မြန်မာ့သယံဇာတခိုးထုတ်ခံရမှုနှင့် တရုတ်၏ပုံရိပ်

မြန်မာ့သယံဇာတခိုးထုတ်ခံရမှုနှင့် တရုတ်၏ပုံရိပ်
Published 25 May 2018

မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ခေတ်အဆက်ဆက် မြေပေါ်မြေအောက် သယံဇာတများအပေါ် ကောင်းမွန်စွာစီမံခန့်ခွဲမှု မရှိခဲ့ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများကို ကြီးစွာခံစားနေရသည်။ ထို့ပြင် သယံဇာတအပေါ် မှီခိုလွန်းအားကြီးခဲ့ပြီး သယံဇာတ ထုတ်ယူမှုများအပေါ် တိုင်းပြည်နှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် လုပ်ဆောင်နိုင်မှုမရှိခဲ့ခြင်းကြောင့် ဆင်းရဲသောနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ ခိုင်မာသော စီးပွားရေးရပ်ဝန်းမရှိခြင်းတို့ကြောင့် မြန်မာ့သယံဇာတများမှာ အိမ်နီးချင်းနိုင်ငံများသို့ လမ်းကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ခိုးထုတ်ခံခဲ့ရကာ တိုင်းပြည်အတွက် များစွာထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်။ မြန်မာ့နာမည်ကျော် ကျောက်စိမ်းတွင်းထွက်နှင့် သစ်အမျိုးမျိုးအပြင် ရှားပါးတိရစ္ဆာန်ဖြစ်သော ကျား၊ ကျားသစ်၊ ဝက်ဝံ၊ သင်းခွေချပ်တို့ပါမကျန် နိုင်ငံပြင်ပသို့ ဥပဒေမဲ့ခိုးထုတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အထူးသဖြင့် သစ်ခိုးထုတ်မှုများမှာ ယနေ့ NLD အစိုးရလက်ထက်အထိ ရပ်တန့်သွားခြင်းမရှိဘဲ မှောင်ခိုလမ်းကြောင်းအသစ်၊ အဟောင်းတို့မှ ခိုးထုတ်မှုများနှင့် ကြုံတွေ့နေရဆဲပင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်အတွင်း မြန်မာ့တွင်းထွက် ကျောက်မျက်ရတနာများနှင့် သစ်တောများ အကန့်အသတ်မဲ့စွာ ထုတ်ယူခံရခြင်းကြောင့် တောတောင်ရေမြေနှင့် သဘာဝပတ်ဝန်းကျင်မှာလည်း ကြီးစွာသော ထိခိုက်ပျက်စီးမှုနှင့် ကြုံတွေ့ခံစားနေရပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် သစ်တောဖုံးလွှမ်းမှု အများဆုံးနိုင်ငံမှ သစ်တောပြုန်းတီးမှု အမြင့်မားဆုံးနိုင်ငံများစာရင်းတွင် ဘရာဇီး၊ အင်ဒိုနီးရှားတို့ပြီးနောက် တတိယမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ရသည်။

သစ်မှောင်ခိုများကို ဖမ်းဆီးနေသည်ဟုဆိုသော်လည်း ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ ပုံမှန်အတိုင်း မှောင်ခိုလမ်းကြောင်းများမှ ခိုးထုတ်မှုများရှိနေသည်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းမှ သစ်များမှာ တရုတ်နိုင်ငံသို့ မှောင်ခိုခိုးထုတ်ခံနေရဆဲပင်ဖြစ်သည်။ ကချင်ပြည်နယ်မြောက်ပိုင်း ဆော့လော်၊ ချီဖွေမြို့နယ်တို့တွင် ဖမ်းဆီးသစ်များကို တရုတ်သို့သစ်မှောင်ခို ခိုးထုတ်မှုအား ကချင်ပြည်နယ်အစိုးရအဖွဲ့က တရုတ်နိုင်ငံဘက်သို့ တရားဝင် အကြောင်းကြားမှုပြုလုပ်ခဲ့ရသည်။ ချီဖွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကလည်း ချီဖွေနှင့် ဆော့လော်မြို့နယ်များတွင် သစ်တောဌာနမှ ပိုင်ရှင်မဲ့ဖမ်းဆီးမိထားသည့် သစ်များကို စီမံခန့်ခွဲမှုမပြုရသေးမီ ခိုးထုတ်သူများအား ထိရောက်စွာအရေးယူပေးရန် သမ္မတထံ တင်ပြတိုင်ကြားခဲ့သည်။ ယင်းဖမ်းဆီးသစ်များကို တရုတ်သစ်မှောင်ခိုအဖွဲ့များက ကားအစီး ၄၀ ခန့်ဖြင့် ခိုးထုတ်ခြင်း၊ ယင်းသို့ခိုးထုတ်နိုင်ရန် နောက်ကွယ်မှ ဆက်သွယ်စေခိုင်းနေသူများ ပါဝင်ကူညီနေသူ ပုဂ္ဂိုလ်အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြတိုင်တန်းမှုများ ရှိခဲ့သည်။

သို့ဖြစ်ရာ တရုတ်သစ်မှောင်ခိုအဖွဲ့များကို ဖမ်းဆီးကာ ဥပဒေအရအရေးယူနိုင်ရန် မြန်မာအာဏာပိုင်များအနေဖြင့် တရုတ်အာဏာပိုင်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုများကိုလည်း လိုအပ်လျက်ရှိနေကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးမူဝါဒအရ အိမ်နီးချင်းမြန်မာနိုင်ငံနှင့် ဆက်ဆံဆောင်ရွက်ရာတွင် အပြန်အလှန် အမှီအခိုပြုရန် လိုအပ်သော်လည်း ယခုကဲ့သို့ သဘာဝသယံဇာတနှင့် ပတ်သက်သည့် ခိုးထုတ်မှုများ ရပ်တန့်စေရန်အတွက်မူ မသိကျိုးကျွန်မပြုဘဲ ဂုဏ်သိက္ခာအရ စဉ်းစားချင့်ချိန် လုပ်ဆောင်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့မဟုတ်ပါက မြန်မာ့သဘာဝသယံဇာတ ပြုန်းတီးမှုများနှင့်ပတ်သက်လျှင် မြန်မာပြည်သူတို့၏ တရုတ်နိုင်ငံအပေါ် ထားရှိသည့်အမြင်နှင့် တရုတ်၏ပုံရိပ်ဆိုးအပေါ် အကောင်းဘက်သို့ ရှုမြင်သုံးသပ်မှု ပြောင်းလဲလာရန် ခဲယဉ်းသွားပေလိမ့်မည်။

ယခင်အစိုးရလက်ထက်က သစ်မှောင်ခိုခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၅ ဦးကို အပက-၃ ဖြင့် စွဲချက်တင်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သော်လည်း ရှစ်ရက်အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည့်အတွက် ပြည်သူများအကြားတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ သို့ဖြစ်ရာ မြန်မာ့သယံဇာတများ ခိုးထုတ်မှုနှင့်ပတ်သက်လျှင် အစိုးရအနေဖြင့် နိုင်ငံခြားသားများအပေါ် ဥပဒေအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်မှုပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့်လည်း သစ်ခိုးထုတ်မှုကဲ့သို့သော သယံဇာတခိုးထုတ်မှုများအပေါ် ရပ်တန့်သွားစေရန် ကူညီဆောင်ရွက်ပေးခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံမှုအပေါ် ထိခိုက်မှုမရှိစေရေး အလေးထားသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

(မေလ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent