မြင့်တက်နေဆဲ မုဒိမ်းမှုအန္တရာယ်

မြင့်တက်နေဆဲ မုဒိမ်းမှုအန္တရာယ်
Published 30 October 2017

သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် စစ်တွေတွင် အမျိုးသမီး ၁၅၀ ခန့် နိုဝင်ဘာ ၁၆ ရက်က စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော်စဉ်

လတ်တလောဖြစ်ပွားနေသည့် မုဒိမ်းမှုဖြစ်စဉ်များက အများပြည်သူအဖို့ ဆိုးရွားသော ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။ တစ်နည်းအားဖြင့် စက်ဆုပ်ရွံရှာစရာလည်း ကောင်းသည်။ ကြားသိရသူများအတွက် ဤသို့ဆိုလျှင် မုဒိမ်းမှု သားကောင်ဖြစ်ခဲ့ရသူ များအဖို့ များစွာသော စိတ်ဒုက္ခခံစားမှုဖြစ် နေသည်မှာ အမှန်ပင်။

 

■ မုဒိမ်းမှုအန္တရာယ်

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုနှစ် သြဂုတ်လအတွင်း နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သည့် အမှုကြီး ၁၀ မျိုးတွင် မုဒိမ်းမှု ၁၂၁ မှု အထိဖြစ်ပွားခဲ့ပြီး ယင်းလအတွက် အမှုကြီး ၁၀ မျိုးထဲတွင်လည်း ဖြစ်စဉ်အရေအတွက် အများဆုံးအဖြစ် ပါဝင်ခဲ့သည်။

အဆိုပါစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၄ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၇ မှု၊ မကွေးတိုင်းဒေသကြီးတွင် ၁၄ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂ မှု၊ ပဲခူးတိုင်းဒေသကြီးတွင် ရှစ်မှု၊  ရခိုင်ပြည်နယ်တွင် ခြောက်မှု၊ ကချင်ပြည်နယ်တွင် မုဒိမ်းမှုဖြစ်စဉ် လေးမှု၊ ရှမ်းပြည်နယ်တွင် လေးမှု၊ နေပြည်တော်တွင် လေးမှု၊ တနင်္သာရီတိုင်းဒေသကြီးတွင် လေးမှု၊ မွန်ပြည်နယ်တွင် နှစ်မှု ၊ ကယားပြည်နယ်တွင် တစ်မှုနှင့် ချင်းပြည်နယ်တွင် တစ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ အချက်အလက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မုဒိမ်းမှု ဖြစ်စဉ် အများဆုံးဖြစ်နေသည်ကို တွေ့ရ သည်။ တိုင်းဒေသကြီးများအနက် လူနေထူထပ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ်မှာ ယခင် ၂၀၁၆ ခုနှစ် နှစ်ဝက်ကထက် ၂၀၁၇ ခုနှစ် နှစ်ဝက်မှာ ပိုများလျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌  ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ခြောက်လအတွင်း မုဒိမ်းမှု ၁၀၂ မှုဖြစ်ပွားပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက် ခြောက်လအတွင်း မုဒိမ်းမှု ၁၃၇ မှုအထိ ဖြစ်ပွားခဲ့သည်။ အဆိုပါစာရင်းအရ ယခုနှစ်ဝက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှု ၃၅ မှု ပိုမို ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

 

■ အုပ်စုဖွဲ့ကျူးလွန်မှုနှင့် သွေးသားရင်းအပေါ် ကျူးလွန်လာသည့် မုဒိမ်းမှုများ

လတ်တလော ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု ဖြစ်စဉ်များတွင် အုပ်စုဖွဲ့ ကျူးလွန်ကြသည့် ဖြစ်စဉ်ပင် ရှိလာသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့တွင် လမ်းလျှောက်နေသည့် ဇနီးမောင်နှံကို အမျိုးသား ခြောက်ဦးက ဆိုင်ကယ်ခိုးသည်ဟု စွပ်စွဲခြိမ်းခြောက်ကာ ခင်ပွန်းဖြစ်သူအား ချုပ်နှောင်၍ ဇနီးဖြစ်သူကို အမျိုးသားလေးဦးက အလှည့်ကျ အုပ်စုဖွဲ့ မုဒိမ်းမှုကျူးလွန်ခဲ့ကြကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ အဆိုပါဖြစ်စဉ်မှ အမျိုးသားခြောက်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ အသက် ၂၀ မှ ၂၃ နှစ် ဝန်းကျင်ရှိသူများဖြစ်ကာ အိမ်ခြေရာမဲ့များ ဖြစ်ကြကြောင်း ရဲအရာရှိက ဆိုသည်။

ထို့ပြင် အသက်မပြည့်သေးသည့် ကလေးငယ်များပင် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ်များလည်းဖြစ်ပေါ်နေပြီး ဖခင်အရင်းကပင် သမီးအရင်းဖြစ်သူကို အဓမ္မပြုကျင့်သည့် ဖြစ်စဉ်များ ပါရှိလာခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အလုံရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးက အသက် ၁၂ နှစ်အရွယ်ရှိ သမီးအရင်းဖြစ်သူကို အကြိမ်ကြိမ် မုဒိမ်းမှုပြုကျင့်ခဲ့ပြီး အခြားသူများထံမှလည်း ငွေကြေးရယူ၍ သမီးဖြစ်သူနှင့် ကာမဆက်ဆံခိုင်းသည့် အတွက် လက်ရှိတွင် မုံရွာခရိုင်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ၃၇၆ ဖြင့် တရားစွဲဆိုခံထားရကြောင်း နစ်နာသူ မိန်းကလေး၏ အမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် Justice House (တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုစီမံချက်) အဖွဲ့မှ သိရသည်။ အလားတူ သွေးသားရင်းအချင်းချင်း အဓမ္မပြုကျူးလွန်သည့်ဖြစ်စဉ်အချို့ ဖြစ်ပွားရှိနေရာ ယင်းဖြစ်စဉ်များမှာ ထိတ်လန့်စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

 

■ အင်တာနက်ပေါ်က ညစ်ညမ်းဝက်ဘ်ဆိုက်များက မုဒိမ်းမှုဖြစ်ပေါ်စေဖို့ တွန်းအားလား

နည်းပညာ တိုးတက်မှုများက ကောင်းမွန်သော အပေါင်းလက္ခဏာရှိသလို တစ်ဖက်တွင်လည်း ဆုတ်ယုတ်မှု အနုတ်လက္ခဏာဖြစ်နေသည်။ ယခုခေတ်ကာလတွင် လူငယ်၊ လူလတ်၊ လူကြီးမရွေး ဖုန်းများအသုံး ပြုနေကြပြီဖြစ်ရာ အင်တာနက်၊ လူမှုကွန်ရက်အကောင့်များ အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထိုသို့ စမတ်ဖုန်းတစ်လုံးဖြင့် အင်တာနက် အသုံးပြု၍ ညစ်ညမ်းဝက်ဘ်ဆိုက်များ ကိုလည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှု နိုင်လေသည်။ ယင်းအကြောင်းရင်းများမှာ မုဒိမ်းမှုဖြစ်စဉ်ဖြစ်ပေါ်စေရန် လှုံ့ဆော်နိုင်သည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေလေသည်။

“မုဒိမ်းဖြစ်စဉ် တိုးလာတဲ့အနေအထားက ယေဘုယျအားဖြင့် ပြောမယ်ဆိုရင် အကြောင်းရင်းနှစ်ချက် ရှိနိုင်ပါတယ်။ ဥပဒေအရ အရင်က ၁၄ နှစ်ကနေ ၁၆ နှစ်သတ်မှတ်လိုက်တဲ့အတွက် အမှုဖွင့် တိုင်ကြားနိုင်လာတဲ့အတွက် အရေအတွက် တိုးလာလည်း ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုက အင်တာနက်ကနေ ညစ်ညမ်းကားတွေ အလွယ်တကူကြည့်ရှုနိုင်လာတဲ့အတွက်လည်း ဒါက စိတ်ပိုင်းဆိုင်ရာကို လှုံ့ဆော်မှုတစ်ခုကို ဖြစ်စေနိုင်တယ်လို့ ထင်မြင်မိတယ်” ဟု Justice House  အဖွဲ့မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးဇော်သူရိန်ထွန်းက ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “နောက်တစ်ခုက အင်တာနက်ပေါ့။ တချို့က လွဲမှားစွာ အသုံး ပြုတတ်ကြတယ်။ အဲဒီကနေ ညစ်ညမ်းဇာတ်လမ်းတွေ ကြည့်ကြတယ်။ အဲဒီဇာတ်လမ်းတွေကလည်း မုဒိမ်းမှု ဖြစ်ပွားစေနိုင်တဲ့ အ ကျိုးဆက်တစ်ခုအဖြစ်လည်း အနည်းနဲ့အများ ပါဝင်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့တော့ ဆင်ဆာမဲ့ အခွေတွေ၊ ညစ်ညမ်းဇာတ်လမ်းအခွေကို ရောင်းချမှုမရှိရေး အသိပညာပေးတယ်။ ဖမ်းဆီးမှုတွေ ပြုလုပ်ပါတယ်”ဟု ပြောကြားသည်။

 

■ မုဒိမ်းမှု တရားခံများအား ထိရောက်စွာ အပြစ်ပေးဖို့ လိုအပ်နေ

မုဒိမ်းမှု ကျူးလွန်ခံရသူများအား တရားဥပဒေအရ မြန်ဆန်ထိရောက်စွာ အပြစ်ပေးရန် အများပြည်သူက ပြင်းထန်သောဆန္ဒ ဖြစ်နေသည်။ ကျူးလွန်ခံရသူများက ကျူးလွန်သူများနှင့် အချိန်ကြာမြင့်စွာ တရားရင်ဆိုင်နေရမှုများလည်း ရှိနေသည်။ ယင်းအ ခြေအနေသည် ကျူးလွန်ခံရသူများအတွက် စိတ်ဝေဒနာခံစားမှုကို ပိုမိုဖြစ်ပေါ်စေသည်။ အချို့ဖြစ်စဉ်များတွင် ကျူးလွန်သူမှာ ဖမ်းဆီးခံရမှု မရှိဘဲ အချိန်ကြာမြင့်စွာ လွတ်မြောက်နေမှုများပင် ရှိနေသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေကြီး အပါအဝင် တိုင်းဒေသကြီးပြည်နယ်အချို့၌ သက်ငယ်မုဒိမ်းအပါအဝင်၊ မုဒိမ်းမှု ဖြစ်စဉ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း လှုပ်ရှားမှုများကို ပြည်သူအများအပြားက လုပ်ဆောင်ခဲ့ကြသည်။ လှုပ်ရှားသူ များက အဓိကတောင်းဆိုမှုမှာ ကျူးလွန်သူများအား ကြီးလေးသော ပြစ်ဒဏ်ပေးရေးပင်ဖြစ်သည်။

“မုဒိမ်းကျူးလွန်သူတွေအတွက် တရားရုံးတွေက မြန်မြန်ဆန်ဆန် အမှုစစ်ပြီး အမိန့်ချသင့်တယ်။ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ်တစ်သက်လို့လည်း သိထားတယ်။ အဲဒါမှ နောင်ကြဉ်မှာ။ ပြစ်ဒဏ်နည်းရင် သူတို့က  မကြောက်တော့ဘူး။ ဒီလိုလုပ် ဖူးရင် နောင်တရတယ်ဆိုတဲ့သူက နည်းနည်း။ နောက်ထပ် လက်တည့် စမ်းချင်တဲ့သူက များများ။ တချို့ ငွေကြေးကိစ္စနဲ့ ပေးလျော်ပြီး တရားရုံး မရောက်တဲ့ကိစ္စတွေလည်း အများကြီး ရှိနေတယ်။ ကျူးလွန်ခံရတဲ့သူ အတွက်က စိတ်ဒဏ်ရာအများကြီး ရစေတယ်။ ပတ်ဝန်းကျင်ကို မတိုးရဲလောက်အောင်လည်း ဖြစ်သွားတယ်။ အသက်မပြည့်တဲ့ ကလေးတွေဆို ပိုဆိုးတယ်။ နောက်တစ်ခုက မုဒိမ်းမှုနဲ့ ထောင်ကျခံရတဲ့သူတွေကို ဘယ်လွတ်ငြိမ်းနဲ့မှ မလွှတ်သင့်ပါဘူး” ဟု ယင်း ဖြစ်စဉ်ဖြင့် အမှုရင်ဆိုင်နေသည့် အမျိုးသမီးတစ်ဦး၏မိခင်က ပြောကြားသည်။

မြန်မာနိုင်ငံ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ မုဒိမ်းမှုအတွက် ပြစ်ဒဏ်တွင် “မုဒိမ်းမှု ကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ် စေချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ် နိုင်သည်။ မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏ မယားဖြစ်၍၊ အသက်တစ်ဆယ့်နှစ်နှစ် အောက် မဟုတ်လျှင်မှု အား မုဒိမ်းကျင့်သော ထိုလင်ကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်”ဟု ဖော်ပြပါရှိသည်။

ထို့ပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၅ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ပဉ္စမအပိုဒ်တွင် အသက် ၁၄ နှစ်အောက် မိန်းကလေးငယ်များအား အလိုတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကာမစပ်ယှက်ပါက မုဒိမ်းမှုမြောက်သည်ဟု ဖော်ပြထားသော်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါ ရီ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် (၆) ဖြင့် အသက် ၁၄ နှစ်အောက်အစား အသက် ၁၆ နှစ်အောက်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည့်အတွက် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်များအား အလိုတူ သည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကာမစပ်ယှက်ပါက မုဒိမ်းမှုမြောက်ကြောင်း သိရသည်။

ဘားအံမြို့နယ် သံလွင်မြစ် အနောက်ဘက်ခြမ်း လှကာကျေးရွာအုပ်စုရှိ ကျေးရွာတစ်ရွာတွင် ဖြစ်ပွားခဲ့သည့် အသက် ၅၉ နှစ်အရွယ် ဖခင်အရင်းက အသက် ၁၄ နှစ်အရွယ်ရှိ သမီးအရင်းဖြစ်သူအား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် ဘားအံခရိုင်တရားရုံး က အောက်တိုဘာ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် အသက် ၁၇ နှစ် အရွယ်ရှိ သားအရင်းဖြစ်သူက တရားလိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်း ၎င်းမှာ ငါးဖမ်းရာမှ နေအိမ်သို့ ပြန်လာစဉ် ညီမဖြစ်သူက ဖခင်၏ အဓမ္မပြုကျင့်မှုကို ခံနေရကြောင်းပြောပြ၍ သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မုဒိမ်းမှုဖြစ်စဉ်အတွက် လက်ရှိ ဥပဒေက လုံလောက်မှုရှိလားဆိုရင်တော့။ ဥပဒေကိုပြင်ဆင်ဖို့ လိုအပ်ပါတယ်။ မုဒိမ်းမှု ပြစ်ဒဏ်က ၁၀ နှစ်လောက်ချတာ အများဆုံး တွေ့တယ်။ ခုနောက်ပိုင်း သက်ငယ်မုဒိမ်း မှန်ရင်တော့ နှစ် ၂၀ အထိချလာတာတော့ တွေ့ရပါတယ်။ အခုဆိုပြည်သူတွေအနေနဲ့လည်း  သက်ငယ် မုဒိမ်းဆိုရင် သေဒဏ်အထိပေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာတယ်။ ပြီးတော့ အခုဆို အုပ်စုဖွဲ့ မုဒိမ်းကျင့်တာတွေ ရှိလာပြီ။ ဒီလို ကျူးလွန်တဲ့သူတွေအတွက် ပြစ်ဒဏ်ဆိုရင် အမြင့်ဆုံး  ဖြစ်သင့်တယ်။ ဥပ မာပြောရင် တခြားနိုင်ငံတွေမှာဆို ပန်းသေဆေး ထိုးတာတို့ရှိတယ်လေ။ တချို့နိုင်ငံဆိုက သေဒဏ်ပေါ့။ အဲဒီလိုမျိုး ပြစ်ဒဏ်မျိုးတွေလည်း ရှိသင့်တယ်။ ဥပဒေပြင်ဆင်ဖို့ ဥပဒေပညာရှင်တွေရော သက်ဆိုင်ရာတတ် ကျွမ်းသူတွေရော အမြင်အမျိုးမျိုး ရှိနေတယ်။ အဲဒါကိုအားလုံး ပါဝင်ဆွေးနွေးပြီး ဘုံသတောတူညီချက်ကိုထားပြီး ဥပဒေကို ပြင်ဆင်သင့်ပါတယ်။ တစ်ဖက်မှာလည်း တကယ် မကျူးလွန်တဲ့သူအဖို့ ချောက်ချခံရတာတွေ ဖြစ်လာနိုင်တယ်။ သက်သေပိုင်း အားနည်းလို့ မလုပ်ဘဲ ကျခံနိုင်ရတဲ့အပိုင်းတွေ ရှိလာနိုင်ပါတယ်။ အမြင်ကိုပြောရရင်တော့ မုဒိမ်းမှုတွေ တားဆီးဖို့အတွက်တော့ ထိရောက်တဲ့ ပြစ်ဒဏ်မျိုးပြင်ဆင်ဖို့ လိုအပ်နေပါတယ်”ဟု ဦးဇော်သူရိန်ထွန်းက သုံးသပ်သည်။

 

■ မုဒိမ်းမှုကို ဘယ်လိုကာကွယ်မလဲ

မုဒိမ်းနှင့် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှု လျော့နည်းစေရန်အတွက် ရဲတပ်ဖွဲ့က ကြို တင်ကာကွယ်ရေး လုပ်ဆောင်သင့်သည့် အကြောင်းအရာများကို အများပြည်သူ သိရှိအောင် အသိပညာပေးမှု လုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။ မုဒိမ်းမှုနှင့် ပတ်သက်၍ ကြိုတင် ရှောင်ရှားရန်သင့်သည့် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် နေအိမ်၌ မိန်းကလေးငယ်တစ်ဦးတည်းထား၍ မိသားစုများနှင့် မောင်နှမသားချင်းများ အပြင်သို့ သွားရောက်နေခြင်း မပြုရန်၊ ညအချိန်တွင် မိန်းကလေးငယ်တစ်ဦးတည်း အပြင်သို့ အကြောင်းအမျိုးမျိုးဖြင့် စေလွှတ်ခြင်း မပြုရန်၊ အုပ်ထိန်းသူများအနေဖြင့် အခြား ခင်မင် ရင်းနှီးသူများအပေါ် အယုံအကြည်လွန်ကဲပြီး မိန်းကလေးငယ်နှင့် နေအိမ်တွင် နှစ်ဦးတည်း ရှိနေစေခြင်းမပြုရန် စသည်တို့ကို လိုက်နာ ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အရက်သေစာ သောက်စား မူးယစ်သည့် ဖခင်အရင်းများကလည်း အသိစိတ်ပျောက်ပြီး သွေးသားရင်းများကို ကျူးလွန်သည့်ဖြစ်စဉ်များရှိသည့်အတွက် အဆိုပါ အခြေအနေများကို သတိထားရှောင်ကြဉ် သင့်သည်ဟုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။

မည်သို့ပင်ဖြစ်စေ မုဒိမ်းမှုသားကောင် ဖြစ်ခံရသူများအတွက် ဖြေသိမ့်မှု၊ တရား မျှတမှုနှင့် အများပြည်သူများအတွက် မုဒိမ်း သားကောင်အဖြစ်မှ ကာကွယ်လုံခြုံမှုရှိစေ ရန်အတွက်မှာ မုဒိမ်းမှုကျူးလွန်သူများကို ပြင်းထန်ထိရောက်သော အပြစ်ပေးမှုတစ်ခု တည်းပင် ဖြစ်ပေမည်။

 

Most Read

Most Recent