ဟာရီကိန်းရဲ့ဂိုးတွေနဲ့ အင်္ဂလန်အသင်း ပွဲဦးထွက်နိုင်ပွဲရရှိ

ဟာရီကိန်းရဲ့ဂိုးတွေနဲ့ အင်္ဂလန်အသင်း ပွဲဦးထွက်နိုင်ပွဲရရှိ
Published 19 June 2018

Photo: worldcuptwitter

■ တူနီးရှား ၁-၂ အင်္ဂလန်

အင်္ဂလန်အသင်းက ပြိုင်ပွဲအဖွင့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းလေ့မရှိတဲ့အစဉ်အလာကို ရုရှားမြေမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲနှစ်ခုမှာ စုစုပေါင်း (၂၃)ကြိမ်ယှဉ်ပြိုင်ခဲ့တဲ့အနက် အုပ်စုအဖွင့်ပွဲဦးထွက်ပွဲစဉ်တွေမှာ (၅)ပွဲသာ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်း ဒီပွဲမှာလည်း အမှတ်လျော့လုနီးပါး ဖြစ်ခဲ့ပါသေးတယ်။

အင်္ဂလန်အသင်းက ဦးဆောင်ဂိုးကိုလည်း စောစောစီးစီးရယူနိုင်ခဲ့သလို၊ ပွဲကိုလည်း အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက လိုအပ်ချက်တွေရှိခဲ့တာကြောင့် နိုင်ပွဲအတွက် စိုးရိမ်စရာဖြစ်ခဲ့ရတာပါ။

အင်္ဂလန်အသင်းရဲ့တိုက်စစ်မှာ အသင်းခေါင်းဆောင် ဟာရီကိန်းက ဦးဆောင်ခဲ့ပြီး စတာလင်နဲ့ တွဲဖက်ကစားခဲ့ပါတယ်။
ဒါပေမဲ့ တောင်ပံတွေကိုပဲ အဓိကအားပြုခဲ့ပြီး ရိုးရိုးရှင်းရှင်းပဲ ကစားသွားခဲ့တာပါ။

ပွဲစစချင်းမှာပဲ လင်ဂတ်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် တူနီးရှားဂိုးသမား ကာကွယ်နိုင်ခဲ့သလို၊ စတာလင်ရဲ့ အပိုင်ကန်သွင်းခွင့် တစ်ကြိမ်လည်း လွဲချော်ခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ လင်ဂတ် အပိုင်အခွင့်ရေးတစ်ကြိမ်ထပ်ရခဲ့ပေမယ့် ဂိုးတိုင်ထိထွက်ခဲ့လို့ အင်္ဂလန်အသင်းထပ်မံနစ်နာခဲ့ရပါတယ်။

ကွင်းလယ်မှာ အယ်လီ ခြေမပေါ်ခဲ့ပေမယ့် လင်ဂတ်က မြန်ဆန်တဲ့လှုပ်ရှားမှုတွေနဲ့ ပြိုင်ဘက်အသင်းကို ထိုးဖောက်သွားနိုင်ခဲ့သလို၊ ဟာရီကိန်းကလည်း ရတဲ့အခွင့်အရေးကို မလွတ်တမ်းအသုံးချနိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်း နိုင်ပွဲရရှိခဲ့တာပါ။

အင်္ဂလန်အသင်းအတွက် (၁၁)မိနစ်မှာပဲ ဟာရီကိန်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် (၃၅)မိနစ်မှာတော့ ဝေါ်လ်ကာကြောင့် ပယ်နယ်တီပြန်ပေးခဲ့ရပြီး တူနီးရှားအသင်းအတွက် ဆက်ဆီက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အင်္ဂလန်အသင်း အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ပထမပိုင်းလောက် အခွင့်အရေးမရခဲ့ပါဘူး။

ဒါပေမဲ့ ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ ဟာရီကိန်းက အနိုင်ဂိုးကို အနီးကပ်ခေါင်းတိုက်ချက်နဲ့ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ တူနီးရှားအသင်းဂိုးပေါက်ကို (၂)ကြိမ်သာ ထိရောက်အောင် ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် (၂)ကြိမ်စလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါ။

Most Read

Most Recent