တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ

တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ
Published 15 September 2018

ဥပဒေ၏ရှေ့မှောက်၌ တန်းတူညီမျှသည့် အခွင့်အရေးရပိုင်ခွင့် သို့မဟုတ် ဥပဒေ၏ တူညီသော ကာကွယ်စောင့်ရှောက်ပေးမှု ရပိုင်ခွင့်တို့သည် တရားမျှတသော၊ ဒီမိုကရေစီ နည်းလမ်းကျသော မည်သည့်လူ့အဖွဲ့အစည်းမဆိုအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ မည်သည့်လူမျိုး / မည်သည့်ဘာသာဝင်ဖြစ်စေ၊ လက်ရှိအာဏာရအစိုးရကို ထောက်ခံသူ/ အတိုက်အခံလုပ်သူဖြစ်စေ အားလုံးသည် ဥပဒေ၏ရှေ့မှောက်၌ တူညီသောကာကွယ်စောင့်ရှောက်ပေးမှုကို ရရှိစေရမည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများအနေဖြင့် လူတိုင်း၏ဘဝသည် အညီအမျှဖြစ်ရမည်ဟု အာမမခံနိုင် သကဲ့သို့ ယင်းကဲ့သို့ အာမခံပေးရန်လည်း တာဝန်မရှိပေ။ သို့သော် မည်သည့်အခြေအနေ ရပ်များအောက်၌မဆို နိုင်ငံတော်သည် မိမိ၏ပြည်သူများအားလုံးကို တစ်ပြေးတည်း အညီအမျှ ဆက်ဆံရန် လိုအပ်သည်။

မည်သူမျှ ဥပဒေ၏အထက်တွင် မရှိသကဲ့သို့ လူသားတို့က ဖန်တီးထားသော ဥပဒေများသည် လူသားများအပေါ် ဖိနှိပ်ရန် ချမှတ်ထားသည့် တစ်စုံတစ်ရာ မဖြစ်သင့်ပေ။ နိုင်ငံသားများအနေဖြင့် ဥပဒေကို လေးစားလိုက်နာကြခြင်းမှာ တစ်နည်းအားဖြင့် ၎င်းတို့သည် ဥပဒေကို ပြုခဲ့သူများအဖြစ် သွယ်ဝိုက်၍ လက်ခံထားသောကြောင့် ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံများတွင် ပြည်သူများက ဥပဒေကို ထူထောင်ထားခြင်းဖြစ်သောကြောင့် ပြည်သူများက ဥပဒေကို လေးစားလိုက်နာကြခြင်း ဖြစ်သည်။

သမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းတိုင်းတွင် တရားရေးစနစ်ကို စီမံနေသူများသည် အာဏာရှိသူများဖြစ်သောကြောင့် အလွဲသုံးစားလုပ်နိုင်ခြေနှင့် အာဏာရှင်များဖြစ်သွား နိုင်ခြေရှိသည်သာ ဖြစ်သည်။ နိုင်ငံတော်ဟု အမည်တပ်ထားမှုအောက်၌ လူတစ်ဦးချင်းစီသည် ဥပဒေအရ တရားမျှတမှုမရှိဘဲ (အချို့ဆိုလျှင် တရားဝင်စွဲချက်တင်ခြင်းပင် မပြုဘဲ) အကျဉ်းချခံရနိုင်၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရနိုင်၊ နှိပ်စက်ညှဉ်းပန်းခံရနိုင်၊ နိုင်ငံမှ မောင်းထုတ်ခံရနိုင်၊ ကွပ်မျက်ခံရနိုင်သည်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းသည် ယင်းကဲ့သို့သော အလွဲသုံးစားမှုများကို လုံးဝသည်းမခံနိုင်ပေ။ နိုင်ငံတိုင်းသည် တရားဥပဒေကို ထိန်းသိမ်းကာ ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို အပြစ်ပေးရန် အာဏာရှိသည်။ သို့သော် နိုင်ငံတော်က သူ၏တရားဥပဒေများကို အကောင်အထည်ဖော်သည့် စည်းမျဉ်းများနှင့် လုပ်ငန်းစဉ်များသည် လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ရှိရမည်ဖြစ်သည်။ လျှို့လျှို့ဝှက်ဝှက် ထင်ရာမြင်ရာ သို့မဟုတ် နိုင်ငံရေးစေ့ဆော်ချက်အရ ပြုလုပ်၍ မရပေ။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၌ မှန်ကန်သော ဥပဒေရေးရာလုပ်ငန်းစဉ်ဖြစ်ရန် မရှိမဖြစ် လိုအပ်ချက်များကား အဘယ်နည်း။ ဥပမာအားဖြင့် ဝင်ရောက်ရှာဖွေရန်အတွက် ခိုင်လုံသည့် အကြောင်းပြချက်ကို ဖော်ပြထားသည့် တရားရုံးအမိန့်မပါဘဲ မည်သူ၏နေအိမ်ကိုမျှ ရဲတပ်ဖွဲ့အနေဖြင့် ဝင်ရောက်ရှာဖွေခွင့် မရှိခြင်းဖြစ်သည်။ လျှို့ဝှက်ရဲများ ညသန်းခေါင်ယံအချိန် အိမ်တံခါးလာခေါက်ခြင်းမျိုးကား ဒီမိုကရေစီစနစ်၌ နေရာမရှိပေ။ ခေတ်အဆက်ဆက် အာဏာရှင်များ အသုံးပြုနေကျ နည်းဗျူဟာတစ်ခုမှာ အစိုးရအတိုက်အခံများအား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်သစ္စာဖောက်မှုဟူသည်ကို အစိုးရအား ဝေဖန်သူများကို နှိပ်ကွပ်ရန် လက်နက်အဖြစ် အသုံးမပြုနိုင်အောင် အဓိပ္ပာယ်သတ်မှတ်ချက်အား အသေအချာ ကန့်သတ်ထားရန် လိုအပ်သည်။ ထို့အတူ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ၌ အာဏာရှိသူများက မိမိ၏အတိုက်အခံများအား နှိပ်ကွပ်ရန်မည်သည့် ဥပဒေပုဒ်မကိုမျှ လက်နက်အဖြစ် အသုံးမပြုနိုင်စေရေး သေချာစေရန် လိုသည်။

မည်သို့ပင်ဆိုစေကာမူ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်တွင် တရားစီရင်ရေးစနစ် အနေဖြင့် လူတိုင်းလူတိုင်းအား တန်းတူညီမျှသည့် အခွင့်အရေးနှင့် တူညီသော ကာကွယ်စောင့်ရှောက်ပေးမှု ပေးမှသာ တရားဥပဒေစိုးမိုးရေးရှိသည်ဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(စက်တင်ဘာ ၁၅ ရက်နေ့ The  Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent