ဥရောပထိပ်သီးလိဂ် (၅) ခုတွင် နောက်ဆုံးလိဂ်ပွဲ (၁၀၀) အတွင်း ရမှတ်အများဆုံး ရခဲ့သည့်နည်းပြစာရင်း၌ ကွန်တီ ဦးဆောင်

ဥရောပထိပ်သီးလိဂ် (၅) ခုတွင် နောက်ဆုံးလိဂ်ပွဲ (၁၀၀) အတွင်း ရမှတ်အများဆုံး ရခဲ့သည့်နည်းပြစာရင်း၌ ကွန်တီ ဦးဆောင်
Published 21 September 2017

 

Photo: AFP

ဥရောပထိပ်သီးလိဂ် (၅) ခုရှိ နည်းပြများထဲတွင် နောက်ဆုံးလိဂ်ပွဲ (၁၀၀) အတွင်း အမှတ်အများဆုံး ရယူခဲ့သည့် နည်းပြစာရင်းတွင် ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ထိပ်ဆုံမှ ဦးဆောင်နေကြောင်း ဗြိတိန်ထုတ် Daily Mial သတင်းစာက မှတ်တမ်းများနှင့်တကွ ဖော်ပြခဲ့သည်။ ဂျူဗင်တပ်စ်၊ အီတလီ အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသည့် ကွန်တီသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်း နည်ပြအဖြစ် ခန့်အပ်ခံခဲ့ ရပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့သည်။

ကွန်တီသည် ဂျူဗင်တပ်စ်နှင့် ချယ်လ်ဆီးအသင်းတို့ကို ကိုင်တွယ်ခဲ့သည့် နောက်ဆုံးလိဂ်ပွဲ (၁၀၀) အတွင်း (၇၉) ပွဲ အနိုင်ရခဲ့ကာ (၁၁) ပွဲသာ ရှုံးနိမ့်ခဲ့ပြီး စုစုပေါင်းရမှတ် (၂၄၇) မှတ်အထိ ရယူနိုင်ခဲ့သည်။ ကွန်တီသည် ယင်းကာလအတွင်း ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးအသင်းတို့နှင့်အတူ အမှတ်ပေးဖလား (၃) ကြိမ် ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းနည်းပြအဖြစ် ကွန်တီ၏ နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရသူ အယ်လီဂရီမှာ စုစုပေါင်းရမှတ် (၂၃၈) မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်။ အယ်လီဂရီအနေဖြင့် ကွန်တီကဲ့သို့ပင် ဂျူဗင်တပ်စ် အသင်းအတွက် စီးရီးအေဖလား (၃) ကြိမ် ရယူခဲ့သော်လည်း နောက်ဆုံးလိဂ်ပွဲ (၁၀၀) အတွင်း ရရှိခဲ့သည့် ရမှတ်မှာ ကွန်တီထက် (၉) မှတ် လျော့နည်းခဲ့ပြီး ဒုတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏နောက်တွင်မူ အန်ဆယ်လော့တီ၊ ဂွါဒီယိုလာ၊ ဆီမြွန်နီတို့က အသီးသီးရပ်တည်နေပြီး ဖိအားများရင်ဆိုင်နေရသည့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးမှာလည်း အဆင့် (၆) နေရာရရှိခဲ့ကြောင်း သိရသည်။ အာစင်ဝင်းဂါးသည် အသင်းကိုကိုင်တွယ်ခဲ့သည့် နောက်ဆုံးလိဂ်ပွဲ (၁၀၀) အတွင်း (၅၉) ပွဲနိုင်၊ ပွဲ (၂၀) သရေကျကာ (၂၁) ပွဲ ရှုံးနိမ့်ခဲ့ပြီး (၁၉၇) မှတ် ရယူနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား၌ အဆင့် (၁၂) နေရာတွင် ရပ်တည်နေပြီး အာစင်ဝင်းဂါးကိုယ်တိုင် ရလဒ်ဆိုးများကြောင့် ဝေဖန်ခံနေရသော်လည်း ၎င်း၏ နောက်ဆုံးလိဂ်ပွဲ (၁၀၀) အတွင်း ရလဒ်များမှာ ပိုချက်တီနို၊ မော်ရင်ဟို၊ ယာဂန်ကလော့ပ်တို့ ထက် သာလွန်ခဲ့ကြောင်း Daily Mial သတင်းစာက ဖော်ပြခဲ့သည်။

စပါးအသင်းနည်းပြ ပိုချက်တီနိုအနေဖြင့် အာစင်ဝင်းဂါးကဲ့သို့ပင် နောက်ဆုံးလိဂ်ပွဲ (၁၀၀) အတွင်း (၁၉၇) မှတ် ရယူခဲ့သော်လည်း နိုင်ပွဲအရေအတွက်မှာ အာစင်ဝင်းဂါးထက် (၂) ပွဲ လျော့နည်းခဲ့သည်။ မန်ယူ အသင်းနည်းပြ မော်ရင် ဟိုမှာ ချယ်လ်ဆီး၊ မန်ယူ နှစ်သင်းပေါင်း နောက်ဆုံးကိုင်တွယ်ခဲ့သည့် လိဂ်ပွဲ (၁၀၀) အတွင်း (၅၃) ပွဲသာ အနိုင်ရခဲ့ပြီး စုစုပေါင်းရမှတ် (၁၈၈) မှတ်သာ ရရှိခဲ့၍ ယခုစာရင်းတွင် အဆင့် (၈) နေရာသာ ရရှိခဲ့သည်။ သို့သော်လည်း မော်ရင်ဟို၏ ရလဒ်များမှာ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ထက် သာလွန်ခဲ့ကြောင်း Daily Mial သတင်းစာက ဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းကို ၂၀၁၅ အောက်တိုဘာက စတင်ကိုင်တွယ်ခဲ့သူ ယာဂန်ကလော့ပ်သည် ဒေါ့မွန်၊ လီဗာပူးလ် နှစ်သင်းပေါင်း နောက်ဆုံးလိဂ်ပွဲ (၁၀၀) အတွင်း ရလဒ်များ ဆိုးရွားခဲ့ပြီး (၂၅) ပွဲအထိ ရှုံးနိမ့်ခဲ့ သလို၊ (၄၈) ပွဲသာ အနိုင်ရခဲ့သည်။ ယခုစာရင်းတွင် ရှုံးပွဲအများဆုံးနည်းပြအဖြစ် ယာဂန်ကလော့ပ်က မှတ်တမ်း ဝင်ခဲ့ပြီး သရေပွဲအများဆုံးနည်းပြအဖြစ် မော်ရင်ဟိုက ရပ်တည်ခဲ့ကြောင်း Daily Mial သတင်းစာက ဖော်ပြခဲ့ ကြောင်းသိရသည်။

Most Read

Most Recent