ကချင်တိုင်းရင်းသားပါတီ သုံးခု ပေါင်းစည်းရေး သဘောတူကြောင်း လက်မှတ်ရေးထိုး

ကချင်တိုင်းရင်းသားပါတီ သုံးခု ပေါင်းစည်းရေး သဘောတူကြောင်း လက်မှတ်ရေးထိုး
Published 14 January 2018

ကချင်တိုင်းရင်းသားပါတီ သုံးခု ပေါင်းစည်းရေး သဘောတူကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့ YMCA တွင် ကျင်းပသည့် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး နောက်ဆုံးအဆင့် အစည်းအဝေးပြီးနောက် ပါတီခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပါတီများ ပေါင်းစည်းရေးအတွက် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) တို့ ပါတီ ပူးပေါင်းရေးကို သဘောတူပြီး ရှေ့ဆက်ညှိနှိုင်း လုပ်ဆောင်ရမည့် အလုပ်များကျန်နေကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက ဆိုသည်။

၎င်းက “ဒီနေ့ ဆုံးဖြတ်တာက ပေါင်းဖို့ သဘောတူမတူ။ အဲဒါပြီးနောက် ဘယ်လိုလုပ်မလဲပေါ့။ ပေါင်းဖို့ ပါတီသုံးခုက သဘောတူထားပြီ။ လော်ဝေါ်ပါတီက မပါသေးဘူး။ နံပါတ် (၂) ဖြစ်တဲ့ ဘယ်လိုသွားမလဲ ဆိုတာကိုတော့ ကျွန်တော်တို့က ကချင်လူထုရဲ့ ဆုံးဖြတ်ချက်မျိုး လိုချင်တယ်။ ပါတီတွင်းပဲ ဆုံးဖြတ်တာကို မလိုချင်ဘူး။ ကချင်လူထုက တိုက်တွန်းတယ်ဆိုပြီး အသုံးချမှာ စိုးလို့ပါ။ ကျွန်တော်တို့က လူထုက ဆုံးဖြတ်ပေးနိုင်မယ့် ကချင်လူထုခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို ရချင်တယ်။ ဘာသာရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်၊ ယဉ်ကျေးမှုခေါင်းဆောင်တွေ ရဲ့ ဆုံးဖြတ်ချက်ကို ရချင်တယ်။ လူထုက ရွေးချယ်တဲ့ ပေါင်းစည်းမှုကို ကျွန်တော်တို့ ပါတီအားလုံးက လက်ခံပါတယ်။ နံပါတ် (၁) ဖြစ်တဲ့ ပေါင်းဖို့ သဘောတူတယ်ဆိုတဲ့ MoU ထိုးတာ။ ကျွန်တော်တို့ ရည်ရွယ်တာက ကချင်လူထုကိုယ်စားပြုတဲ့၊ လွှမ်းခြုံတဲ့ ပါတီကို ရည်ရွယ်တာပါ။ အဲဒီကနေ ပြည်ထောင်စု နိုင်ငံရေးမှာလည်း ကချင်လူထုကိုယ်စားပြုပြီး စကားပြောမယ်။ ကချင်ပြည်နယ်ထဲမှာလည်း နိုင်ငံရေးရာကိစ္စကိုလည်း ပါတီခေါင်းဆောင်ပိုင်းက စီမံခန့်ခွဲပြီး သွားဖို့ရှိတယ်။ ပေါင်းရုံနဲ့တော့ မပြီးသေးဘူး။ ပါတီမှတ်ပုံတင်ဖို့ ကြိုးစားရဦးမယ်” ဟု ပြောကြားသည်။

လူထုက ပေါင်းစပ်ပေးသည့် ပါတီတစ်ခု ဖြစ်ပေါ်လာပါက ကချင်ပြည်နယ်တွင်း အခြားသော ပါတီများကိုလည်း ပူးပေါင်းရေးတွင် ပါဝင်လာရန် ကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းနိုင်ရေး ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး နောက်ပိုင်း၌ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ (KPCC) ကို ဖွဲ့စည်းခဲ့သည်။ ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (KPCC) တွင် ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) လော်ဝေါ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LUNDP) ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) တို့ ပါဝင်ခဲ့ပြီး လော်ဝေါ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LUDP) က ကချင်ပါတီများ တစ်ပါတီ ဖြစ်ရေးတွင် ပါဝင်တော့မည် မဟုတ်ကြောင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ဝိုင်းမော်မြို့တွင် ပါတီဗဟိုညီလာခံက ဆုံးဖြတ်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အခြေစိုက် ကချင်ပြည်နယ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ၊ လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) နှင့် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ စသည့် တိုင်းရင်းသားပါတီ ခြောက်ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Most Read

Most Recent