ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း

ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း
Published 26 June 2018

ယဉ်ကျေးမှုတွင် လူ့အဖွဲ့အစည်းတစ်ရပ် သို့မဟုတ် အုပ်စုတစ်စု၏ အဖွဲ့ဝင်များ၌  တွေ့ရများသော ယုံကြည်ချက်များ၊ အမူအကျင့်များ၊ ရည်မှန်းချက်များနှင့် အခြားလက္ခဏာရပ်များ ပါဝင်သည်။ ယဉ်ကျေးမှုမှတစ်ဆင့် လူအများနှင့် အုပ်စုများသည် မိမိတို့ကိုယ်ကိုယ် မိမိတို့ အဓိပ္ပာယ်သတ်မှတ်ကာ လူ့အဖွဲ့အစည်း၏ မျှဝေခံစားသော စံတန်ဖိုးများကို လိုက်နာလျက် လူ့အဖွဲ့အစည်းထဲသို့ ထည့်ဝင်မှု ပြုလုပ်ကြသည်။ ထို့ကြောင့် ယဉ်ကျေးမှု တွင် ဘာသာစကား၊ ထုံးတမ်းများ၊ စံတန်ဖိုးများ၊ သတ်မှတ်ချက်များ၊ စွဲမြဲနေသော ဓလေ့များ၊ စည်းမျဉ်းများ၊ လက်နက်တန်ဆာပလာများ၊ နည်းပညာများ၊ ထွက်ကုန်များ၊ အဖွဲ့အစည်းများနှင့် အင်စတီကျူးရှင်းများ အစရှိသည့် လူမှုရေးဆိုင်ရာ မျက်နှာစာများစွာ ပါဝင်သည်။ အင်စတီကျူးရှင်းဟူသည် သက်ဆိုင်ရာ လူမှုရေးလှုပ်ရှားမှုများနှင့် ဆက်နွှယ်နေသော စည်းမျဉ်းအစုအဝေးများနှင့် ယဉ်ကျေးမှုအဓိပ္ပာယ်များကို ရည်ညွှန်းသည်။ မြင်တွေ့နေကျ အင်စတီကျူးရှင်းတို့မှာ မိသားစု၊ ပညာရေး၊ ဘာသာရေး၊ အလုပ်နှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ဖြစ်သည်။

အပြောများသည့် ယဉ်ကျေးအောင်ပြုလုပ်ခြင်းဟူသည် ကောင်းစွာပညာတတ်အောင်ပြုလုပ်ခြင်း၊ အနုပညာကို ခံစားနိုင်စွမ်းရှိခြင်း၊ စတိုင်ကျခြင်းနှင့် ကောင်းစွာပြုမူခြင်းတို့ ဖြစ်သည်။ အဆင့်မြင့်ယဉ်ကျေးမှုကို အထွေထွေသဘောအရ အထက်တန်းလွှာများက လိုက်စားလေ့ရှိပြီး ဂန္ထဝင်ဂီတ၊ ပြဇာတ်၊ ပန်းချီနှင့် အခြားခေတ်မီဆန်းပြားသည့် အရာများကို ရည်ညွှန်းသည်။ အထက်တန်းလွှာများအနေဖြင့် အဆင့်မြင့်အနုပညာကို  လိုက်စားနိုင်ခြင်းမှာ ၎င်းတို့၌ ယဉ်ကျေးမှုဆိုင်ရာ အရင်းအနှီးများရှိသောကြောင့် ဖြစ်သည်။ ယင်းအရင်းအနှီးများထဲတွင် လူမှုရေးအရ ရှေ့ဆက်နိုင်သည့် ပိုင်ဆိုင်မှု ၊ ပါဝါနှင့် ဂုဏ်တို့ရှိရန် လိုအပ်သော ပရော်ဖက်ရှင်နယ်အရည်အချင်း၊ ပညာရေး၊ ဗဟုသုတနှင့်  လူမှုဆိုင်ရာနှင့် နှုတ်မှုဆိုင်ရာ ကျွမ်းကျင်မှုတို့ ပါဝင်သည်။

လူမှုဗေဒပညာရှင်များက တူညီသည့် ယဉ်ကျေးမှုကို တစ်နည်းနည်းဖြင့် မျှဝေခံစားသော လူများကို လူ့အဖွဲ့အစည်းဟု သတ်မှတ်ကြသည်။ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုသည် လူမျိုးစုအလိုက်လည်းကောင်း၊ ကျား / မ အပေါ် အခြေခံ၍လည်းကောင်း၊ ယုံကြည်ချက်များ၊ စံတန်ဖိုးများနှင့် လှုပ်ရှားမှုများတူညီမှုအပေါ် အခြေခံ၍လည်းကောင်း ဖြစ်ပေါ်သည်။ လူ့အဖွဲ့အစည်းဟူသည့် စကားရပ်သည် ပထဝီဝင်ဆိုင်ရာ အဓိပ္ပာယ်ရှိနိုင်သကဲ့သို့  သက်ဆိုင်ရာနေရာတစ်ခုအတွင်း ဘုံယဉ်ကျေးမှုတစ်ရပ်ကို မျှဝေခံစားသူများကိုလည်း  ရည်ညွှန်းသည်။ ဥပမာအားဖြင့် အာတိတ်ရာသီဥတု၌ နေထိုင်သူများသည် သဲကန္တာရအတွင်း နေထိုင်သူများနှင့် ဖွံ့ဖြိုးလာသည့် ယဉ်ကျေးမှုချင်း လွန်စွာခြားနားသည်။ အချိန်အတိုင်းအတာတစ်ခုအတွင်း ကမ္ဘာတစ်လွှား၌ များပြားလှစွာသော လူသားယဉ်ကျေးမှုများ ပေါ်ထွက်လာခဲ့သည်။

ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းသည် ရှုပ်ထွေးစွာ ဆက်နွှယ်လျက်ရှိသည်။ ယဉ်ကျေးမှုတစ်ရပ်တွင် လူ့အဖွဲ့အစည်းတစ်ရပ်၏ ရည်မှန်းချက်များပါဝင်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်တွင် ဘုံယဉ်ကျေးမှုတစ်ရပ်ကို မျှဝေခံစားသော လူများပါဝင်သည်။ ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းဟူသည့် စကားရပ်များအနေဖြင့် လက်ရှိအဓိပ္ပာယ်များကို ပထမဆုံးရရှိခဲ့ချိန်၌ ကမ္ဘာပေါ်မှ လူအများစုသည် တူညီသောနေရာတစ်ခု၌ အုပ်စုငယ်လေးများအနေဖြင့်  လုပ်ကိုင်နေထိုင်နေခဲ့ကြသည်။ ယနေ့တွင် ယင်းစကားရပ်များ၏ အဓိပ္ပာယ်အချို့မှာ ပျက်ပြယ်၍လာနေပြီ ဖြစ်သည်။ လူတို့သည် တစ်ကမ္ဘာလုံး၌ အပြန်အလှန် ဆက်ဆံကြပြီး ရင်းမြစ်များကို မျှဝေခံစားလာကြသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ကောင်းမွန်သည့် မိမိတို့၏ ယဉ်ကျေးမှုများကို ဆက်လက်ထိန်းသိမ်းသွားရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇွန်လ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent