တရားဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှု

တရားဥပဒေစိုးမိုးရေးနှင့် အဂတိလိုက်စားမှု
Published 22 May 2018

ယဉ်ကျေးသော လူ့အဖွဲ့အစည်းနှင့် မယဉ်ကျေးသော လူ့အဖွဲ့အစည်းဟူ၍ ပိုင်းခြားထားသည့် အရာသည် တရားဥပဒေစိုးမိုးရေး ဖြစ်သည်။ သို့သော် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ် ဖြစ်သော်လည်း သူ့ချည်းသက်သက်ကား မလုံလောက်ပေ။ မယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် တောရိုင်းဥပဒေ သို့မဟုတ် အားကြီးသူတို့၏ အခွင့်အရေးကသာ လွှမ်းမိုးနေမည် ဖြစ်သည်။ ယင်းကဲ့သို့သော လူ့အဖွဲ့အစည်းမျိုးတွင် အားနည်းသူများနှင့် ဆင်းရဲသူများအတွက် ဘေးကင်းလုံခြုံမှု မရှိဘဲ ‘ကျားသနားမှ နွားချမ်းသာ’ ဆိုသကဲ့သို့ အာဏာရှိသူများနှင့် ချမ်းသာကြွယ်ဝသူများ  သနားမှုအောက်၌သာ နေထိုင်ကြရမည်ဖြစ်သည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် နိုင်ငံတော်တို့အကြားသာမက လူပုဂ္ဂိုလ်အချင်းချင်းအကြား ဆက်ဆံရေးကို ဘက်အသီးသီးတို့၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ သတ်မှတ်ထားသည့် ဥပဒေများက ချုပ်ကိုင်ထားသည်။ နိုင်ငံတော်အာဏာနှင့် အရင်းအမြစ်များကို ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် အလွဲသုံးစား ပြုသည့်အခါ အဂတိလိုက်စားမှုသည် တရားဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုသည် ဥပဒေ၏ ရှေ့မှောက်၌ နိုင်ငံသားများအားလုံး တန်းတူညီမျှမှုရှိရန် ပြဋ္ဌာန်းထားပြီး ရာဇဝတ်မှုကျူးလွန်ကြောင်း စွဲချက်များအတွက်လည်းကောင်း၊ အရပ်ဘက်အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ဆုံးဖြတ်သတ်မှတ်ရန်အတွက်လည်းကောင်း၊ မျှတသော တရားခွင်နှင့် သင့်တော်သောလုပ်ငန်းစဉ်များ သတ်မှတ်ထားသည်။

တရားမျှတမှုရှိရေးနှင့် လူမှုရေးသဟဇာတဖြစ်ရေးတို့အတွက် တရားဥပဒများသည် မျှတရမည်ဖြစ်ပြီး လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားဆိုင်ရာ စံတန်ဖိုးများကိုလည်း အညီအမျှ ရောင်ပြန်ဟပ်ပြနိုင်ရမည် ဖြစ်သည်။ အီလစ်များအား နိုင်ငံတော်၏ အရင်းအမြစ်များကို ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားအတွက် ခိုးယူခွင့်ပြုထားသော မမျှတသည့်  ဥပဒေကို အကာအကွယ်ယူလျက် အဂတိလိုက်စားမှုများ နေရာယူလာနိုင်သည်။ ခေတ်သစ် လူမှုဖူလုံရေးနိုင်ငံတစ်နိုင်ငံသည် ဆင်းရဲသူများအကျိုးအတွက် အခွန်ကောက်ခံ ခြင်းမှတစ်ဆင့် ချမ်းသာကြွယ်ဝမှုများကို ပြန်လည်ဖြန့်ဝေပေးရမည် ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၌ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ တရားမျှတမှုဖြစ်စေသည့်  မျှတသောဥပဒေများ ပြဋ္ဌာန်းရန်လည်း လိုအပ်သည်။ အဂတိလိုက်စားမှုများ လွှမ်းမိုးသည့် ဝန်းကျင်တစ်ရပ်တွင် ချမ်းသာသူများနှင့် အာဏာရှိသူများအား ကွဲပြားခြားနားစွာ ဆက်ဆံပြီး တရားဥပဒေအရ အရေးယူရေးသည် ဆင်းရဲသားများနှင့် အားနည်းသူများ အတွက်သာ ဖြစ်နေတတ်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးကို အာမခံနိုင်ရန်အတွက် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုများ မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်သည်။ ဥပဒေရေးနှင့် တရားစီရင်ရေး စနစ်များအတွင်း ဥပဒေရှေ့မှောက်၌ နိုင်ငံသားများ တန်းတူညီမျှမှုရှိရေးနှင့် မျှတသော  တရားစီရင်မှု ရရှိပိုင်ခွင့်တို့ရှိရန် လိုအပ်သည်။

တရားဥပဒေစိုးမိုးရေးကို ခိုင်မာအောင် မပြုလုပ်နိုင်ဘဲ မည်သည့်နေရာတွင်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ဥပဒေများသည် မျှတမှုရှိရန် လိုအပ်သကဲ့သို့ လူမှုရေးနှင့် စီးပွားရေးအရ တရားမျှတမှုရှိရမည်ဟူသည့် သဘောတရားများနှင့် ကိုက်ညီရန်လည်း အညီအမျှ အရေးကြီးသည်။ အဂတိလိုက်စားမှုကို ဥပဒေအရ ဘောင်ဝင်အောင် ပြုလုပ်ထားခြင်းနှင့် မမျှတသော ဥပဒေများကို အကာအကွယ်ယူလျက် အဂတိလိုက်စားခြင်းတို့အား အဆုံးသတ်ရမည် ဖြစ်သည်။ တရားမျှတမှု၏ စံတန်ဖိုးများကို မြှင့်တင်ရန် ပညာပေးခြင်းစနစ်များမှတစ်ဆင့် လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားဆိုင်ရာ အုတ်မြစ်များ အားကောင်းအောင် ပြုလုပ်ရမည် ဖြစ်သည်။ လူ့ အဖွဲ့အစည်းအတွင်း မည်သည့်နေရာ၌ ရှိသည်ဟူသည့် အချက်နှင့်မဆိုင်ဘဲ နိုင်ငံသား အားလုံးအနေဖြင့် ဥပဒေချိုးဖောက်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ သက်ဆိုင်ရာ အစိတ်အပိုင်းမှနေ၍ တာဝန်ခံမှုရှိရမည် ဖြစ်သည်။ တာဝန်ခံမှုရှိရန် တာဝန်ယူထားသည့် အင်စတီကျူးရှင်းများအနေဖြင့် လွတ်လပ်ပြီး တာဝန်ခံမှုရှိရေးကို အကောင်အထည်ဖော်ရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အဂတိလိုက်စားခြင်းနှင့် တရားဥပဒေကို ချိုးဖောက်ခြင်းတို့ ပေါင်းစည်းသွားခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံတွင် အဂတိလိုက်စားမှုများ တိုးပွားသည်ထက် တိုးပွားလာရုံမက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပါ ပျက်ပြားစေနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မေလ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent