ရခိုင်ဒေသ အကြမ်းဖက်မှုအန္တရာယ်အရေး

ရခိုင်ဒေသ အကြမ်းဖက်မှုအန္တရာယ်အရေး
Published 10 August 2017

အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ သတ်ဖြတ်ခံရမှုများကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးသူများ အပါအဝင် စိုးရိမ်မှုများကြောင့် နေရပ်စွန့်ခွာသူ ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် လုံခြုံရေးဆိုင်ရာ အစီအမံများ လိုလားနေကြပြီဖြစ်သည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန် ကြေညာချက်တစ်စောင် ထုတ်ပြန်ရာတွင် “ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် ဘင်္ဂါလီအုပ်စုမှ အတင်းဝင်ရောက် ဝိုင်းဝန်းသည့် ဖြစ်စဉ်နှင့် တစ်ဆက်တစ်စပ်တည်း စိုးရိမ်ကြောင့်ကြစိတ်ဖြင့်  စေတီပြင်ကျေးရွာသို့ ကျေးရွာအသီးသီးမှ ပြောင်းရွှေ့လာသော ပြည်သူလူထုကို မိမိတို့၏မူရင်းနေရပ်များသို့ ပြန်လည်သွားလာနေထိုင်ရန်အတွက် ချွတ်ပြင်ရွာ၊ ပိတောက်မြိုင်ရွာ၊ ပြင်ရှည်ရွာ၊ ပေါက်ပင်ရင်းရွာတို့တွင် လုံခြုံရေးကင်းစခန်းများ အခိုင်အမာ ချထားပြီးဖြစ်ကြောင်း” အပါအဝင် လုံခြုံရေးအစီအမံများအား ထည့်သွင်း အသိပေးထားသည်။

“အကြမ်းဖက်အဖွဲ့ဝင်များကို အမြစ်ပြတ်ရှာဖွေဖော်ထုတ်ရာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် တာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့များကို ဝိုင်းဝန်း တိုက်ခိုက်အကြမ်းဖက် ရန်ရှာသူများ နှင့်၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက်တွင် ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် အောက်နန်းရာကျေးရွာတွင် RSO အကြမ်းဖက်သမားများအား ဖမ်းဆီးသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်ပြုသူများအား ထိရောက်စွာ တားဆီးနိုင်ရေးအတွက် ထိရောက်သော လုပ်ပိုင်ခွင့် အစီအမံများ (ဥပမာ-သေနတ်ပစ်မိန့်) များ ချမှတ်ပေးသင့်ကြောင်း” အဆိုတစ်ရပ်အား သြဂုတ် ၉ ရက် ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ ဦးခင်မောင်လတ်က တင်သွင်းခဲ့သည်။

ယင်းအဆိုတွင် “ဘူးသီးတောင်၊ မောင်တောဒေသမှာ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလအတွင်း ဖြစ်စဉ်တွေကိုကြည့်ရင် တိုင်းရင်းသားလူနည်းစုတွေရဲ့ စိုးရိမ်ကြောက်လန့်မှုဟာ အကြောင်းမဲ့ သက်သက်မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်တွေ အရှိန်မြင့်လာပြီး အခြေအနေပိုဆိုးဖို့ အလားအလာ ရှိတဲ့အတွက်ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ရခိုင်တိုင်းရင်းသားတွေ အပါအဝင် တပ်မတော်၊ ရဲတပ်ဖွဲ့တွေပါ အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် နယ်စပ်ဖြတ်ကျော် သွားလာမှုတွေ၊ ခိုးဝင်အခြေချမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ မေ ၄ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ် ပဲနီရွာ လက်လုပ်မိုင်း သင်တန်းမှာ မော်လဝီဆရာတစ်ဦးနဲ့အတူ နိုင်ငံခြားသားနှစ်ဦး ပါဝင်နေခြင်းက သက်သေပြလျက် ရှိပါတယ်” ဟု လည်းကောင်း၊ “ဘူးသီးတောင်၊ မောင်တော ဒေသကို ဖိလစ်ပိုင်နိုင်ငံ မာရာဝီဒေသကဲ့သို့ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာပညာရှင်တွေက သုံးသပ်ထားတာရှိပါတယ်။ အယ်ကိုင်ဒါ၊ တာလီဘန် စတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ နယ်မြေသစ်ဟာ အရှေ့တောင်အာရှဖြစ်တယ်ဆိုတာကို တွေ့နေရပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွေကို သူတို့အတွက် အကြမ်းဖက်နယ်မြေအဖြစ် သတ်မှတ်ထားတယ်ဆိုတာ ထင်ရှားနေပါတယ်။၂၀၁၆ ခုနှစ်  Global Terrorism Index ကမ္ဘာ့အကြမ်းဖက်မှု အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အဆင့် ၄၅ သို့ရောက်ရှိနေပါတယ်။ ဒါကြောင့် ဘူးသီးတောင်၊ မောင်တောဒေသရဲ့ အကြမ်းဖက်ခံရနိုင်မှု အခြေအနေဟာ အလွန်မြင့်မားနေပြီ ဖြစ်ပါတယ်”ဟု လည်းကောင်း စသည်ဖြင့် ထည့်သွင်းတင်ပြထားသည်။

မြန်မာနိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် အစိုးရ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် အလေးထားကြရမည်ဖြစ်ရာ ရခိုင်ဒေသတွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှု အန္တရာယ်များအတွက်  အားလုံးပူးပေါင်းဆောင်ရွက်၍ လုံလောက်သော အကာအကွယ် ပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(သြဂုတ်လ ၁၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent