ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေသရွေ့ ရည်မှန်းထားသည့်နိုင်ငံရေး မအောင်မြင်မချင်း ကြိုးစားပြီးလုပ်ဆောင်မည်ဟု ယုံကြည်ထားကြောင်း ဦးဝင်းထိန် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေသရွေ့ ရည်မှန်းထားသည့်နိုင်ငံရေး မအောင်မြင်မချင်း ကြိုးစားပြီးလုပ်ဆောင်မည်ဟု ယုံကြည်ထားကြောင်း ဦးဝင်းထိန် ပြောကြား
Published 8 April 2018

နေပြည်တော်တွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ (ဗဟို) ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာသူများအား ဦးဝင်းထိန်မှ အမှာစကားပြောကြားနေစဉ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေသရွေ့ ရည်မှန်းထားသည့် နိုင်ငံရေးမအောင်မြင်မချင်း ကြိုးစားပြီးလုပ်ဆောင်မည်ဟု ယုံကြည်ထားကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

ဧပြီ ၇ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ (ဗဟို) ဖွင့်ပွဲအခမ်းအနားအပြီးတွင် မီဒီယာများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်တစ်ဦးက ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည်လားဆိုသည့် မေးမြန်းမှုအပေါ် ဦးဝင်းထိန်က “အဲဒီမေးခွန်းက ဟဟလို့ရယ်လိုက်မယ်။ အဲဒီအတိုင်းပဲ ဖြေလိုက်မယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာနေသရွေ့ကလာလပတ်လုံး သူရည်မှန်းထားတဲ့ နိုင်ငံရေးမအောင်မြင်မချင်း ကြိုးစားပြီး လုပ်ဆောင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အမျိုးသမီးတွေကို ပိုပြီးတော့ဦးစားပေးမယ်။ တော်တဲ့အမျိုးသမီးတွေဆို ဦးစားပေးမယ်” ဟုပြောကြားသည်။

ထို့ပြင် ယခုညီလာခံက လူငယ်ခေါင်းဆောင်များသည် စတုတ္ထမျိုးဆက်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတိုင်းတွင် လူကြီးများသည် မြို့နှင့်နီးစပ်သည့်အပိုင်းကိုသာရောက်ရှိပြီး ကျေးလက်အထိရောက်ရှိသည်မှာ လူငယ်များသာဖြစ်ကြောင်း၊ ၎င်းတို့၏အင်အားများကို ဒေါ်အောင်ဆန်းစုကြည်က သတိပြုမိ၍ လူငယ်အင်အားကို တည်ဆောက်ခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။

“အခု ၂၀၁၈ ခုနှစ်မှာ ရွေးလိုက်တဲ့လူငယ်တွေဟာ တိုင်းနဲ့ပြည်နယ်အားလုံးမှာ အခြေခံအုတ်မြစ်တွေ၊ သူတို့ရဲ့အင်အားနဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို တွန်းရမယ်။ ၂၀၂၀ မှ သူတို့ရဲ့တွန်းအားတွေက NLD ပါတီရဲ့ အားတွေဖြစ်လာမယ်။ ၂၀၁၅ ခုနှစ်အတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးတုန်းကလည်း ပွက်လောရိုက်ခဲ့တယ်။ ဒါပေမဲ့ သင့်တော်မယ့်သူတွေ ဖြစ်လာခဲ့တယ်” ဟု ဦးဝင်းထိန်က ပြောကြားသည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အဓိကကျသည်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အောင်နိုင်ရေးအဖွဲ့ပင်ဖြစ်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်နှင့် အောင်နိုင်ရေးအဖွဲ့များက တွန်းအားပေးလုပ်ကြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Most Read

Most Recent