ရိုးသားသော အစိုးရနှင့် နိုင်ငံသားတို့၏ အသံ

ရိုးသားသော အစိုးရနှင့် နိုင်ငံသားတို့၏ အသံ
Published 24 June 2018

လာဘ်ယူခြင်း၊ တရားမဝင် ငွေရှာခြင်းနှင့် အဂတိလိုက်စားမှု အခြားပုံစံများ အားလုံးသည် ရွေးကောက်တင်မြှောက်ခံ အရာရှိများနှင့် ဥပဒေထိန်းသိမ်းရေး အဖွဲ့အစည်းများ၌ ပါဝင်သူများ အနေဖြင့် ဘဝ၌မှားယွင်းကာ တစ်ကိုယ်ကောင်းဆန်သော စေ့ဆော်ချက်များဖြင့် လုပ်ကိုင်နေကြောင်း သက်သေ အထောက်အထားများ ဖြစ်သည်။ ပြည်သူများအနေဖြင့် ၎င်းတို့၏ မကောင်းသော သဘောထားကို မြင်သွားနိုင်သောကြောင့် ၎င်းတို့၏ အာဏာကို လက်လွတ်ဆုံးရှုံးရမည်သာ ဖြစ်သည်။ သို့သော် ယင်းကဲ့သို့သော လူများ စစ်ဆေးအရေးယူမှု မခံရခြင်းသည် ရွေးကောက်တင်မြှောက်ခံ အရာရှိများနှင့် တရားဥပဒေ စိုးမိုးရေးအပေါ် ပြည်သူတို့၏ သဘောထားအား အကြီးအကျယ် သက်ရောက်သည်။ မိမိတို့၏ နိုင်ငံအား စီမံရန် မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးအား ရွေးကောက်တင်မြှောက်မည်နည်း ဟူသည့် ပြည်သူတို့၏ ဆန္ဒသည်လည်း ယင်းအချက်အပေါ်၌ များစွာမူတည်နေသည်။ ပြည်သူတို့သည် ကောင်းသော အစိုးရကိုသာမက ရိုးသားသော အစိုးရကိုပါ လိုလားကြသည်။ နိုင်ငံသားတိုင်းသည် ရွေးကောက်တင်မြှောက်ခံ ပုဂ္ဂိုလ်များအား ဝေဖန်ရုံမျှမက ရွေးချယ်ခွင့် ပါရှိသောကြောင့် ကောင်းသော၊ ရိုးသားသော အစိုးရတစ်ရပ် ဖြစ်လာရေးသည် ပြည်သူများ အားလုံးအပေါ်၌ တာဝန်ရှိနေသည်။

ရွေးကောက်တင်မြှောက်ခံ ပုဂ္ဂိုလ်များသာမက ၎င်းတို့အား ရွေးကောက်တင်မြှောက်သည့် နိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ စေ့ဆော်မှုများကို ကောင်းမြတ်အောင် ပြုလုပ်နိုင်ပါက အစိုးရ တစ်ရပ်သည်လည်း ပို၍သမာသမတ်ကျစွာ ဆောင်ရွက်နိုင်ပြီး သင့်တော်ကာ တရားမျှတမှုရှိသော ဥပဒေများကို ပြဋ္ဌာန်းအကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခံ ပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်ကိုယ် ဗဟိုပြုသည့် အဖြေရှာမှုမျိုးကို အာရုံပြုနေခြင်းထက် အခင်းအကျင်း တစ်ရပ်လုံးကို လွှမ်းခြုံရှုမြင်နိုင်မှသာ လူများအားလုံးအတွက် အကျိုးရှိစေမည့် သင့်တော်ကာ တရားမျှတသည့် ဆုံးဖြတ်ချက်များကို ရှာဖွေချမှတ် နိုင်မည်ဖြစ်သည်။ အမှန်တကယ်၌ စိတ်ပိုင်းဆိုင်ရာအရ ချဉ်းကပ်မှုသည် အမှားအမျိုးအစား အားလုံးကို ချေဖျက်နိုင်ရန် အထောက်အကူပြုသည်။ လူတစ်ဦး၏ မှန်ကန်သည့် စိတ်စေတနာသည်သာ တရားမျှတမှု အလင်းကို ဆောင်ကြဉ်း ပေးနိုင်သောကြောင့်ဖြစ်သည်။ သုစရိုက်များ အားကောင်းကာ ဒုစရိုက်များ အားနည်းပျက်သုဉ်း သွားမှသာလျှင် ကောင်းမွန်သော၊ ရိုးသားသော အုပ်ချုပ်ရေးကို ရရှိမည်ဖြစ်သည်။

အစိုးရအဖွဲ့၏ သမာဓိ၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့သည် ဒီမိုကရေစီစနစ် တစ်ရပ်အတွက် မရှိမဖြစ် လိုအပ်သည်။ ပွင့်လင်းမြင်သာမှု နည်းပါးခြင်းသည် အစိုးရအဖွဲ့ တစ်ရပ်၏ ဆုံးဖြတ်ချက်များအပေါ် လူထုက အယုံအကြည် မဲ့လာနိုင်ပြီး ကျင့်ဝတ်နှင့် မညီသော အဂတိလိုက်စားသော ဆောင်ရွက်ချက်များဆီသို့ ဦးတည်သွားစေနိုင်သည်။ အစိုးရတစ်ရပ်သည် ၎င်း၏ မျှော်မှန်းချက်များ၊ ဆုံးဖြတ်ချက်များနှင့် အကောင်အထည် ဖော်မှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိပါက ပြည်သူလူထု အနေဖြင့်လည်း မိမိယုံကြည်သည့် အစိုးရအပေါ် တာဝန်ခံမှု ရှိမည်ဖြစ်သည်။ အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ဘာရက်အိုဘားမားက “သမိုင်းတစ်လျှောက် သူတို့ရဲ့အသံတွေကို ထုတ်ဖော်ရဲတဲ့ နိုင်ငံသားတွေကသာ အမြဲတမ်း တိုးတက်မှုကို မောင်းနှင်ခဲ့တယ်” ဟု ဆိုခဲ့ဖူးသည်။

ထို့ကြောင့် ကောင်းသော၊ ရိုးသားသော အစိုးရတစ်ရပ်ကို ရရှိရန်အတွက် နိုင်ငံသားများ အနေဖြင့်လည်း မိမိတို့၏ အသံများကို ထုတ်ဖော်ရဲသည့် သတ္တိများရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent