အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ငြိမ်းချမ်းရေး

အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် ငြိမ်းချမ်းရေး
Published 2 March 2018

နိုင်ငံအသီးသီးသည် ၎င်းတို့၏ နယ်မြေနှင့်ပတ်သက်၍ မိမိကိုယ်ပိုင် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ရှိသည်ဟူသော နိုင်ငံတကာဥပဒေစည်းမျဉ်းကို Westphalian sovereignty ဟုခေါ်သည်။ ယင်းစည်းမျဉ်းအရ ပြင်ပပါဝါများက အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ပေ။ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ နိုင်ငံအသီးသီးသည် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တန်းတူညီမျှ အခွင့်အရေးရှိသည်။ ယင်းဥပဒေစည်းမျဉ်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် ပတ်သက်၍ ခေတ်သစ်နိုင်ငံတကာ စနစ်တစ်ရပ်ကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းက မည်သည့်နိုင်ငံ၏ ပြည်တွင်းတရားစီရင်ပိုင်ခွင့်အတွင်း၌မဆို ကိစ္စရပ်များ၌ မည်သည့်အရာကမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

ယင်းသဘောတရားသည် ‘နှစ် ၃၀ စစ်ပွဲ’ ကို  အဆုံးသတ်စေခဲ့သည့် Westphalian ငြိမ်းချမ်းရေးသဘောတူညီချက် (၁၆၄၈ ခုနှစ်)မှ အစပြုသည်။ ယင်းမှနေ၍ ၁၈ ရာစုအတွင်း၌ မစွက်ဖက်ရေးသဘောတရား ထပ်မံဖွံ့ဖြိုးလာသည်။ Westphalian စနစ်သည် အချုပ်အခြာ အာဏာပိုင်နိုင်ငံများ ပိုမိုခိုင်မာလာပြီး ဥရောပကိုလိုနီများ လွတ်လပ်ရေးရရှိသွားသည့် ၁၉ ရာစုနှင့် ၂၀ ရာစုနှစ်များ၌ အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ စစ်အေးခေတ်ပြီးဆုံးပြီးနောက် အမေရိကန်နှင့် အနောက်ဥရောပတို့သည် အခြားနိုင်ငံများ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်ရန် နိုင်ငံများအနေဖြင့် စွက်ဖက်ခွင့်ရှိနိုင်သော Westphalian ခေတ်လွန် အခင်းအကျင်းတစ်ရပ်ကို စတင်ဆွေးနွေးခဲ့သည်။ သို့သော် ယင်းကဲ့သို့သော စွက်ဖက်မှုမျိုးသည် ဥရောပ-အမေရိက ကိုလိုနီဝါဒနှင့် အလားတူ လုပ်ငန်းစဉ်များကို ဆက်လက်အသုံးပြုခြင်း ဖြစ်လိမ့်မည်ဟု ဝေဖန်ခဲ့ကြသည်။ ထို့ကြောင့် တရုတ်နှင့် ရုရှားတို့သည် အမေရိကန်က အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ရန် အားထုတ်မှုများအား ပိတ်ဆို့ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဗီတိုအာဏာကို အသုံးပြုခဲ့သည်။

Westphalian ငြိမ်းချမ်းရေးသည် ခေတ်သစ် နိုင်ငံတကာဆက်ဆံရေး သီအိုရီ၌ အရေးကြီးပြီး စည်းမျဉ်းဆိုင်ရာ သဘောတူညီချက်များ ပါဝင်သည့် နိုင်ငံတကာစနစ်တစ်ရပ် စတင်ခြင်းအဖြစ် သတ်မှတ်လေ့ရှိကြသည်။ သို့သော် မကြာသေးမီက ပေါ်ပေါက်လာသော ပညာရပ်နယ်ပယ်များက Westphalian သဘောတူညီချက်များသည် စည်းမျဉ်းများ (အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ မစွက်ဖက်ရေးနှင့် ဥပဒေအရ နိုင်ငံများ တန်းတူညီမျှမှု ရှိရေး) တို့နှင့်ပတ်သက်၍ အမှန်တကယ်၌ လုပ်ဆောင်နိုင်မှု အားနည်းကြောင်း ထောက်ပြခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ Westphalian sovereignty ကို ခေတ်သစ်နိုင်ငံများစနစ်အား မီးမောင်းထိုးပြနေသော အခြေခံဥပဒေရေးရာ စည်းမျဉ်းအချို့အတွက် အကျဉ်းချုံးအဖြစ် ဆက်လက်အသုံးပြုကြသည်။ ၂၀ ရာစုအလယ်ပိုင်းမှနေ၍ ယခုအထိ ယင်းစည်းမျဉ်းများ၏ အသုံးဝင်မှုနှင့် ယုံကြည်စိတ်ချရမှုများသည် ရှုထောင့်အမျိုးမျိုးမှနေ၍ မေးခွန်းထုတ်ခြင်းကို ခံနေရသည်။ ငြင်းခုံမှုများစွာက ဖွင့်ဆိုချက်အမျိုးမျိုးတွင် Westphalian sovereignty နှင့် ပဋိပက္ခ ဖြစ်နေပုံရသော နိုင်ငံတကာဝါဒနှင့် ဂလိုဘယ်လိုက်ဇေးရှင်း၏ စိတ်ကူးသဘောထားများကို ပြောင်းလဲပစ်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးသည် နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားခြင်းနှင့် ပြည်တွင်းရေးကို မစွက်ဖက်ရေးပေါ်၌ များစွာတည်မှီနေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မတ် ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent