ငြိမ်းစုစီ ဂယက်

ငြိမ်းစုစီ ဂယက်
Published 15 March 2018

ပြီးခဲ့သည့်ရက်သတ္တပတ်က အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်သော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းမှာ ပြည်တွင်းတွင်သာမက အာဆီယံဒေသတွင်း နိုင်ငံများအထိပါ ဂယက်ရိုက်သွားခဲ့သည်။ ယင်းဥပဒေကြမ်းအပေါ် အလွှာအသီးသီးက ကန့်ကွက်ဆန္ဒပြခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်း ၁၈၈ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ ၁၇ ဦးတို့က ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည့်ကြားမှ လွှတ်တော်အတွင်း ယင်းသို့အတည်ပြုလိုက်ခြင်းမှာ မိမိတို့ကို အံ့သြစရာဖြစ်စေသည်ဟု အရှေ့တောင်အာရှ လွှတ်တော်အမတ်များက ဆိုသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက် ဖွဲ့စည်းထားသည့် အစိုးရလက်ထက်တွင် လူထု၏ လွတ်လပ်စွာစုဝေးခွင့်နှင့် ဟောပြောခွင့်အပေါ် ထိခိုက်မှုကိုဖြစ်စေနိုင်သော လုပ်ဆောင်မှုကိုမြင်ရခြင်းမှာ ဝမ်းနည်းစရာပင်ဖြစ်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြောကြားခဲ့သည်။

ငြိမ်းစုစီ ပြင်ဆင်ချက်ဥပဒေကြမ်းအပေါ် စိုးရိမ်ပူပန်မိကြောင်းနှင့် မြန်မာပြည်သူ့လွှတ်တော်အမတ်များအနေဖြင့် ယင်းဥပဒေကြမ်းပါ ပြင်ဆင်ချက်များကို သဘောမတူဘဲ ငြင်းပယ်ပေးရန် အရှေ့တောင်အာရှနိုင်ငံများက တိုက်တွန်းခဲ့သည်။ “တကယ်လို့ ဒီဥပဒေကြမ်းပါ ပြင်ဆင်ချက်တွေကို အတည်ပြုလိုက်မယ်ဆိုရင် လွတ်လပ်စွာစုဝေးခွင့်နဲ့ဲ့ ဟောပြောခွင့်တို့ကိုသာ ထိန်းချုပ်ထိခိုက်စေမှာမဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီနယ်ပယ် ကျဉ်းမြောင်းယုတ်လျော့လာမှုကိုလည်း သိသာထင်ရှားစေမှာ ဖြစ်ပါတယ်” ဟု ဖိလစ်ပိုင်ကွန်ဂရက် လွှတ်တော်အမတ်နှင့် APHR ဘုတ်အဖွဲ့ဝင် Teddy Baguilat က ပြောကြားလိုက်သည်။ ထို့ပြင် ဥပဒေကြမ်းပါ ပြင်ဆင်ချက်တွေကို ပယ်ဖျက်ဖို့ ကန့်ကွက်ဆန္ဒပြတောင်းဆိုကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က မိမိတို့ရပ်တည်သွားမည်ဖြစ်ပြီး မြန်မာလွှတ်တော်အမတ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏အသံကိုလည်း နားထောင်သင့်ကြောင်း APHR ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အင်ဒိုနီးရှားလွှတ်တော်အမတ် Eva Kusuma Sundari ကဆိုခဲ့သည်။

ဥပဒေကြမ်းပါ ပြင်ဆင်ချက်သည် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိဘဲ အာဏာပိုင်များအလိုအတိုင်း ကျယ်ပြန့်စွာ အနက်ဖွင့်သုံးစွဲနိုင်ခြင်း၊ ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ကိုသော်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြလိုသူများ၏ သတင်းအချက်အလက် လုံခြုံမှုကိုလည်းကောင်း တိုက်ရိုက်ထိခိုက်စေခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လိုသူများ၏ အကူအညီရယူပိုင်ခွင့်နှင့် ဆန္ဒထုတ်ဖော်မှုကို ငွေအား၊ လူအား၊ ရိက္ခာအား သို့မဟုတ် အခြားနည်းလမ်းများဖြင့် ထောက်ခံပါဝင်လိုသူများ၏ အကူအညီပေးပိုင်ခွင့်ကို ထိခိုက်စေခြင်းအပြင် အဆိုပြုပြစ်ဒဏ်မှာလည်း မူရင်းဥပဒေပါ အမြင့်ဆုံးပြစ်ဒဏ်ထက် ပိုမိုနေခြင်းတို့ကြောင့် အလွှာအသီးသီးမှ ကန့်ကွက်ခဲ့ကြရခြင်းလည်းဖြစ်သည်။ ကန့်ကွက်မှုခံနေရသည့် ငြိမ်းစုစီပြင်ဆင်ချက်ဥပဒေကြမ်းပါ အချက်အချို့ကို ပယ်ဖျက်ခြင်းမရှိဘဲ အဆုံးသတ်တွင် အတည်ပြုလိုက်မည်ဆိုပါက လူထုအပေါ် အာဏာပိုင်များဘက်က လိုသလို ဖိနှိပ်တရားစွဲဆိုနိုင်သည့် အခွင့်အရေးရသွားသကဲ့သို့ဖြစ်စေကာ လူတစ်ဦးချင်းစီ၏ ဒီမိုကရေစီအခွင့်အရေးများကို ချိုးဖောက်ရာရောက်လိမ့်မည်ဟု ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။

ငြိမ်းစုစီကို ပြင်ဆင်သည့်ဥပဒေကြမ်းမှာ မတ် ၇ ရက်က အမျိုးသားလွှတ်တော်တွင် ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၇၈ မဲဖြင့် အတည်ပြုလိုက်ပြီဖြစ်သည်။ ယင်းအခြေအနေကိုကြည့်လျှင် လာမည့်ပြည်သူ့လွှတ်တော်တွင်လည်း NLD ပါတီမှ ကိုယ်စားလှယ်များ၏ ထောက်ခံမှုဖြင့်ပင် အတည်ပြုဖွယ်ရှိနေပေသည်။ သေချာသည်က APHR ကဲ့သို့သော ဒေသတွင်းအဖွဲ့များကပါ ယခုဥပဒေကြမ်းအပေါ် NLD ပါတီက နေရာအများစုဖြင့် လွှမ်းမိုးထားသော လွှတ်တော်၏အဆုံးအဖြတ်ကို စောင့်ကြည့်ကြတော့မည်ဖြစ်သည်။ အစိုးရတစ်ရပ်က ချမှတ်လိုက်သောဥပဒေများသည် ပြည်သူများအပေါ် မျှတမှုကိုဖြစ်စေရမည်။ လူထုအပေါ်ဖိနှိပ်သည့် ဥပဒေများသည် ဒီမိုကရေစီ နောက်ကြောင်းပြန်မှုကို ဖြစ်စေနိုင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အစိုးရတစ်ရပ်အနေဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များနှင့် ပြဋ္ဌာန်းခဲ့သောဥပဒေများ၏ ကောင်းခြင်း၊ ဆိုးခြင်းများအပေါ် တာဝန်ယူတာဝန်ခံရန် လိုအပ်လိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် (၁၅) ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent