မြန်မာနိုင်ငံ၏ ရခိုင်အရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တို့၏ ဗီတိုအာဏာ

မြန်မာနိုင်ငံ၏ ရခိုင်အရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တို့၏ ဗီတိုအာဏာ
Published 24 September 2017

စက်တင်ဘာ ၁၉ ရက်က နယူးယောက်စီးတီးမြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်

သြဂုတ် ၂၅ ရက်တွင် ဘင်္ဂါလီ မွတ်စလင်အစွန်းရောက် အကြမ်းဖက်သမားများက ရဲစခန်းပေါင်း ၃၀ ခန့်နှင့် တပ်မတော်စခန်းတစ်ခုတို့ကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာတပ်မတော်က စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ယင်းဒေသတွင် နေထိုင်သော ဘင်္ဂါလီမွတ်စလင် အများအပြားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြသဖြင့် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်သော ဖိအားပေးမှုများ ပြုလုပ်လာခဲ့သည်။ ယင်းကဲ့သို့ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုမှစတင်ကာ မြန်မာနိုင်ငံသည် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်၍ အကျပ်အတည်း တစ်ရပ်အတွင်းသို့ ကျရောက်ခဲ့သည့်အပြင် ပြည်ပနိုင်ငံအချို့၏ စွပ်စွဲပြစ်တင်မှုများ၊ တစ်ဖက်သတ် ဖိအားပေးမှုများနှင့် ရင်ဆိုင်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အရေးယူမှုများ ဖြစ်လာမည်လားဟု စိုးရိမ်မှုများ ထွက်ပေါ်လာသည်။

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအား အရေးယူရန် ပြင်သစ်သမ္မတ၏ လှုံ့ဆော်မှု

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်တို့အား တိုက်ခိုက်မှုများသည် “လူမျိုးတုံး သတ်ဖြတ်မှု” မြောက်သည်ဟု ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ “ကျယ်ပြန့်လာနေတဲ့ ဒီလူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးစုလိုက် သုတ်သင်မှု” ကို လုံခြုံရေးကောင်စီက ရှုတ်ချရန်အတွက် ပြင်သစ်က အခြားအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြင်သစ်ရုပ်သံ TMC နှင့် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့သည်။ မက်ခရွန်က “ကုလသမဂ္ဂက ရှုတ်ချမှု ထုတ်ပြန်ပြီဆိုရင် ကုလသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ ဝင်ရောက်စွက်ဖက်မှုအတွက် မူဘောင်တစ်ခုကို ဆောင်ရွက်နိုင်တဲ့ အကျိုးဆက်တွေရှိလာမှာပါ” ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ အကြီးအကဲက ဘင်္ဂါလီမွတ်စလင်တို့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ တိုက်ခိုက်နေပြီး “လူမျိုးစုလိုက် သုတ်သင်မှုသင်ရိုးနမူနာ” ဟု ဖော်ပြပြောဆိုခဲ့သည်။

နိုင်ငံပေါင်း ခုနစ်နိုင်ငံ၏ လုံခြုံရေးကောင်စီ၌ တောင်းဆိုမှု

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခအား ဆွေးနွေးရန်အတွက် လာမည့်သီတင်းပတ်၌ တွေ့ဆုံရန် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်တို့အပြင်အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါနှင့် ဆွီဒင်တို့က လုံခြုံရေး ကောင်စီကို တောင်းဆိုထားကြောင်းလည်း စက်တင်ဘာ ၂၂ ရက်တွင် သတင်းထွက်ပေါ်လာသည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမွတ်စလင်တို့အား မြန်မာစစ်တပ်က နှိမ်နင်းမှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လုံခြုံရေးကောင်စီအား ရှင်းလင်းပြောကြားစေလိုသည်ဟု ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်၌ အပြင်းအထန် နှိမ်နင်းမှုများ ရပ်တန့်ရန် တောင်းဆိုထားသည်။

လုံခြုံရေးကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော အီသီယိုပီးယားက အစည်းအဝေးအတွက် အချိန်သတ်မှတ်ရန် တိုင်ပင်ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင် ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများ အဆုံးသတ်ရန် လုံခြုံရေးကောင်စီက “ပြင်းထန်ပြီး လျင်မြန်သော အရေးယူဆောင်ရွက်မှု” ပြုစေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ပြောကြားခဲ့သည်ဟု အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီသည် ရခိုင် အကျပ်အတည်း စတင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့်ပတ်သက်၍    တံခါးပိတ်ဆွေးနွေးမှု နှစ်ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ပြင်းထန်သော ဖိနှိပ်မှုများ အဆုံးသတ်ရန် မြန်မာအာဏာပိုင်များအား လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့ပြီး ရခိုင်အခြေအနေနှင့် ပတ်သက်၍ ရှုတ်ချကြောင်း တရားဝင်မဟုတ်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အခြေအနေများ မတိုးတက်ပါက လုံခြုံရေးကောင်စီသည် တရားဝင်ကြေညာချက် ထုတ်ပြန်ရန် စဉ်းစားနိုင်ကြောင်း သံတမန်များက ပြောကြားထားသည်။

သို့သော် မြန်မာနိုင်ငံအား ပြင်းထန်သော အရေးယူဆောင်ရွက်မှု ပြုလုပ်ရေးအတွက် ဆုံးဖြတ်ချက် ထုတ်ပြန်ရန်လိုအပ်ပြီး လုံခြုံရေးကောင်စီ၌ အတည်ပြုရမည် ဖြစ်သည်။  ယင်းကဲ့သို့ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ကိုးနိုင်ငံက ထောက်ခံရန် လိုအပ်သည့်အပြင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည့် ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ဗီတိုဖြင့် ကန့်ကွက်မှု မရှိမှသာ အတည်ပြုနိုင်မည် ဖြစ်သည်။

ဗီတိုအာဏာရှိနေသော တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အကျိုးစီးပွား

မည်သို့ပင်ဆိုစေကာမူ တရုတ်နှင့် ရုရှားက ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုကို သဘောတူညီဖွယ် မရှိပေ။ ရုရှားနှင့် တရုတ်တို့က ယင်းကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံး ပယ်ချနိုင်သည်။

ယင်းအချိန်မှာပင် ရုရှားသတင်း အေဂျင်စီဖြစ်သော Sputnik ၌ ရခိုင်တွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံ၌ တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရေးကို တရုတ်က စိတ်ဝင်စားနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအတွက် အခြားရွေးချယ်စရာ စွမ်းအင်လမ်းကြောင်းတစ်ခုကို မြန်မာက ပေးနိုင်သောကြောင့် ပထဝီနိုင်ငံရေးသြဇာရှိသော  မြန်မာတွင် အစ္စလာမ္မစ်အစွန်းရောက်မှု တစ်ရှိန်ထိုး မြင့်တက်လာနိုင်ခြေရှိမှုအား တရုတ်က စိုးရိမ်နေသည်ဟု ဆိုသည်။

ရခိုင်၌အကျပ်အတည်း ဖြစ်ပွားနေချိန်တွင် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအတွင်းသို့  IS ဂျီဟတ်တို့ ထိုးဖောက်ဝင်နိုင်ခြေကို တရုတ်က အလေးအနက် စိုးရိမ်နေသည်ဟု နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ တရုတ်ပညာရှင်တစ်ဦးက အမည်မဖော်ဘဲ Sputnil ကို ပြောကြားခဲ့သည်။ အစွန်းရောက် ဘင်္ဂါလီမွတ်စလင်တို့နှင့် ဝီဂါမွတ်စလင်တို့သည် အရှေ့တောင်အာရှရှိ အစ္စလာမ္မစ် အကြမ်းဖက်များနှင့် ဆက်သွယ်ချိတ်ဆက်နိုင်သည့် အခွင့်အရေးရှိသည်ဟု အဆိုပါ ကျွမ်းကျင်သူက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် စီးပွားရေး အလျင်အမြန်တိုးတက်မှု စတင်ဖြစ်ပေါ်လာနိုင်သောကြောင့် တရုတ်၏ စိုးရိမ်မှုသည် ပထဝီနိုင်ငံရေး နောက်ခံရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ရုရှားအပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနက Russian Institute of Strategic Studies (RISS) မှ အာရှရေးရာဥက္ကဋ္ဌ ဘောရစ်ဗော ခွန်စကီးက အိန္ဒိယသမုဒ္ဒရာနှင့် ယူရေးရှားကို ထိုးဖောက်ရေး တရုတ်မဟာဗျူဟာအတွက် မြန်မာသည် အဓိကကျကြောင်း Sputnik ကို ပြောကြားခဲ့သည်။ အိန္ဒိယသမုဒ္ဒရာမှ တရုတ်တောင်ပိုင်း ပြည်နယ်များသို့ အထူးသဖြင့် ယူနန်ပြည်နယ်သို့ စွမ်းအင်နှင့်  အခြားမဟာဗျူဟာကျ ထုတ်ကုန်များသယ်ပို့ရေးတွင် မလက္ကာ ရေလက်ကြားကို မဖြတ်ဘဲ အလွန်တို သောလမ်းကြောင်းဖြင့် မြန်မာမှတစ်ဆင့် ဖြတ်သန်းနိုင်ကြောင်း ရစ်ဗောခွန်စကီးက ရှင်းပြခဲ့သည်။

အကြမ်းဖက်မှု ပျံ့နှံ့နိုင်သည့် ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုအတွက် တရုတ်အစိုးရသည် မြန်မာအာဏာပိုင်များအား သံတမန်ရေးနှင့် စိတ်ဓာတ်ရေးရာ အားပေးမှုများ အရှိန်မြှင့် ဆောင်ရွက်ခဲ့သည်။ မြို့တော်နေပြည်တော်တွင် ဆက်ဆံရေးရုံးကို တရုတ်က မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် တရုတ်သည် ရခိုင်ရှိ ဒုက္ခသည်များအတွက် အရေးပေါ်လူသားချင်း စာနာမှုအကူအညီ များပေးမည်ဟုလည်း ပြောကြားထားသည်။ အစောပိုင်းကတည်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂန်ရွှမ်က “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ ပြစ်တင်ရှုတ်ချပါတယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖု့ိ မြန်မာအစိုးရရဲ့ အားထုတ်မှုတွေကို ကျွန်တော်တို့  ထောက်ခံပါတယ်။ အဲဒီမှာ အမိန့်အာဏာထိန်းသိမ်းရေးနဲ့ ပုံမှန်ဘဝကို ဖြစ်နိုင်သမျှအမြန် ဆုံးပြန်ရောက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမှအစပြုမည့် တရုတ်၏ OBOR စီမံကိန်းကြီးနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတို့သည် တရုတ်နိုင်ငံအတွက် ကြီးမားလှသော အကျိုးစီးပွားရှိသည့် မြန်မာနိုင်ငံမှ စီမံကိန်းများဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြဿနာတွင် မြန်မာနိုင်ငံအား ဝင်ရောက်အကာအကွယ်ပေးမည်မှာ အသေအချာပင်ဖြစ်သည်။ တရုတ်သည် လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာ သုံးခွင့်ရှိနေသော အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

ဗီတိုအာဏာဟူသည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဗီတိုအာဏာဟူသည် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ (တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်) တို့သာလျှင် အသုံးပြုပိုင်ခွင့် ရှိသည်။ လုံခြုံရေးကောင်စီ၏ ထိရောက်သော ဆုံးဖြတ်ချက်များကို အတည်ပြုခြင်းအား ဗီတိုအာဏာသုံး၍ ကာကွယ်နိုင်သည်။ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့်  မဲမပေးဘဲနေခြင်း သို့မဟုတ် ပျက်ကွက်ခြင်း ရှိခဲ့လျှင်မူ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုခြင်းမှ ကာကွယ်နိုင်မည် မဟုတ်ပါ။

သို့သော် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများကိုယ်တိုင်က ဆုံးဖြတ်သည့် ကျင့်ထုံးဆိုင်ရာ မဲပေးမှုများကို ဗီတိုအာဏာ မသုံးနိုင်ပေ။ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများသည် ကျင့်ထုံးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းများကိုမူ လုံခြုံရေးကောင်စီက အတည်ပြုခြင်းအား ပိတ်ဆို့ခြင်း မပြုနိုင်ဘဲ မဲပေးရုံသာ ပေးနိုင်သည်။ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ကန့်ကွက်မဲပေးခြင်းသည် ဆုံးဖြတ်ချက်မဟုတ်ဘဲ အထွေထွေညီလာခံက အဆိုပြုခြင်းဖြစ်သည့်တိုင် အတွင်းရေးမှူး ချုပ်ရွေးချယ်မှုကိုလည်း ပိတ်ဆို့နိုင်သည်။

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၂၇

ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၂၇ ၌ (၁) လုံခြုံရေးကောင်စီ အဖွဲ့ဝင်အသီးသီးအနေဖြင့် မဲတစ်မဲ ပေးပိုင်ခွင့်ရှိသည် (၂) ကျင့်ထုံးဆိုင် ရာကိစ္စများနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို  အဖွဲ့ဝင်ကိုးနိုင်ငံ၏ ထောက်ခံမဲဖြင့် ချမှတ်ရမည် (၃) အခြားသော ကိစ္စအားလုံးနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ တညီတညွတ်တည်း ထောက်ခံမှု အပါအဝင် အဖွဲ့ဝင်ကိုးနိုင်ငံ၏ ထောက်ခံမဲဖြင့် ဆုံးဖြတ်သည်။

ဗီတိုအာဏာ အသုံးပြုမှုများ

ဗီတိုအာဏာကို အမှန်တကယ် အသုံးပြုခြင်းနှင့် ယင်းကို အသုံးပြုရန် ဖြစ်နိုင်ခြေ အမြဲတမ်းရှိခြင်း         တို့သည် ကုလသမဂ္ဂသမိုင်းတစ်လျှောက် လုံခြုံရေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်ခြင်း၏ အဓိကလက္ခဏာ ဖြစ်လာခဲ့သည်။ ၁၉၄၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အကုန်အထိ ဆုံးဖြတ်ချက်ပေါင်း ၂၁၅ ခုကို ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။ ၁၉၈၉ ခုနှစ် အထိ နှစ်စဉ်ပျမ်းမျှဗီတိုအာဏာ သုံးစွဲမှုသည် တစ်နှစ်လျှင် ငါးကြိမ်နှုန်းရှိသည်။ ယင်းနောက်ပိုင်းတွင် ပျမ်းမျှနှစ်စဉ်သုံးစွဲမှုနှုန်းသည် တစ်ကြိမ်ကျော်ရုံသာ ရှိသည်။

အဆိုပြုချက်တစ်ခုသည် လိုအပ်သော မဲအများစုပင် ရရှိခြင်းမရှိပါက လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် ဗီတိုအာဏာသုံးစွဲရမှုကို ရှောင်လွှဲနိုင်သည်။ ဗီတိုအာဏာအသုံးပြုခြင်းသည် သက်ဆိုင်ရာ အကြောင်းအရာတစ်ရပ်နှင့် ပတ်သက်၍ သံတမန်ဆိုင်ရာ သီးသန့်ကန့်သတ်ထားမှု အဆင့်တစ်ဆင့်ကို ဖော်ပြနေသည်။ ဗီတိုအာဏာ အသုံးပြုခြင်း သို့မဟုတ် ဗီတိုအာဏာဖြင့် ခြိမ်းခြောက်ခြင်းတို့ကြောင့် လုံခြုံရေးကောင်စီသည် အမြဲတမ်းအဖွဲ့ ဝင်နိုင်ငံများ ပါဝင်ပတ်သက်နေသည့် စွက်ဖက်မှုများနှင့် စစ်ပွဲအချို့တွင် အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ရန် အကန့်အသတ်ရှိခဲ့သည်။ ဥပမာအားဖြင့် အယ်လ်ဂျီးရီးယား (၁၉၅၄-၆၂)၊ စူးအက် (၁၉၅၆)၊ ဟန်ဂေရီ (၁၉၅၆)၊ ဗီယက်နမ် (၁၉၄၆-၇၅)၊ တရုတ်-ဗီယက်နမ်စစ်ပွဲ (၁၉၇၉)၊ အာဖဂန်နစ္စတန် (၁၉၇၉-၈၈)၊ ပနားမား (၁၉၈၉)၊ အီရတ် (၂၀၀၃) နှင့် ဂျော်ဂျီယာ (၂၀၀၈) တို့ ဖြစ်သည်။

ကုလသမဂ္ဂ၏ လုပ်ကိုင်နိုင်စွမ်း အကန့်အသတ်ရှိသည့် ကိစ္စအားလုံးသည် ဗီတိုအာဏာအမှန်တကယ် သုံးစွဲမှုကြောင့် မဟုတ်ပေ။ ဥပမာအနေဖြင့် အီရန်-အီရတ်စစ်ပွဲ (၁၉၈၀-၈၈)၌ ဗီတိုအာဏာသုံးစွဲခဲ့ခြင်း မရှိခဲ့သော်လည်း ကုလသမဂ္ဂ၏ အခန်းကဏ္ဍသည် အနည်းဆုံး ဖြစ်ခဲ့သည်။ ယင်းကဲ့သို့ပင် ဆူဒန် ဒါဖာဒေသပဋိပက္ခ (၂၀၀၃)၌လည်း ဗီတိုအာဏာ အမှန်တကယ် သုံးစွဲမှုကြောင့် မဟုတ်ဘဲ ကုလသမဂ္ဂ၏ ပါဝင်ဆောင်ရွက်နိုင်စွမ်းမှာ အကန့်အသတ်ရှိခဲ့သည်။ အရေးယူရန် အထွေထွေသဘောအရ ဆန္ဒနည်းပါးခြင်းက အဓိကပြဿနာ ဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်များ နောက်ပိုင်းတွင် ဗီတိုအာဏာသုံးစွဲမှု ချွေတာခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ် မေ ၃၁ ရက်မှ ၁၉၉၃ ခုနှစ် မေ ၁၁ ရက် အထိ ကာလသည် ကုလသမဂ္ဂ သမိုင်းတွင် ဗီတိုအာဏာ လုံးဝသုံး စွဲခဲ့ခြင်း မရှိသည့် အရှည်ကြာဆုံးကာလ ဖြစ်ခဲ့သည်။ ၁၉၈၉ ခုနှစ် ကုန်အထိ လုံခြုံရေးကောင်စီက အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်ပေါင်း ၆၄၆ ခုရှိခဲ့ရာ တစ်နှစ်လျှင် ၁၅ ခုနှုန်း ဖြစ်သည်။

၁၉၅၀ ပြည့်နှစ်တွင် ဆိုဗီယက်ယူနီယံသည် ဗီတိုအာဏာသုံးစွဲရန် အရေးကြီးသော အခွင့်အလမ်းတစ်ရပ်ကို လက်လွတ်ခဲ့ရသည်။ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလမှစ၍ ဆိုဗီယက်အစိုးရသည် လုံခြုံရေးကောင်စီ၌ မတက်ရောက်ရေးမူဝါဒကို ကျင့်သုံးခဲ့သောကြောင့် ဖြစ်သည်။  ကုလသမဂ္ဂက တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကိုယ်စားလှယ်များကို တရားဝင် တရုတ်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့မှုကို မကျေနပ်သောကြောင့် ဖြစ်သည်။

ယင်းအချိန်က လုံခြုံရေးကောင်စီသည် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအသီးသီးကပေးသည့် ထောက်ခံမဲတစ်မဲ ရရှိမှု မရှိသော်လည်း ဆုံးဖြတ်ချက်မူကြမ်းများကို အတည်ပြုခဲ့သည်။လုံခြုံရေးကောင်စီသို့ ဆိုဗီယက် တက်ရောက်ရန် ပျက်ကွက်ခဲ့မှုကြောင့် ဆုံးဖြတ်ချက်အမှတ် ၈၃ (ဇွန် ၂၇၊ ၁၉၅၀) နှင့် ၈၄ (ဇူလိုင် ၇၊ ၁၉၅၀) တို့အရ အမေရိကန်ခေါင်းဆောင်သော ညွန့်ပေါင်းအဖွဲ့သည် မြောက်ကိုရီးယား၏ တိုက်ခိုက်မှုကို တွန်းလှန်ရန် တောင်ကိုရီးယားအား ကူညီခွင့် ရရှိသွားခဲ့သည်။

 

စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂတွင် ဂူတာရက်နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာတို့ တွေ့ဆုံနေစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွက်ဖက်မှုများ

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် စက်တင်ဘာ ၁၆ ရက်တွင် ထွက်ခွာသွားပြီး မြန်မာနိုင်ငံ၌ နှိမ်နင်းမှုများပြု လုပ်မှုကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း ၄၀၀,၀၀၀ ခန့် အတွက် အခြေအနေရပ်များ ဆိုးရွားနေသည်ဟုဆိုကာ ဘင်္ဂါလီမွတ် စလင်အရေးကိုဖြေရှင်းရန် ကမ္ဘာက ဝိုင်းဝန်းကူညီကြရန်အတွက် ကုလသမဂ္ဂ၌ မေတ္တာရပ်ခံခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ကိစ္စများအတွက် ကန့်ကွက်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို တတိယအကြိမ်မြောက်ဆင့် ခေါ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ကုလသမဂ္ဂသို့ ထွက်ခွာလာခြင်း ဖြစ်သည်။ ဟာစီနာသည် နယူးယောက်မြို့၌ ဆွေးနွေးပြောဆိုမှုများ ပြုလုပ်စဉ်အတွင်း မြန်မာနိုင်ငံအပေါ် ပိုမို၍ဖိအားပေးကြရန် တောင်းဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုက္ခသည်အရေးထက် ကျော်လွန်လျက် မြန်မာနိုင်ငံအား ရန်စပြီး ဖိအားပေးသည်ဟု ယူဆနိုင်သော အပြုအမူများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာလ အစောပိုင်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေအိတ်ချ်မာမွတ်အလီက ဒါကာမြို့၌ အာရပ်နိုင်ငံများနှင့် အနောက်တိုင်းနိုင်ငံများမှ သံတမန်များ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် တွေ့ဆုံရာတွင် “နိုင်ငံတ ကာအသိုင်းအဝိုင်းက ဒါကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ပြောကြပါတယ်။ ကျွန်တော်တို့ကလည်း ဒါကိုလူမျိုး တုံးသတ်ဖြတ်မှုလို့ပဲ ပြောပါတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာအာဏာပိုင်များသည် လူပေါင်း ၃၀၀၀ ထက်မနည်းကို သတ်ဖြတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက စွပ်စွဲပြောကြားခဲ့သည်။ ၎င်းအပြင် မြန်မာရဟတ်ယာဉ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း သြဂုတ် ၂၇၊ ၂၈ နှင့် စက်တင်ဘာ ၁ ရက် တို့တွင် ကျူးကျော်ပျံသန်းမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲကာ မြန်မာသံအမတ်ကြီးအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ခေါ်ယူသတိပေးခဲ့သည်။

အမှန်တကယ်၌ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရာ၌ အပြုသဘောဆောင်စွာဖြင့် ပူးပေါင်းကူညီမှုကိုသာ ပြုသင့်သည်။ စွပ်စွဲပြစ်တင်မှုများနှင့် ကမ္ဘာက ဝိုင်းဝန်းဖိအားပေး လာကြစေရန် လှုံ့ဆော်တောင်းဆိုမှုများ မပြုသင့်ပေ။ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည် အရေအတွက်ကို ယခုအခါ ၄၂၉,၀၀၀ ရှိပြီဟု ဆိုခြင်းမှာလည်း အမှန်တကယ်ရှိသည်ထက် များစွာပိုမိုနေသည်ဟု ယူဆနိုင်သည်။ ယခုဒုက္ခသည်များသည် မောင်တောဒေသမှ ထွက်ခွာလာခဲ့ကြခြင်းသာဖြစ်ပြီး မောင်တောမြို့နယ်၏ လူဦးရေစုစုပေါင်းသည် ပင်လျှင် ၅၀၀,၀၀၀ ကျော်ရုံမျှသာ ရှိသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် အခြားနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရမည်ဖြစ်သည်။ မြန်မာတပ်မတော်အနေဖြင့်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့်ရှောက်ကာ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရမည် ဖြစ်သည်။ ထို့ကြောင့် ယခုရခိုင်အရေးတွင် ဝိုင်းဝန်းဖိအားပေးကြခြင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးအတွက်  အထောက်အကူပြုမည်မဟုတ်ဘဲ မြန်မာလူထု၏ ထောက်ခံမှုသည် တပ်မတော်ဘက်သို့ ယိမ်းသွားရုံသာ ဖြစ်စေလိမ့်မည်ဟု ယူဆမိပါသည်။

Most Read

Most Recent