(၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိ

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိ
Published 19 September 2017

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြောင်း စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် စက်တင်ဘာ ၂၀ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပမည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒ ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ဒုတိယသမ္မတနှင့်အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများက အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်သို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သော်လည်း ယခုတစ်ကြိမ်ကျင်းပမည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။

အဆိုပါ (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်သည့် အကြောင်းရင်းလေးချက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားထားသည်။

(၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ရည်ရွယ်၍ ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့သော်လည်း ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအတွက် ပြန်လည်နေရာချထားခြင်းကဲ့သို့သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်ရှိခြင်း၊ မောင်တောဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်တွင်း၌ အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများရှိပြီး ယင်းဆန္ဒပြမှုများနှင့် ဆက်စပ်၍ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖန်တီးမှုများရှိကြောင်း ထို့အတွက် ပြည်တွင်းတည်ငြိမ်မှုကို အထူးအလေးထား လုပ်ဆောင်နေရသည့် အနေအထားရှိကြောင်း၊ မြန်မာနိုင်ငံ မြို့ကြီးများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်ဆိုသည့် သတင်းအချက်အလက်များရှိသည့်အတွက် ပြည်တွင်းလုံခြုံရေးကိုလည်း အထူးအလေးထား ဆောင်ရွက်နေရသည့် အနေအထားရှိကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံသို့ ဆေးကုသမှု သွားရောက်ခံယူနေသော နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်၏ ကျန်းမာရေးအခြေအနေကြောင့်သော်လည်းကောင်း စသည့်အချက်များကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

Most Read

Most Recent