အကြမ်းဖက်မှုဖြစ်ရပ်၏ နောက်ဆက်တွဲဆိုးကျိုး

အကြမ်းဖက်မှုဖြစ်ရပ်၏ နောက်ဆက်တွဲဆိုးကျိုး
Published 28 September 2017

ပြီးခဲ့သည့် သြဂုတ်လအတွင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် နယ်မြေ မတည်မငြိမ်ဖြစ်ကာ ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ယခု အချိန်တွင် လုံခြုံရေးဆိုင်ရာ ထိန်းသိမ်းနိုင်မှု အပါအဝင် လိုအပ်သော စီမံဆောင်ရွက်မှု အဆင့်ဆင့်ဖြင့် နယ်မြေအေးချမ်း တည်ငြိမ်ရေးကို ပြန်လည် ဆောင်ရွက်ထားနိုင်ပြီ ဖြစ်သည်။ သို့သော် အကြမ်းဖက်ဖြစ်ရပ်၏ နောက်ဆက်တွဲ ဆိုးကျိုးအများအပြားကို ဒေသခံ တိုင်းရင်းသားများ ခံစားနေရသည်။ ထိုအထဲတွင် အပြစ်မဲ့ကလေးငယ်များ၏ ပညာရေး ထိခိုက်မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကျေးရွာများနှင့် အခြားသော အခြေခံပညာကျောင်းများ သြဂုတ် ၂၅ ရက် နောက်ပိုင်းမှစ၍ ပိတ်ထားရပြီး ဆရာ၊ ဆရာမများအနေဖြင့်လည်း ဘေးကင်းလုံခြုံရာ သို့သွားရောက်ခဲ့ရသည့်အတွက် ကျောင်းများဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက် အခြေအနေ ပြန်လည်တည်ငြိမ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက်မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့ပေါ်ကျောင်းနှင့် အနီးဝန်းကျင် ကျောင်း ၂၀ ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကျောင်းပေါင်း ၂၀၀ ကျော် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။ ဘူးသီးတောင်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၂၁ ကျောင်းရှိသည့်အနက် မြို့ပေါ်ရှိကျောင်း ခြောက်ကျောင်းမှ ကျောင်းသားများအားလုံးကို စုပေါင်းကာ အထက (၂) တွင် စုပေါင်းသင် ကြားပေးလျက်ရှိသကဲ့သို့ ကယ်ဆယ်ရေးစခန်းများတွင် လာရောက်သူများကို သီးသန့် ကျောင်းတစ်ကျောင်း ဖွင့်လှစ် သင်ကြားပေးနေခြင်း ဖြစ်ကြောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်း တိုင်းရင်းသားများ သီးသန့် တက်ရောက်သင်ကြားသည့် ကျောင်း ၁၀၀ ခန့် ရှိသော် လည်း လက်ရှိတွင် ဖွင့်လှစ် သင်ကြားနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။ ထိုသို့မဖွင့်လှစ်နိုင်ခြင်းမှာလည်း စားသောက်ရေးနှင့် လုံခြုံရေးကိစ္စများကို လုပ်ဆောင်နေရသည့်အတွက်ဖြစ်၍ အချို့ကျေးရွာများတွင် ကျောင်းသားများ မရှိတော့သည့်အတွက် သင်ကြားရန် မဖြစ်နိုင်သေးသည့် အခြေအနေဖြစ်သည်။ ယင်းအပြင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပိတ်ထားခဲ့ရသည့် မောင်တောမြို့ပေါ်နှင့် လုံခြုံရေး စိတ်ချရသည့် ကျေးရွာများမှ စာသင်ကျောင်းရှစ်ကျောင်းကို စက်တင်ဘာ ၁၉ ရက် တွင်  ပြန်လည် စတင်ဖွင့်လှစ်ခဲ့သော်လည်း စာသင်ကျောင်းသို့ လာရောက်နိုင်သည့်ဦးရေ နည်းပါးနေသေးသည်။

မောင်တောမြို့ပေါ်နှင့် ကျေးရွာအများစုမှ ကျောင်းသူကျောင်းသားများ အပါအဝင် ဒေသခံတိုင်းရင်းသားများမှာ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေနှင့် အခြားမြို့များသို့ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းနှင့် ကယ်ဆယ်ရေးစခန်းများတွင် သွားရောက် ခိုလှုံနေကြရသည်။ ယင်းသို့သွားရောက်ရာတွင် ကျောက်တော်မြို့၌ ကျောင်းသားကျောင်းသူ ၄၆၀ ၊ မြောက်ဦးမြို့တွင် ကျောင်းသားကျောင်းသူ ၁၄၀ ခန့်၊ ပုဏ္ဏားကျွန်းတွင် ကျောင်းသားကျောင်းသူ ၆၀ ခန့် အပါအဝင် စစ်တွေမြို့နှင့် အခြားမြို့များသို့ ရောက်ရှိနေကြရခြင်းဖြစ်သည်။ မောင်တောမြို့နယ်အတွင်း ကျောင်းပေါင်း ၁၈၃ ကျောင်း ရှိသလို တာဝန်ကျ ဆရာ၊ ဆရာမ ၁၄၀၀ ခန့် စာရင်းရှိကြောင်း သိရသည်။ သြဂုတ် ၂၅ ရက်မှစ၍ ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်ရပ်များကြောင့် မောင်တောခရိုင်အတွင်းရှိ စာသင်ကျောင်းပေါင်း ၄၀၀ ကျော်ကို ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ရခြင်းဖြစ်သည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ဒေသခံတိုင်းရင်းသားများ ခံစားနေကြရသည့်အနက် အပြစ်မဲ့ ကလေးငယ်များ၏ ပညာရေးဆိုင်ရာ ထိခိုက်ရမှုသည်လည်း အပါအဝင် ဖြစ်သည်။ သို့ပါ၍ ပညာရေးကဏ္ဍသည် နိုင်ငံ့အနာဂတ်အတွက် လွန်စွာအရေးပါလျက်ရှိရာ ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်မည်ဆိုပါက အပြစ်မဲ့ကလေးငယ်များ၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များအပေါ် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသင့်ပါကြောင်း The Daily Eleven က ရေးသားအပ်ပါသည်။

 

(စက်တင်ဘာ ၂၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent