NLD အစိုးရသက်တမ်း နှစ်နှစ်ခန့်အကြာတွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်

NLD အစိုးရသက်တမ်း နှစ်နှစ်ခန့်အကြာတွင် ပြန်လည်ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်
Published 26 December 2017

တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန်ဆိုသည့် ရည်ရွယ်ချက်ပါဝင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို NLD အစိုးရသက်တမ်း နှစ်နှစ်နီးပါး ရောက်မှသာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ် ဖွဲ့စည်းမှုကို ၂၀၁၇ ခုနှစ်အတွင်း ထင်ရှားသည့် ဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃၀/၂၀၁၇) ဖြင့် ဖွဲ့စည်းပေးခဲ့သည်။ ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးစိုးတင့် (ညွှန်ကြားရေးမှူး (ငြိမ်း)၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)၊ ဦးအောင်လွင် (ညွှန်ကြားရေးမှူး(ငြိမ်း)၊ ပြည်ထဲရေးဝန်ကြီးဌာန)၊ ဦးဟန်ညွန့် (ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဒေါ်မြတ်မြတ်စိုး (ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ အမျိုးသားစီမံကိန်းနှင့်      စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ ဦးအောင်သန်းမြင့် (ညွှန်ကြားရေးမှူး(ငြိမ်း)၊  ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ဦးခင်မောင်မြင့် (တရားလွှတ်တော်ရှေ့နေ)၊ ဦးမျိုးမြင့် (တရား လွှတ်တော်ရှေ့နေ)၊ ဒေါ်အေးအေးမူ (ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးဇော်ဝင်း (ရဲချုပ် (ငြိမ်း)၊ ပြည်ထဲရေးဝန်ကြီးဌာန)၊ ဒေါ်လဲ့လဲ့သွင် (ညွှန်ကြားရေးမှူး(ငြိမ်း)၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး) တို့ဖြင့် ဖွဲ့စည်းထားကာအတွင်း ရေးမှူးအဖြစ် ဦးစန်းဝင်း (ညွှန်ကြားရေးမှူး (ငြိမ်း)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး) က ဆောင်ရွက်မည်ဖြစ်သည်။ ကော်မရှင်တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းထားသည်။

ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် စစ်မှုထမ်း (အငြိမ်းစား) ဦးမြဝင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ် သြဂုတ် ၄ ရက်တွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုများအား စောင့်ကြည့်အကဲဖြတ်လျက်ရှိသည့် NGO အဖွဲ့ဖြစ်သော နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (Transparency International) မှထုတ်ပြန်ခဲ့သည့် အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် အညွန်းကိန်းအရ ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၂ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံကို အဆင့် ၁၈၀ အဖြစ် သတ်မှတ်ထားရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် အဆင့် ၁၄၇ သို့ရောက်ရှိလာပြီး ၂၀၁၆ ခုနှစ်တွင် အဆင့် ၁၃၆ သို့ ရောက်ရှိခဲ့သည်။ အဆိုပါအဆင့်များကိုကြည့်ပါက မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအညွှန်းကိန်းမှာ အနီရောင်အဆင့် (အဂတိလိုက်စားမှုများသည့် နိုင်ငံများကိုပြသသည်အရောင်) တွင်ရှိနေသည်။ NLD အစိုးရလက်ထက် ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အညွှန်းကိန်းအား ကျေနပ်ဖွယ်ကောင်းသည့်အဆင့်သို့ တက်လှမ်းနိုင်မည်လားဆိုသည်ကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။

Most Read

Most Recent