ကျွန်တော်တို့လည်း အခြေအနေ စောင့်ကြည့်နေတာ။ ဒီဘက်ကိုများ ထပ်ရောက်လာမလားလို့”  ဟု ဆရာ ခါးလီက ဒီဇင်ဘာ ၂၃ ရက် ညနေက ပြောကြားသည်။

ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများမှာ ယခင်နှစ်ကလည်း ခရစ္စမတ်ကာလရောက်ရှိချိန်တွင် အလားတူဖြစ်ပွားခဲ့ကြောင်း၊ အထူးသဖြင့် ပင်လုံညီလာခံကျင်းပမည်ဟု သတင်းများထွက်ပေါ်လာချိန်တွင် ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားလာသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်တွေမှာလည်း အဲဒီလိုပဲ။ ခရစ္စမတ်နီးပြီဆိုရင် သေနတ်သံတွေကြားရပြီ။ ပြီးတော့ ပင်လုံလုပ်တော့မယ်ဆိုရင်လည်း ထပ်ကြားရတယ်။ ကျန်တဲ့အချိန်မှာတော့ သိပ်မကြားရဘူး။ အဲဒီအချိန်တွေမှာက ဆိုးဆိုးရွားရွား ဖြစ်တတ်တော့ ကျွန်တော်တို့လည်း စောင့်ကြည့်နေရတာပေါ့။ ကိုယ်တွေက ဒုက္ခသည်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ပဲ ရှိတာကိုး” ဟု ဆရာခါးလီက ပြောကြားသည်။

ငြိမ်းချမ်းရေးညီလာခံ တတိယ ပင်လုံအား ၂၀၁၈ ခုနှစ် ဇန်န၀ါရီတွင် ပြုလုပ်မည်ဟု ဆဋ္ဌမအကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ဆုံးဖြတ်ထားသော်လည်း UPDJC တွင် ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း၊ ထိုသို့ ငြိမ်းချမ်းရေး ညီလာခံပြုလုပ်မည်ဟု သတင်းများထွက်ပေါ်အပြီးတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းမှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းကျော်ညွန့်က ပြောကြားသည်။

“ငြိမ်းချမ်းရေးညီလာခံ လုပ်တော့မယ် လုပ်တော့မယ်ဆိုတိုင်းမှာ ပြဿနာမျိုးစုံက တစ်နေရာ               မဟုတ်တစ်နေရာ တက်တာပါပဲ။ ဒါက သင်္ကေတတစ်ခုလိုတောင် ဖြစ်နေပြီ။ ဘာကြောင့် ပြဿနာတက်တယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်နားမလည်ဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးညီလာခံ လုပ်တော့မယ် ဆိုတာနဲ့ ဟိုနားက တဒိုင်းဒိုင်း၊ ဒီနားက တဒိုင်းဒိုင်းနဲ့ ပြန်ဖြစ်လာတာပဲ။ ဟိုနားက ပြဿနာ၊ ဒီနားက ပြဿနာဖြစ်လိုက်နဲ့ပဲ။ ဒါတွေက လုပ်နေတဲ့အတိုင်းပဲ။ တိုက်ဆိုင်မှု မဟုတ်ဘူး။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိဘူး” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

ယင်းသို့ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်ပြီး တပ်မတော်၊ အစိုးရ၊ KIA ဘက်မှ တာဝန်ရှိသူများအား တွေ့ဆုံသည့်အကြိမ်တိုင်းတွင် ပြောကြားခဲ့သော်လည်း ငြိမ်းချမ်းရေးရရှိမှုမှာ အလှမ်းဝေးနေဆဲပင် ဖြစ်         သည်။

“တိုက်ပွဲတွေကို လျော့ချပေးပါဆိုတာ တွေ့တဲ့သူတိုင်းကို ပြောတယ်။ ဒါပေမဲ့ ထူးခြားမှုရှိလား မရှိလားဆိုတာတော့ ခင်ဗျားတို့သတင်းတွေ အတိုင်းပဲလေ။ ဖြစ်နေတုန်းပဲ မဟုတ်လား။ အမြဲတမ်းပြောတယ်။ ဒါပေမဲ့ မထူးခြားဘူး ဖြစ်နေတယ်” ဟု ဆရာခါးလီက ပြောကြားသည်။

လက်ရှိတွင် တိုက်ပွဲအရှိန်မြင့် မလာစေရန်သာ ဆုတောင်းနေရပြီး စစ်ဘေးဒုက္ခသည် တိုးပွားလာခြင်း မရှိစေရန်သာ လိုလားကြောင်း၊ ဆောင်းတွင်းကာလဖြစ်သဖြင့် စစ်ဘေးဒုက္ခသည်များပြားလာပါက အခက်အခဲများ တွေ့နိုင်ကြောင်း ဆရာ ခါးလီက ဆက်လက်ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်တွင်လည်း အမည်မသိအဖွဲ့က ရှမ်းပြည်နယ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သုံးနှစ်အရွယ်သာ ရှိသေးသည့် ကလေးငယ်တစ်ဦး သေဆုံးပြီး ၎င်း၏ ဖခင်ဖြစ်သူနှင့် ၁၂ နှစ်အရွယ် အခြားကလေးတစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းအထိ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များက သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာမရှိသေးပေ။

တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် KIA ၊  TNLA ၊ ကိုးကန့်အဖွဲ့ ( MNDAA) တို့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များဖြစ်သည်။

အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RSCC/ SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊  DKBA နှင့် KNU/ KNLA-PC တို့ဖြစ်သည်။

အခြားသောအဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA )၊ ‘၀’ အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (  MNDAA)နှင့် ရခိုင်အဖွဲ့ (AA)တို့က လက်ရှိ  NCA သည် မပြည့်စုံဟုဆိုကာ NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေးမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော် အစိုးရနှင့် NCA လက်မှတ်ရေးထိုးသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) နှင့် လက်မှတ်ရေးထိုးထားသည့် နောက်ပိုင်းတွင် တိုက်ပွဲ ၂၀ ကျော်ဖြစ်ပွားလျက်ရှိပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း တပ်နေရာချထားမှုများနှင့် ပတ်သက်၍ အဆင်မပြေမှုများ ကြုံတွေ့လျက်ရှိသည်။

 

တားဆီးခံခဲ့ရသည့် ရှမ်းပြည်နယ်မှ လူထုတွေ့ဆုံပွဲများ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးမတိုင်မီက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပရာတွင် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ချင်း၊ ပအိုဝ်း၊ ကရင်တိုင်းရင်းသားများက ပြုလုပ်ခဲ့ကြပြီး  ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ပဲခူး၊ တနင်္သာရီ၊ ရှမ်းပြည်နယ်တို့တွင် ကျင်းပခဲ့ပြီး ရရှိထားသည့် သဘောထား စာတမ်းများကို စုစည်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးတွင် ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့သည်။

တတိယအကြိမ် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ရှမ်းပြည်နယ်နှင့် ပတ်သက်သည့် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်နိုင်ရန်အတွက် လူထုတွေ့ဆုံပွဲများကို ဒီဇင်ဘာ ၁၇ ရက်မှ စတင်ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်နိုင်ရန် တပ်မတော်နှင့် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အကြား ရှမ်းပြည်နယ်တွင် ကျင်းပမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နေရာသတ်မှတ်ရာတွင် အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရ ရှမ်းပြည်နယ် လင်းခေးမြို့၌ ပြုလုပ်ရန် သဘောတူထားခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကျင်းပမည့်နေရာအား တပ်မတော်ဘက်မှ မိုင်းပန်မြို့၊ မုံးထော်/ မုံးထမြို့၊ နမ့်ပန်ခွန်မြို့တို့ တွင်သာ ကျင်းပရန် ထောက်ခံခဲ့ပြီး RCSS/SSA က ရှမ်းပြည်နယ်၏ အဓိကမြို့ကြီးဖြစ်သည့် တောင်ကြီးမြို့ (သို့မဟုတ်) ပင်လုံမြို့တွင် ကျင်းပခွင့်ပေးရန် တောင်းဆိုခဲ့သဖြင့် အငြင်းပွားခဲ့ခြင်း ဖြစ်သည်။

NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ငါးဖွဲ့သည် ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်ပြင်ပရှိ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြည်သူလူထု၏ သဘောထားများ ရယူသော လူထုတွေ့ဆုံပွဲများကို လိုက်လံပြုလုပ်၍ နှစ်ဖက်သဘောတူထားသည့် လင်းခေးမြို့တွင် ပြည်သူ့အသံများကို အချောသတ်ပြုစု ရေးသားမည်ဖြစ်သည်။ သို့သော် ပထမဆုံးပြုလုပ်သည့် ဒီဇင်ဘာ ၁၇ ရက် ပင်လုံမြို့လူထုတွေ့ဆုံပွဲမှာပင် တပ်မတော်က လာရောက်တားဆီးခဲ့ပြီး အစည်းအဝေးကျင်းပခွင့် မပြုနိုင်ကြောင်း သက်ဆိုင်ရာ တိုင်းစစ်ဒေသက လာရောက်ပြောကြားခဲ့သည်။

ထို့ကြောင့် ရှမ်းပြည်နယ်အစိုးရက ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် လူထုတွေ့ဆုံပွဲပြုလုပ်မည့် သက်ဆိုင်ရာမြို့ အမည်များရေးသားကာ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လူထုတွေ့ဆုံပွဲများပြုလုပ်ခြင်းကို ကူညီဆောင်ရွက်ပေးရန် စာဖြင့်ညွှန်ကြားထားသဖြင့် ပင်လုံတွင်လူထု တွေ့ဆုံပွဲပြန်လည်ပြုလုပ်သော်လည်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အမိန့်အရဟုဆိုကာ ဗိုလ်မှူးကြီးတစ်ဦးက ထပ်မံတားဆီးခဲ့သဖြင့် ပင်လုံမြို့တွင် လုံးဝပြုလုပ်နိုင်ခဲ့ခြင်း မရှိပေ။

“ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးခဲ့တာက ဒီဘက်က တောင်ကြီး ဒါမှမဟုတ် ပင်လုံ။ တပ်ဘက်က ပြောတာက မိုင်းပန်။ အဲဒီတော့ ကြားထဲကနေ ဒေါ်အောင်ဆန်းစုကြည်က ပြောတာက လင်းခေး။ အဲဒီလောက်အထိ အလျှော့ပေး လက်ခံလိုက်ပြီပေါ့ဗျာ။ အဲဒါနောက်တစ်ဆင့် ပြည်သူတွေနဲ့ တွေ့ဆုံပွဲကိုပါလာတား တယ်ဆိုတာကတော့ ဒါကတော်တော့ကို စဉ်းစားရမယ့်ကိစ္စ ဖြစ်သွားပါပြီ။ အဲဒီတော့ ဒီအစည်းအဝေးတွေမှာ ပြောဆိုခဲ့တာတွေက အလကားဖြစ်သွားတာပေါ့” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

သို့သော် လားရှိုးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ဒီဇင်ဘာ ၂၁ ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲကို ပြုလုပ်ခြင်းမပြုရန် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်က ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သော်လည်း တွေ့ဆုံပွဲအား ပြုလုပ်ခဲ့ပြီးကြောင်း၊ ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ခွင့်ပြုထားသည့် သတ်မှတ်နေရာတွင်သာ ပြုလုပ်ရန် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်က ဒီဇင်ဘာ ၁၉ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ တောင်ကြီးဆက်ဆံရေး ရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားထားသည်။

ထို့ပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဟောင်လိတ် ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၁ ရက်ကပင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲအား တပ်မတော်ဘက်မှ လာရောက်ဟန့်တားမှုရှိသော်လည်း ဆွေးနွေးပွဲကို ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံပွဲများတွင် တင်သွင်းနိုင်ရန် ပြည်သူ့အသံများ နားထောင်ခြင်း၊ လေ့လာခြင်းများကို တားဆီးမှုမှာ မေးခွန်းထုတ်စရာ အခြေအနေဖြစ်နေကြောင်း စိုင်းကျော်ညွန့်က ပြောကြားသည်။

“အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံပွဲအတွက် ပြည်သူတွေရဲ့ သဘောထားတွေ၊ ပြည်သူတွေရဲ့ အသံတွေပေါ့လေ။ အဲဒါတွေကို ကျွန်တော်တို့က ကောက်ယူတာ။ ဒါကိုပေးမလုပ်ဘူးဆိုတော့ ငြိမ်းချမ်းရေးက အထက်ပိုင်းမှာ ရှိတဲ့သူတွေပဲ လုပ်မှာလား။ ပြည်သူတွေကို ပါဝင်ခွင့် မပေးတော့ဘူးလားဆိုတဲ့ မေးခွန်းတော့ရှိတာပေါ့” ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ တွေ့ဆုံပွဲများကို ယခင်က ကရင်အမျိုးသားအစည်းအရုံးနှင့် ချင်းအမျိုးသားတပ်ဦးက ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရှိ ချင်းလူမျိုး၊ ကရင်လူမျိုးများနေထိုင်သည့် မည်သည့်နေရာမဆို ပြုလုပ်ခဲ့ပြီး တားဆီးခံရမှုများကို မကြုံတွေ့ခဲ့ရပေ။

“ကရင်၊ ချင်းတို့မှာလည်း လုပ်ခဲ့တယ်။ ကရင်ဆိုရင် သူတို့လူမျိုးရှိ တဲ့နေရာတွေအကုန်လုံးမှာ လုပ်ခဲ့တယ်။ အဲဒီမှာတုန်းက တားဆီးမှုတွေ မရှိခဲ့ဘူး။ အဲဒီတုန်းက ဘာမှမတားခဲ့ဘဲနဲ့ ကျွန်တော်တို့ ရှမ်းတွေလုပ်တော့မှ လာတားတယ်ဆိုတာကတော့ ဒါကတကယ့်ကို ကျွန်တော်တို့တောင် ဘယ်လိုပြန်စဉ်းစားရမှန်းတောင် မသိတော့ဘူး” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

ထို့အတူ ဒီဇင်ဘာ ၂၃ ရက်တွင် မန္တလေးမြို့နှင့် ကျောက်မဲမြို့တို့တွင် လူထုတွေ့ဆုံပွဲများပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း ပြုလုပ်ခွင့် မရရှိခဲ့ပေ။

ယခင်က အဆိုပါလူထုတွေ့ ဆုံပွဲများတွင် လိုအပ်သည့် အကူအညီ၊ လုံခြုံရေးများပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့က သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ အကြောင်းကြားထားခဲ့သော်လည်း ဒီဇင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့သည့် အကြောင်းကြားစာတွင် အစိုးရကိုယ်တိုင်က ယင်းတွေ့ဆုံမှုများကို ပိတ်ပင်ခဲ့လေသည်။

“အဲဒီအစည်းအဝေးတွေကို အရင်တုန်းက ခွင့်ပြုတယ်ဆိုပြီး ပြောထားတယ်။ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ဆိုပြီး စာနဲ့ ထုတ်ထားတာ။ လုံခြုံရေးတွေ ဘာတွေ ကအစပေါ့။ ကူညီပေးဖို့ စာကထုတ်လိုက်သေးတယ်။ အခုကျတော့ ပထမ စာထုတ်ထားတာတွေကို ပြန်ရုပ်ပြီး ခွင့်မပြုတော့ဘူးဆိုပြီး ရှမ်းပြည်အစိုးရက စာပြန်ထုတ်တယ်။ ရှမ်းပြည်အစိုးရက လျှာနှစ်ခွနဲ့ ပြောနေသလိုပဲ။ ဒီနေ့ကတော့ အဆိုးဆုံးပါပဲ။ အရင်စာတွေကို ပြန်လွှမ်းမိုးပြီးတော့ ခွင့်မပြုတော့ဘူးဆိုတဲ့ ပုံစံနဲ့ စာထုတ်လာတာ။ အခုကတော့ အစိုးရအသံနဲ့ တပ်မတော်အသံက တစ်ထပ်တည်း ဖြစ်နေတာပေါ့။ လုံးဝကို မဖြစ်သင့်တဲ့ကိစ္စပဲ” ဟု လားရှိုးမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောကြားသည်။

ယင်းသို့ အကြောင်းကြားစာထွက်ပေါ်လာမှုကြောင့် UPDJC အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် အခြေအနေများမှာ မေးခွန်းထုတ်စရာဖြစ်လာပြီး အကြိတ်အနယ် ဆွေးနွေးမှုများမှာ အလဟဿဖြစ်ကြောင်း UPDJC အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောကြားသည်။

“အခုနောက်ဆုံးဘာဖြစ် သွားလဲဆိုတော့ အစိုးရကိုယ်တိုင်က ပေးမလုပ်ဘူးဆိုတဲ့ သဘောဖြစ်လာပြီ။ နောက်ဆုံးထွက်တဲ့စာအရဆိုရင်ပေါ့။ တပ်တစ်ခုတည်းက မဟုတ်တော့ဘူး။ အစိုးရက ပထမထုတ်ထားတဲ့ စာနှစ်စောင်ရှိတယ်။ တစ်ခုက ပြည်ထောင်စုအဆင့်က ထုတ်ထားတဲ့စာပေါ့။ နောက်တစ်ခုက ပြည်နယ်အဆင့်ထုတ်ထားတဲ့ စာပေါ့။ ဒါတွေကို ပြန်ပယ်တယ်ဆိုတဲ့ အနေအထားပေါ့။ ပွဲကို လင်းခေးမှာပဲ လုပ်ပါဆိုတော့ အစိုးရကိုယ်တိုင်က အဲဒီလိုသဘောရှိလာပြီ။ အဲဒီတော့ ကျွန်တော်တို့ UPDJC မှာက ဟိုဘက်ဒီဘက်ကို ပြေလည်အောင် အကြိတ်အနယ် ဆွေးနွေးထားတာတွေ အကုန်လုံးက အလကားဖြစ်ကုန်တယ်။ ပြောရမယ်ဆိုရင် ကတိဖျက်တဲ့ သဘောပဲ။ ဟိုဘက်ဒီဘက် ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာတော့ စဉ်းစားစရာတွေ ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကတော့ အစိုးရဘက်က လာကူတယ်။ တပ်မတော်ဘက်က လာတားတယ်။ အခုဟာက အစိုးရကပါ လာတားနေပြီဆိုတော့ ဘယ်လိုစဉ်းစားရမလဲတောင် မသိတော့ဘူး” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

လက်ရှိအခြေအနေများအရ ကျန်သည့်မြို့နယ်များတွင် ပြလုပ်ရန် စီစဉ်ထားသည့် လူထုတွေ့ဆုံပွဲများကို မပြုလုပ်ရန် ညွန်ကြားထားပြီး လူထုအသံများ ထပ်မံရရှိရန်မည် သို့ပြုလုပ်ရမည်ကို ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း၊ အဓိကအနေဖြင့် လူထုထိခိုက်မှုမရှိရန်သာ အရေးကြီးကြောင်း စိုင်းဝမ်းလှိုင်းခမ်းက ပြောကြားသည်။

“အခုလောလောဆယ် ဒီလိုအပိတ်ခံရတော့ လူထုအသံရဖို့ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာ မသိသေးဘူး။ အခုတော့ ကျန်တဲ့မြို့တွေမှာ ဆက်မလုပ်ဖို့ ကျွန်တော်တို့ ခေါင်းဆောင်တွေက ညွှန်ကြားထားတာရှိပါတယ်။ အဓိကက ကိုယ့်လူတွေ လုံခြုံမှုရှိဖို့ အဓိကလိုအပ်တယ်လေ။ ဟန့်တားနေတာကလည်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတော့ရှိတာပေါ့။ ကျွန်တော်တို့ကတော့ ဘာမှမဖြစ်ပေမယ့် လူထုကတော့ ဖြစ်သွားနိုင်တယ်။ ငြိမ်းချမ်းရေးလို့ ပြောနေပြီးတော့ အလုပ်နဲ့ ထပ်ထူမကျဘူးဆိုရင်တော့ မကောင်းဘူးပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ၊ တပ်မတော်ကြားက ယုံကြည်မှု

ထိုသို့တပ်မတော်နှင့် အစိုးရက လူထုတွေ့ဆုံပွဲများကို ပိတ်ပင်ခြင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခြင်းတို့ကြောင့် လျှောက်လှမ်းနေသည့် မြန်မာ့ငြိမ်းချမ်းရေးလမ်းတွင် ယုံကြည်မှုများကို လျော့ကျစေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောကြားသည်။

“ဒီကိစ္စက ငြိမ်းချမ်းရေးအတွက် Impact တော်တော်ရှိတယ်။ ကျောက်မဲမှာဆို တော်တော်ဆိုးဆိုးရွားရွားပဲ။ တော်တော်ရုပ်ဆိုးတယ်။ ပြည်သူတွေ တော်တော်လန့်သွားကြတယ်။ အခုလုပ်နေတာက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌလုပ်နေတဲ့ UPDJC လမ်းညွှန်ချက်အတိုင်း သွားနေတာ။ ဘာမှ တိမ်းစောင်းတာလည်း မရှိဘူး။ ဒီလိုအကြိုပွဲတွေ မလုပ်ဘဲနဲ့ ကျွန်တော်တို့ ဘယ်လိုသွားမလဲ။ အောက်ခြေဖောင်ဒေးရှင်း ကောင်းကောင်းမရဘဲနဲ့ အမိုးတွေ ကောင်းကောင်းမိုးလို့ မရဘူးလေ။ အခုကျတော့ အဲဒီလို ဖောင်ဒေးရှင်းအတွက် မရဘဲနဲ့ လက်နက်ကိုင်တပ်ဖွဲ့ကဒါက လူထုအသံလို့ ပြောလို့မှမရတာ။ ရှမ်းလူထုအသံပေါ့။ ရှမ်းပြည်နယ်က လူထုအသံထက် ကျယ်ပြန့်တယ်။ အဲဒါကြောင့် ဒီပွဲတွေလုပ်တာ။ အဲဒါလုပ်လို့မရတော့ ရှေ့ဆက်ဘယ်လိုသွားရမလဲ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောကြားသည်။

ယင်းကဲ့သို့ တွေ့ဆုံပွဲများ ပြုလုပ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများမှာ လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းမဟုတ်ဘဲ အချိန်အတန်ကြာ တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် ဆွေးနွေးပြီးမှသာ သဘောတူညီမှုများ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းသဘောတူညီချက်များမှာ လက်ရှိတွင် အချိန်မရွေး နောက်တွန့်သွားနိုင်ကြောင်း UPDJC အဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောကြားသည်။

“ယုံကြည်မှုတည်ဆောက်ရေး ဆိုတာက ကိုယ်က,ကတိတစ်ခုပေး ပြီးပြီ။ စေ့စပ်ညှိနှိုင်းမှုဆိုတာကလည်း လွယ်လွယ်ကူကူ တစ်ခုမှမရခဲ့ဘူး။ အဲဒီလို ခက်ခက်ခဲခဲညှိ၊ ခက်ခက်ခဲခဲ ဆွေးနွေးပြီးပြီဆိုတာတောင်မှ ပြန်ပြီးဖောက်ဖျက်ကြတယ်။ အခုလို ဖြစ်တယ်ဆိုတော့ ယုံကြည်မှု တည်ဆောက်ရေးဆိုတာက တော်တော်ခက်ခက်ခဲခဲနဲ့ ပြန်လုပ်ရဦးမယ်” ဟု စိုင်းကျော်ညွန့်က ဆိုသည်။

လက်ရှိရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရေးမှာ တွေ့ဆုံဆွေးနွေးမှုများကို အမြဲမပြတ်လုပ်ဆောင်ရန်လိုအပ်ပြီး မကျေနပ်မှုများကို ထုတ်ဖော်ပြောကြားကာ ညှိနှိုင်းရမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်များအရေးနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်သူ စာရေးဆရာ ဦးမောင်မောင်စိုးက ပြောကြားသည်။

“ရှမ်းပြည်နဲ့ ကချင်ပြည်မှာ တိုက်ပွဲတွေဖြစ်လာတာကတော့ မြောက်ပိုင်းအဖွဲ့နဲ့ ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေးပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လို့ပဲဖြစ်ဖြစ် အဲဒါကို ကျွန်တော်တို့က ဖိဖိစီးစီး မလုပ်နိုင်ဘဲနဲ့တော့ တိုက်ပွဲတွေ ဖြစ်နေမှာပဲ။ ကျွန်တော့်အမြင်အရ တိုက်ပွဲတွေက အကန့်အသတ်နဲ့တော့ မဟုတ်ပေမယ့် အကန့်အသတ်မဲ့တော့ ဖြစ်နေမှာပဲ။ တိုက်ပွဲတွေ မဖြစ်အောင်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မြောက်ပိုင်းခုနစ်ဖွဲ့ပါ အောင်နည်းနာရှာဖို့လိုအပ်မယ်လို့ ထင်ပါတယ်” ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။

ရှမ်းပြည်နယ်တွင် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) အဖွဲ့လည်းရှိနေသဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကန့်သတ်နေသည့် သဘောရှိကြောင်း တိုင်းရင်းသားအရေးလေ့လာသူအချို့က သုံးသပ်ကြသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းသို့ အမည်မသိလက်နက်ကိုင်တစ်စုက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူများအား
ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြစဉ် (ဓာတ်ပုံ-သိန်းဇော်ဦး)

တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ၊ တပ်မတော် တွေ့ဆုံဆွေးနွေးမှုများတွင်လည်း အကျေအလည် ဆွေးနွေးနိုင်ခြင်းမရှိမှု၊ သဘောတူညီချက်များကို ပြတ်ပြတ်သားသား ဆောင်ရွက်ခြင်းမရှိမှုများမှာ ယခုကဲ့သို့ နားလည်မှုလွဲမှုပြီး ပိတ်ပင်ခံရခြင်းများ ဖြစ်ပွားနိုင်ကြောင်း ဦးမောင်မောင်စိုးက ပြောကြားသည်။

“ကျွန်တော်တို့ သိသလောက်ကတော့ UPDJC မှာတော့ မြို့နယ်တွေမှာ ဆွေးနွေးမယ်ဆိုတဲ့ဟာကို အတိအကျ ဆုံးဖြတ်ထားတာရှိတယ် လို့မကြားရဘူး။ တခြားမြို့နယ်တွေမှာဆွေးနွေး၊ လင်းခေးမှာ ဆုံးဖြတ်ဆိုတာက နားလည်မှုနဲ့ သွားနေတာ လို့ထင်တယ်။ ဒီကိစ္စက UPDJC သို့မဟုတ် JICM မှာ ပြန်ဆွေးနွေးဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။ အခုဟာက တပ်ကတစ်မျိုး၊ ရှမ်းပြည်အစိုးရကတစ်မျိုးဆိုရင် ဒီကိစ္စကို အဓိက ဆွေးနွေးဖို့ လိုအပ်တာက  NRPC ပေါ့နော်။ ရှမ်းပြည်နယ်က ကရင်၊ ချင်းနဲ့တော့ မတူဘူး။ ရှမ်းပြည်နယ်မှာ NCA လက်မှတ်မထိုးတဲ့အဖွဲ့တွေ အများကြီးရှိတယ်။ ရှုပ်ထွေးမှုတွေ ရှိနေတဲ့အခါကျတော့ တပ်အနေနဲ့ကလည်း အကဲဆတ်တဲ့ အနေအထားမှာ ရှိနေတဲ့အခါမှာကျတော့ UPDJC မှာ ရှင်းရှင်းလင်းလင်း မရှိလို့ပဲလို့ ထင်တယ်” ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲများမှာ UPDJC အစည်းအဝေးတွင် သဘောတူညီမှုရရှိထားသည့် အချက်များဖြစ်ပြီး ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းကြောင့် UPDJC မှ ချမှတ်သော ဆုံးဖြတ်ချက်များကို သံသယဖြစ်လာကြောင်း  UPDJC အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောကြားသည်။

“တကယ်တမ်းကျတော့လည်း UPDJC ဆိုတာက ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာဆိုတာကို သံသယရှိလာပြီ။ ဘာလို့လဲဆိုတော့ ဒီလိုဖြစ်စဉ်တွေက UPDJC မှာ သဘောတူပြီးလည်း နောက်ကွယ်မှာရှိတဲ့သူတွေက ဖျက်ချင်လည်း ဖျက်ပစ်တာပဲလေ။ အခု ရှမ်းအဖြစ်အပျက်က အထင်သာအမြင်သာဆုံး ဖြစ်စဉ်ပဲလေ” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ၊ တပ်မတော်တွေ့ဆုံ ဆွေးနွေးမှုများတွင် တပ်မတော်ဘက်မှ မူဝါဒခြောက်ချက်ကို လက်ကိုင်ထားဆွေးနွေးနေပြီး တိုင်းရင်းသားများဘက်မှလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ငြိမ်းချမ်းရေးလမ်းစဉ်တွင် အဟန့်အတားဖြစ်နေကြောင်း သုံးသပ်မှုများရှိသည်။ ထို့ပြင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးမှသာ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရမည်ဟု တပ်မတော်ဘက်မှ ထုတ်ပြန်ထားသော်လည်း တိုင်းရင်းသားများ ဘက်ကမူ NCA သည် ပြီးပြည့်စုံသော စာချုပ်တစ်ခုမဟုတ်ကြောင်း ပြောဆိုမှုများရှိသည်။

သို့သော် ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) တွင် ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က နိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement NCA) လမ်းကြောင်းကို အခြေခံပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူပြီး ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် လက်ရှိသွားနေသည့် ပါတီစုံဒီမိုက ရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းလိုပါက အရာအားလုံး ငြိမ်းချမ်းလိုသည့်စိတ်ကို အခြေခံပြီး ဖြေရှင်းရမည်ဖြစ်ကြောင်း၊ NCA အရ တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဆွေးနွေးနိုင်သည့် လမ်းကြောင်းများစွာ အခွင့်အရေးများစွာ ရရှိမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဖြစ်စဉ်များ ချုပ်ငြိမ်းရန်၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံဆွေးနွေးရာတွင် ဖက်ဒရယ်ဟူသော စကားလုံးတစ်လုံးကို တပ်မတော်ဘက်မှ လက်မခံခြင်းကြောင့် အကြိတ်အနယ်ဆွေးနွေးခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအစိုးရ တက်လာပြီး နောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် ဆောင်ရွက်လျက်ရှိသော်လည်း တွေ့ဆုံဆွေးနွေးမှု အခြေအနေများမှာ တိုးတက်မှု အနည်းငယ်သာရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များဘက်တွင်လည်း လက်ရှိအစိုးရအပေါ် ယုံကြည်မှုအခြေအနေမှာ ရာခိုင်နှုန်း ၅၀ သာရှိပြီး ယင်းအခြေအနေထက် ပိုမိုတိုးတက်လာအောင် ပြဿနာများကို ဖြေရှင်းဆောင်ရွက်သင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် စာရေးဆရာ ဦးမောင်မောင်စိုးက ပြောကြားသည်။

“အခုလက်ရှိအစိုးရကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အချို့ အဖွဲ့တွေက ယုံကြည်မှုတစ်ဝက် မယုံကြည်မှုတစ်ဝက် ဖြစ်နေတယ်လို့ထင်တယ်။ အဲဒီပြဿနာကိုလည်း ဖြေရှင်းဖို့လိုတယ်” ဟု ဦးမောင်မောင်စိုးက ပြောကြားသည်။

ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် မြန်မာနိုင်ငံတွင် စစ်ပွဲများကြောင့် တိုးတက်မှုများ နှောင့်နှေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ လွတ်လပ်ရေး မရမီ ၁၉၄၇ ခုနှစ်တွင် ကရင်တိုင်းရင်းသားများမှ စတင်ခဲ့သည့် လက်နက်ကိုင်တော်လှန်မှုမှာ လက်ရှိအခြေအနေတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အပါအ၀င် ရှစ်ဖွဲ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း အခြားသောအဖွဲ့များမှာ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

“နှစ်ပေါင်း လေးငါးခြောက်ဆယ် မကတော့ဘူး။ ဘာအဖြေမှလည်း မထွက်ဘူး။ အဲဒါတွေကို ရပ်ဆိုင်းသင့်ပြီ။ တွေ့ဆုံဆွေးနွေးပြီး ပွင့်ပွင့်လင်းလင်းနဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အချိန်လည်း တန်နေပြီ။ ကိုယ့်အဖွဲ့ ကိုယ့်အုပ်စုလေးအတွက် မစဉ်းစားဘဲနဲ့ ပြည်ထောင်စုရဲ့ အကျိုးကိုလည်း ပြန်ကြည့်ဖို့ အချိန်တန်ပြီလို့ ဒီအဖွဲ့အစည်းအားလုံးကို ပြောချင်တယ်။ ပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ တပ်မတော်ရော၊ ကိုယ့်အဖွဲ့အတွက် မကြည့်နဲ့တော့” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

စစ်ပွဲတစ်ခုစတင်ဖြစ်ပွားပြီဆိုလျှင် ပထမဆုံးအနေဖြင့် အမှန်တရားပျောက်ကွယ်သွားပြီး တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲမှုများမှာ ထွက်ပေါ်လာစမြဲ ဖြစ်သည်။ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဟုဆိုသည့် အချိန်မှစပြီး အစိုးရ၊ တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယင်းကာလတစ်လျှောက်တွင် နားလည်မှုလွဲမှားစေသည့် ဖြစ်စဉ်များ၊ တဖက်သတ်ဆွေးနွေးမှု ဖြစ်ရပ်များမှာ ထွက်ပေါ်လာစမြဲဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား လုပ်ကိုင်ရာတွင် စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း စိုင်းကျော်ညွန့်က ပြောကြားသည်။

“ငြိမ်းချမ်းရေးလုပ်တာ စိတ်ရင်းစေတနာနဲ့ လုပ်ကြပါလို့ပဲ ပြောချင်တယ်။ အရောင်တွေရှိနေရင် ဘယ်လိုမှတိုးတက်မှာ မဟုတ်ဘူး” ဟု ၎င်းက ပြောကြားသည်။

တိုက်ပွဲများ၊ တားဆီးမှုများကြောင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက်များ ထွက်ပေါ်လာမည်လား၊ ၂၀၁၈ ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ်တစ်နှစ် ဖြစ်နိုင်မည်လားဆိုသည်မှာ ဖြစ်စဉ်များ၊ တွေ့ဆုံဆွေးနွေးမှုများအပေါ်တွင် ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပေသည်။

December 24, 2017














Copy Protected by Chetan's WP-Copyprotect.