၂၀၁၈ ခုနှစ်အတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ်များ၌ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ဖေဖော်ဝါရီ ၂၃ ရက်တွင် အပြီးဖွဲ့စည်းရန်လျာထား

၂၀၁၈ ခုနှစ်အတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ်များ၌ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ဖေဖော်ဝါရီ ၂၃ ရက်တွင် အပြီးဖွဲ့စည်းရန်လျာထား
Published 15 February 2018

၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

၂၀၁၈ ခုနှစ်အတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနယ်များ၌ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖေဖော်ဝါရီ ၂၃ ရက်တွင် အပြီးဖွဲ့စည်းရန် လျာထားကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လစ်လပ်မဲဆန္ဒနယ်များမှ တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ၂၀၁၈ ခုနှစ်အတွင်းကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

“ရှင်းရှင်းပြောရရင်တော့ အခြေခံက ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေပေါ့။ ဖေဖော်ဝါရီ ၂၃ လောက်ကို အပြီးဖွဲ့စည်းပြီးဖြစ်အောင် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေကိုလေ ဖေဖော်ဝါရီ ၂၃ လောက်အပြီးပေါ့။ ဒါ ကျွန်တော်တို့ မှန်းပြီးလုပ်ကြရပါမယ်။ နောက်ပြီးတော့ ရှေ့ဆက်ပြီးဘာတွေလုပ်ရမယ်ပေါ့ဗျာ။ ငွေရေးကြေးရေးကအစ ဘယ်လောက်ရှိမယ်။ ဘာလုပ်မယ်။ အခြေအနေကြည့်တာပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က The Daily Eleven ကို ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်က “မဲစာရင်းကတော့ ပြန်လုပ်ရမှာပေါ့။ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတုန်းက မဲစာရင်းတော့ရှိတာပေါ့ဗျာ။ အဲဒီမဲစာရင်းပေါ်မှာ သေသွားတဲ့လူရှိတယ်။ နောက်ပြီးတော့ အသက် ၁၈ နှစ်ပြည့်လာမယ့်လူရှိတယ်။ နောက်တစ်ခါ ကိုယ့်ရွာကိုယ့်အရပ်ကနေ ပြောင်းသွားတဲ့လူရှိတယ်။ ရပ်ကျေးတွေကလည်း ဖွဲ့တုန်းပဲ။ ကျွန်တော်တို့ ကော်မရှင်မှမဟုတ်ဘူး။ ဟိုဘက်က အုပ်ချုပ်ရေးဘက်ကလည်း ဖွဲ့ကြတုန်းလေ။ တကယ်တော့ အားကိုးရမှာက သူတို့ကလည်း အားကိုးရမှာကို။ သူတို့ကမှ သူတို့အရပ်ထဲသိတာကို။ ဘယ်သူကတော့ သေပြီဗျ။ ဘယ်သူဘယ်ကလေးကတော့ ၁၈ နှစ်ပြည့်ပြီဗျ အဲလိုစာရွက်နဲ့ဘာနဲ့ အဲလိုကြည့်ပြီး လုပ်ကြရမှာကို။ ရပ်ကျေးကော်မရှင်နဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ ဘယ်လိုတွဲပြီးလုပ်လို့ရမလဲပေါ့” ဟုပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကို အပြီးဖွဲ့ပေးရန် စာထွက်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက The Daily Eleven သတင်းစာကို ပြောကြားသည်။

ထို့ပြင် မဲရုံလုပ်ငန်းသုံးပစ္စည်းများ အချိန်မီ သယ်ယူပို့ဆောင်ရေးအတွက်လည်း ကြိုတင်စီစဉ်ထားရှိရန် လိုအပ်ကြောင်းနှင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ်အား ဆောလျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများ ခန့်ထားမှုကို သတ်မှတ်ရက်အမီ ခန့်အပ်သွားကြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မှာကြားထားသည်။

ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၈ ခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ် ၁၆၆၁ ဒသမ ၆၁၆ သန်းသုံးစွဲရန်လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုတင်ပြထားသည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်၌ ချင်းပြည်နယ် ကန်ပက်လက်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်၌ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) တို့တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည်။

ထို့ပြင် ပြည်နယ်လွှတ်တော်၌ ချင်းပြည်နယ် မတူပီမဲဆန္ဒနယ် အမှတ် (၁)၊ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ် အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ် အမှတ် (၂)၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ် အမှတ် (၁)၊ မကွေးတိုင်းဒေသကြီး မင်းဘူးမဲဆန္ဒနယ် အမှတ် (၂)၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျဉ်းမဲဆန္ဒနယ် အမှတ် (၁)နှင့် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့မှာ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေကြောင်း သိရသည်။

Most Read

Most Recent