ရခိုင်ပဋိပက္ခ နောက်ဆက်တွဲ

ရခိုင်ပဋိပက္ခ နောက်ဆက်တွဲ
Published 29 October 2017

ရခိုင်ပြည်နယ်အတွင်း ပေါ်ပေါက်ခဲ့သော အကြမ်းဖက် ဖြစ်စဉ်များကြောင့် ဒေသခံ တိုင်းရင်းသားများ အသက်ဆုံးရှုံး ခဲ့ရသလို နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ အလားတူပင် ဘင်္ဂါလီများလည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြသည်။ ယခုအခါ အဆိုပါ ဒေသတွင် ပြန်လည်တည်ငြိမ် လာသောကြောင့် ဒေသခံ တိုင်းရင်းသားများ နေရပ်များသို့ ပြန်လာနေကြပြီဖြစ်သည်။ သို့သော် ဒေသခံ တိုင်းရင်းသားများအကြား စိုးရိမ်ပူပန်မှုများ အထွေထွေ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သလို ဘေးအန္တရာယ် ကင်းရှင်းသော စိတ်ချလုံခြုံရသည့် ဘဝရပ်တည်ရေးအတွက် အာမခံချက်များ လိုလားနေကြသည်။ ထို့ကြောင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် မတူညီသော လူ့အဖွဲ့အစည်းများအကြား ရေရှည်ရပ်တည်နိုင်ရေးအတွက် မှန်ကန်သော မူဝါဒများရှိရန် လိုအပ်နေပြီဖြစ်သည်။

ယင်းအပြင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသူများအား ပြန်လည်စိစစ်လက်ခံခြင်းနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် သတိပြုလုပ်ဆောင်ရန် အရေးကြီးမည် ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ် သဘောတူညီချက်အရ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသော ပြုပြင်ရန် အဆိုပြုချက်များမှ ပြန်လည်ပြုပြင် ပြောင်းလဲသင့်သည့် ကိစ္စရပ်များကို ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် သူများအား ပြန်လည်စိစစ် လက်ခံမည် ဆိုသည်မှာ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးသွားသည်ကို လက်ခံခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံသားအဖြစ် လက်ခံခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားထားသည်။

သို့သော် အကြမ်းဖက် ပဋိပက္ခများကြောင့် နိုင်ငံတကာ မျက်နှာစာတွင် ဝေဖန်မှုများစွာ ပြုလုပ်ခံခဲ့ရသည့် ရခိုင်ပြည်နယ် ပြဿနာနှင့် ပတ်သက်၍ ပဋိပက္ခနောက်ပိုင်း ဆက်လက်လုပ်ဆောင်မည့် အစီအမံများနှင့် ပတ်သက်၍ ဒေသခံ တိုင်းရင်းသားများ၏ သဘောထား ဆန္ဒများကို အလေးထားရန် လိုလားနေကြသည်။ ရခိုင်ပြည်နယ်တွင် ပဋိပက္ခ နိဂုံးချုပ်ရေးအတွက် မြန်မာအစိုးရကို ထောက်ခံကူညီရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တေလာဆင်က ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပြီး ဘင်္ဂါလီ မွတ်စလင်များ ဘေးကင်းစွာ ပြန်လာနိုင်ရေးကို ခွင့်ပြုရန်လည်း တိုက်တွန်းခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။ သို့သော် မြန်မာနိုင်ငံအပေါ် လွန်လွန်ကဲကဲ ပြစ်တင်ဝေဖန်မှုများကို တားဆီးမည်ဟု ရုရှားသံတမန် အဝန်းအဝိုင်းမှ ရင်းမြစ်များကို ကိုးကား၍ ဗြိတိန်နှင့် ပြင်သစ်က အဆိုပြုထားသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်သည် မြန်မာအာဏာပိုင်များကို လွန်လွန်ကဲကဲ ပြစ်တင်ဝေဖန်ပါက မော်စကို အနေဖြင့် တားဆီးသွားမည်ဖြစ်ကြောင်း www.tass.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့ သဘောတူလက်မှတ် ရေးထိုးထားပြီးဖြစ်ကာ စီးပွားရေး လုပ်ငန်းရှင်များ၊ လူငယ်များ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့ခွဲများ ဖွဲ့စည်းထားပြီး ထွက်ပြေးသွားသော ဘင်္ဂါလီများ ပြန်လည်လက်ခံရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အလိုက်လည်း ရင့်မှည့်နေပြီဖြစ်သော စပါးခင်းများ ရိတ်သိမ်းနိုင်ရေး၊ ပိုင်ရှင်မဲ့ တိရစ္ဆာန်များ စနစ်တကျ ထိန်းသိမ်းနိုင်ရေး၊ နေအိမ်ဆောက်လုပ်ရေး လုပ်ငန်းများ၊ လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေသည့်အပြင် ရခိုင်ပြည်နယ် အစိုးရ အနေဖြင့်လည်း သတ်မှတ်ထားသော လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

သို့ပါ၍ ပေါ်ပေါက်ခဲ့ပြီးသော ပြဿနာနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းနိုင်ရန် လိုအပ်သလို ပြဿနာ၏ အဓိက ရင်းမြစ်ကိုလည်း ရှာဖွေဖော်ထုတ်ရန် လိုအပ်ပါသည်။ အကြမ်းဖက် လုပ်ရပ်များအတွက် တည်ဆဲဥပဒေများအတိုင်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် အရေးကြီးမည် ဖြစ်သလို ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချစွာ ရပ်တည်နေနိုင်ရေး အပါအဝင် ပဋိပက္ခ နောက်ဆက်တွဲ အခြေအနေများအတွက် မှန်မှန်ကန်ကန် သုံးသပ်၍ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(အောက်တိုဘာလ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent