စစ်တွေမြို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိသဖြင့် ဖမ်းဆီးထားသည့်အဖွဲ့ဝင်အား ပြန်လွှတ်ပေးရန် ANC တောင်းဆို

စစ်တွေမြို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိသဖြင့် ဖမ်းဆီးထားသည့်အဖွဲ့ဝင်အား ပြန်လွှတ်ပေးရန် ANC တောင်းဆို
Published 1 March 2018

စစ်တွေမြို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိသဖြင့် ဖမ်းဆီးထားသည့် အဖွဲ့ဝင်တစ်ဦးအား ပြန်လွှတ်ပေးရန် ANC က ဖေဖော်ဝါရီ ၂၇ ရက်က သဘောထားထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရသူမှာ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် လူမှုရေးဌာနတာဝန်ခံ ဦးနိုင်စိုးဖြစ်သည်။

ANC အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ANC အဖွဲ့၏ ထုတ်ပြန်ချက်အရ ဦးနိုင်စိုးကို စစ်တွေမြို့ရှိ ၎င်း၏မိဘနေအိမ်မှ ဒေသအစိုးရအာဏာပိုင်များက အထက်အမိန့် အရ မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဖမ်းဝရမ်းလည်းမပါ၊ ခိုင်လုံသာ အကြောင်းပြချက်လည်းမရှိဘဲ စစ်ဆေးမေးမြန်းရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုအချိန်ထိ ပြန်မလွှတ်ပေးသည့်အပြင် ဖေဖော်ဝါရီ ၂၄ ရက်က ဖြစ်ပွားခဲ့သော စစ်တွေမြို့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ဆက်စပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် မ ၅၀ (က) (ဈ) တို့ဖြင့် ချုပ်ရက်ရမန်ယူပြီး ဆက်လက်ထိန်းသိမ်းလျက် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တွေမြို့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် မိမိတို့ ANC အနေဖြင့်ဖြစ်စေ၊ အဖွဲ့ဝင်များအနေဖြင့်ဖြစ်စေ ပါဝင်ပတ်သက်မှုမရှိကြောင်း အတိအလင်းဖော်ပြလိုကြောင်း၊ ဦးနိုင်စိုးအား ယခုကဲ့သို့ မတရားဖမ်းဆီးထိန်းသိမ်း၍ ကြီးလေးသောပုဒ်မတို့ဖြင့် ချုပ်ရက်ရမန်ယူ ထိန်းသိမ်းထားခြင်းမှာ ဓားစာခံ၊ တရားခံအဖြစ် အကြံအစည်ရှိရှိ လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ ဦးနိုင်စိုးမှာ ကျန်းမာရေးမကောင်း၍ ဆေးကုသမှုကို ပုံမှန်ခံယူနေရသဖြင့် ၎င်း၏မိဘနေအိမ်၌ မိသားစုနှင့်အတူ နေထိုင်နေသူဖြစ်ကြောင်း၊ ၎င်း၏ကျန်းမာရေးအတွက် မိမိတို့အနေဖြင့် လွန်စွာစိုးရိမ်ပူပန်မိကြောင်း ANC ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် ဦးနိုင်စိုးသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ANC ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်နေသူလည်းဖြစ်ပြီး ယခုကဲ့သို့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ လက်ရှိအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြီးမားစွာအနှောင့်အယှက်ဖြစ်စေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့ဖြစ်၍ ဦးနိုင်စိုးကို မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန်လည်လွှတ်ပေးပါရန် လေးနက်စွာတောင်းဆိုသည့်အပြင် တခြားသော ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် ပတ်သက်သည့် စီရင်ချက်များကိုလည်း အစိုးရအာဏာပိုင်များအနေဖြင့် အမှန်တရားနှင့် တရားမျှတမှုတို့အပေါ် အခြေခံ၍ ဥပဒေနှင့်ညီညွတ်စွာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ANC က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

စစ်တွေမြို့၌ ဖေဖော်ဝါရီ ၂၄ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ နေအိမ်အနီးနှင့် အခြားနှစ်နေရာတွင် မိုင်းသုံးလုံးပေါက်ကွဲခဲ့ပြီး သုံးဦးဒဏ်ရာရရှိကာ မပေါက်ကွဲသေးသည့် ရီမုမိုင်းသုံးလုံးကိုလည်း တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာက ရှင်းလင်းခဲ့ရပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးနိုင်စိုးအပါအဝင် ငါးဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

Most Read

Most Recent