ဆင်းရဲနွမ်းပါးမှု၊ ပဋိပက္ခများနှင့် နောက်ဆက်တွဲပြဿနာ

ဆင်းရဲနွမ်းပါးမှု၊ ပဋိပက္ခများနှင့် နောက်ဆက်တွဲပြဿနာ
Published 31 August 2017

ကမ္ဘာပေါ်တွင် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်၌ နေထိုင်ရသူ မြင့်တက်လာပြီး ကမ္ဘာတစ်ဝန်း၌ ခိုင်မာသော အလုပ်အကိုင်များ မရှိခြင်းအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေးအပေါ် ခြိမ်းခြောက်ခံနေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က သတိပေးထားသည်။ ဝင်ငွေအလယ်အလတ်နိုင်ငံများတွင် ဆင်းရဲမွဲတေမှု လျော့ကျသွားသော်လည်း အာဖရိကနှင့် အာရှတိုက် နေရာအများစုတွင်မူ ဆင်းရဲမွဲတေမှု အခြေအနေမှာ မြင့်တက်နေဆဲဖြစ်ကြောင်းလည်း ILO ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတစ်နိုင်ငံတွင် အရေးကြီးသော အချက်များအဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ကဏ္ဍများ၏ တိုးတက်တည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ အိမ်ရာဖော်ထုတ် တည်ဆောက်ပေး နိုင်မှုကဲ့သို့ လူထုလိုအပ်ချက်နှင့် လိုက်လျောညီထွေ ရှိအောင် ပြုပြင်ပြောင်းလဲပေးနိုင်မှု အပါအဝင် အကျင့်ပျက်ခြစားမှုများ ထိထိရောက်ရောက် ဟန့်တား ကာကွယ်နိုင်ရေးမှာလည်း အဓိကကျသော လုပ်ဆောင်မှုများပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ရသော ကိစ္စရပ်များစွာအနက် အရေးကြီးဆုံးပြဿနာများမှာ မည်သည့်အရာများ ဖြစ်သည်ဆိုသည့်အပေါ် မေးမြန်းမှုများ ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ဖြေဆိုသူများမှာ စီးပွားရေး ကျဆင်းမှု၊ ပဋိပက္ခနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထည့်သွင်းဖြေဆိုထားသည်ဟု သိ ရသည်။ သို့သော် စစ်တမ်းဟူသည်မှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မှု ရှိ၊ မရှိပေါ် မူတည်၍ မှန်ကန်ထိရောက်မှုကို စမ်းစစ်နိုင်မည်ဖြစ်ပြီး ယေဘုယျအားဖြင့် ယင်းအချက်များမှာ အရေးပါသော အချက်များဖြစ်သည်ကို မြင်တွေ့နိုင်ပါသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ၃၁ ဒသမ ၁ ရာခိုင်နှုန်းမှ ၁၉ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့နည်းလာကြောင်း အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့က ၂၀၁၅ ခုနှစ်အထိ ရရှိသော အချက်အလက်များကို အခြေခံပူးတွဲ ပြုစုသည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ ထို့ပြင် လတ်တလောနှစ်များအတွင်း အိမ်ထောင်စုများ၏ အသုံးစရိတ်သည် လျင်မြန်စွာမြင့်မားလာကြောင်း သိရသည်။ ညွှန်းကိန်းအချို့ကိုလေ့လာခြင်းအားဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာကြောင်း ထင်ရှားစွာ သိရှိနိုင်ကြောင်း၊ ယင်းတို့အနက် မော်တော်ဆိုင်ကယ်၊ ရုပ်မြင်သံကြားစက်၊ မိုဘိုင်းလ်ဖုန်း စသည့်ကုန်စည်များ သိသာစွာ အရောင်းသွက်လာသည့် အချက်လည်း အပါအဝင်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်အထိ ရရှိသော အချက်အလက်များအရ မော်တော်ဆိုင်ကယ် ပိုင်ဆိုင်သည့် အိမ်ထောင်စုဦးရေမှာ ၄၂ ရာခိုင်နှုန်း ကျော်ရှိနေပြီး ၂၀၀၉ ခုနှစ်က ၂၅ ရာခိုင်နှုန်းသာရှိခဲ့ကြောင်းလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ဝင်ငွေထွက်ငွေ မမျှတမှု၊ ကျန်းမာရေးစရိတ် အပါအဝင် နေ့စဉ်လူမှုဘဝ၏ နေထိုင်စားသောက်စရိတ်များ မြင့်တက်မှုကြောင့် ဆင်းရဲနွမ်းပါးမှုဆိုင်ရာ မပြေလည်မှုများ ရှိနေဆဲဖြစ်သည်။ မြို့ပြ ကျေးလက် အခြေအနေများအပေါ် မူတည်ပြီး မတူကွဲပြားမှုအချို့ ရှိသော်လည်း နေရာဒေသအလိုက် တွေ့ကြုံရသော ပြဿနာများအရ အထက်ပါအခြေအနေများမှာ ကြုံတွေ့နေရဆဲ အခြေအနေများပင် ဖြစ်ပါသည်။

ယခုရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်နေသော အကြမ်းဖက်မှု ပြဿနာများကြောင့် ဒေသတွင်းတည်ငြိမ်မှု မရှိခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် အခြားသော လူမှုဒုက္ခပေါင်းစုံ ကြုံတွေ့နေရသည်။ သို့ပါ၍ နိုင်ငံတစ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းများတွင် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများအတွက် သတိပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၃၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Recent