ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ
Published 19 September 2017

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၈ ရက်မှစတင်ကာ နှစ်ရက်ကြာ ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်တွင် ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S)၊ ဒေသန္တရအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) တွင်ပါဝင်သည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ပြီး ကော်မတီအဆင့်ဆင့်ကြား ဆက်ဆံရေးလမ်းကြောင်း ကောင်းမွန်ရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း JMC-U ကော်မတီဝင်တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်က ပြောကြားသည်။

“JMC-U အစည်းအဝေးအတွက် ကြိုတင်ပြင်တာလည်းပါသလို ကျွန်တော်တို့ကြားထဲမှာ JMC-L၊ JMC-S၊ JMC-U ရယ် ကြားထဲမှာ ဆက်ဆံရေး လိုင်းကောင်းအောင်၊ နောက်တစ်ခုက တစ်ဖွဲ့ချင်းစီမှာ ဘာတွေကြုံတွေ့နေရလဲ။ ဘယ်လိုအခက်အခဲတွေရှိသလဲ။ ကျွန်တော်တို့ JMC-U အနေနဲ့ ဘယ်လိုဖြေရှင်းပေးရမလဲ။ နောက်တစ်ခုက JMC-U ဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့က ဆွေးနွေးပေးရမလဲပေါ့ဗျာ စသည့်ဖြင့် အဲဒီကိစ္စတွေ ဆွေးနွေးကြတယ်” ဟု ဆလိုင်းယောအောင်က ပြောကြားသည်။

ထို့ပြင် JMC ယန္တရားတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အခက်အခဲများမှာ မတူညီကြောင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွင်ရှိသည့် အခက်အခဲနှင့် ရှမ်းပြည်နယ်ရှိ အခက်အခဲများ မတူညီသည့်အတွက် အဆိုပါကိစ္စရပ်များအပေါ်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

“ရှမ်းပြည်နယ်မှာရှိတဲ့ အခက်အခဲကတော့ နှစ်ခုပေါ့။ ပထမတစ်ခုက အစိုးရတပ်တွေနဲ့ RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ) ကြားမှာ ထိတွေ့မှု လျှော့ချနိုင်ရေးကိစ္စပေါ့။ ဘယ်လိုနည်းလမ်းရှာရင်ရမလဲ။ ထိတွေ့မှုဆိုကတော့ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဘယ်လိုဆောင်ရွက်နိုင်မလဲပေ့ါ။ ဒီကိစ္စဆွေးနွေးတယ်။ နောက်တစ်ခုက အစည်းအဝေးတွေ နှစ်ဖက်ပေါ့နော်။ လောလောဆယ်တော့ JMC-S မှာကြုံရတဲ့ဟာတွေက အစည်းအဝေးလုပ်တဲ့အခါမှာ ကျွန်တော်တို့ ဒီနေ့သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုဗျ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံတော့ နှစ်ဦးနှစ်ဖက်ပေါ့။ တန်းတူရည်တူပေါ့ဗျာ။ တန်းတူရည်တူ တစ်ဖက်ကို အပြန်အလှန် လေးစားမှုရှိရမယ်။ တစ်ဖက်နဲ့တစ်ဖက် လူ့ဂုဏ်သိက္ခာပေါ့ဗျာ။ အဲဒီအပေါ်အခြေခံပြီး ဆွေးနွေးပွဲတွေ လုပ်ကြရတာကို။ ဒီအပေါ်မှာ ကျွန်တော်တို့ အခြေခံခဲ့တာဖြစ်တော့ JMC-S တွေမှာကျတော့ အစည်းအဝေးလုပ်တဲ့အခါကျတော့ အဲဒီသဘောမဆန်တဲ့ ဟာလေးတွေရှိတယ်။ တချို့နေရာတွေလည်း အဲဒီသဘော သက်ရောက်တဲ့နေရာရှိပေမယ့် တချို့နေရာတွေမှာကျတော့ တစ်ဖက်ကပဲ ဆောင်ရွက်သွားတဲ့ ကိစ္စလေးတွေရှိတယ်။ အဲဒီကိစ္စတွေ ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆလိုင်းယောအောင်က ပြောကြားသည်။

လက်ရှိတွင် JMC-S ကော်မတီများအား ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းထားပြီး JMC-L အဆင့်ကော်မတီများအား ကရင်ပြည်နယ် ဖာပွန်မြို့နှင့် ရှမ်းပြည်နယ် လင်းခေးမြို့နယ်တို့တွင် ဖွဲ့စည်းထားသည်။

“JMC ရဲ့သဘောသဘာဝကတော့ အပစ်အခတ်ရပ်စဲရေး ပိုပြီးခိုင်မာအောင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပိုပြီးတော့ ချောချောမွေ့မွေ့ လုပ်နိုင်အောင်ပေါ့ဗျာ။ ကျွန်တော်တို့ JMC တာဝန်က စောင့်ကြည့်လေ့လာမယ်။ စိစစ်မယ်။ ပြီးရင် ကျွန်တော်တို့က ဖြေရှင်းမယ်။ သို့သော်လည်း ဒီနေ့ထက်ထိကတော့ JMC ရဲ့အဓိကတာဝန်ကို မလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးဘူးဆိုတာက NCA မှာပါတဲ့ အခန်း (၃)၊ အခန်း (၄) ကိစ္စတွေက ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် နှစ်ဖက်တပ်ကြားထဲမှာ၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကြားထဲမှာ တပ်နေရာချထားရေးကိစ္စတွေ ဆွေးနွေးကြရမှာကို။ ဒါကို ကျွန်တော်တို့ JMC က အဆုံးအဖြတ်ပေးလို့မရဘူး။ ဒါက JMC ရဲ့အလုပ်လည်းမဟုတ်ဘူး။ JMC အလုပ်က စောင့်ကြည့်မယ်၊ လေ့လာမယ်၊ ဖြေရှင်းမယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကမကထပေါ့ဗျာ။ ကမကထလုပ်ပေးမယ်” ဟုပြောကြားသည်။

(၁၂) ကြိမ်မြောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်မှ ၂၂ ထိ ရန်ကုန်မြို့ရှိ NRPC တွင်ပြုလုပ်မည်ဖြစ်သည်။

Most Read

Most Recent