ဝင်ဘလေမှာ အမှတ်ခွဲယူခဲ့ကြတဲ့ စပါးနဲ့ အာဆင်နယ်

ဝင်ဘလေမှာ အမှတ်ခွဲယူခဲ့ကြတဲ့ စပါးနဲ့ အာဆင်နယ်
Photos: Getty Images, Rueters & Daily Mail
Photos: Getty Images, Rueters & Daily Mail
Published 2 March 2019

■ စပါး ၁-၁ အာဆင်နယ်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) စနေညရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီကတော့ တစ်ဖက်တစ်ဂိုးစီ သရေနဲ့အတူ အမှတ်ခွဲယူခဲ့ကြပါတယ်။

အစဉ်အလာကြီးမားတဲ့ ဒါဘီပွဲစဉ်ဖြစ်သလို၊ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရလည်း နှစ်သင်းစလုံးအတွက်အရေးပါတဲ့ ပွဲစဉ်ဖြစ်တာကြောင့် အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီး အကြိတ်အနယ်ရှိတဲ့ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလက်လျှော့လိုက်ပြီဆိုတဲ့ စပါးနည်းပြ ပိုချက်တီနိုရဲ့စကားကို အတည်ပြုနိုင်ခဲ့တဲ့ပွဲလို့ဆိုရမှာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ စပါးအသင်းဟာ ဒီပွဲမှာလည်း ရုန်းကန်ခဲ့ရတာကိုတွေ့ရပါတယ်။

အထူးသဖြင့် ဟာရီကိန်းပြန်ပါလာပေမယ့် စပါးအသင်းရဲ့တိုက်စစ်က ခံစစ်ကမာမာကျောကျောတုံ့ပြန်တဲ့ အသင်းတွေနဲ့ဆိုရင် ဟန်ချက်မညီတော့ဘဲ ရုန်းကန်နေရတာက အားနည်းချက်လို့ပဲဆိုရပါလိမ့်မယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အမှားခံလို့မရတဲ့ အာဆင်နယ်အသင်း ဒီပွဲမှာလည်း ကျေနပ်စရာကစားပုံကိုပြနိုင်ခဲ့ပြီး မိနစ် (၉၀)မှာရတဲ့ ပယ်နယ်တီကို အူဘာမီယန်းအသုံးမချနိုင်ခဲ့လို့သာ ဒါဘီနိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ။

ပထမပိုင်းအစမှာ စပါးအသင်းကစားကွက်တည်မရခဲ့ဘဲ ကစားသမားတွေကလည်းကွင်းထဲမှာ ဖိအားများနေတဲ့ပုံစံကို အထင်းသားတွေ့နေရပါတယ်။

အာဆင်နယ်အသင်းကတော့ ပွဲစတာနဲ့ ခပ်မြန်မြန်ပဲတုံ့ပြန်ခဲ့ပြီး ကွင်းလယ်ပိုင်းအသာစီးကစားနိုင်ခဲ့လို့လည်း စပါးအသင်းထက်ပိုကောင်းခဲ့တာပါ။

အာဆင်နယ်အသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် (၁၆) မိနစ်မှာ လာကာဇက်ရဲ့ပေးပို့မှုကနေ ရမ်ဆေးက တစ်ကိုယ်တော်ဆွဲပြေးပြီး ဂိုးသမားကိုပါကျော်ဖြတ်ကာ ကန်သွင်းယူပေးခဲ့တာပါ။

ဒါဟာ လာမယ့်ရာသီမှာ ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွှေ့တော့မယ့် ရမ်ဆေးအတွက် နောက်ဆုံးသောမြောက်လန်ဒန်ဒါဘီသွင်းဂိုးလို့လည်း ဆိုရပါမယ်။

ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာလည်း စပါးအသင်းရဲ့စားပုံကအားရစရာကောင်းမလာခဲ့ဘဲ တိုက်စစ်ပိုင်းမှာ ဟာရီကိန်းရော၊ ဆွန်ဟောင်မင်ပါ ရုန်းကန်နေရလို့ ဂိုးရဖို့လည်းခက်နေခဲ့ပါတယ်။

စပါးအသင်းက ဟာရီကိန်းရဲ့ ခေါင်းတိုက်သွင်းဂိုးလူကျွံနေသလို၊ သေချာပေါက်ဂိုးရနိုင်တဲ့ကန်သွင်းမှုတချို့ကိုလည်း အာဆင်နယ်ဂိုးသမားလေနိုကာကွယ်နိုင်ခဲ့လို့ စပါးအသင်းနစ်နာခဲ့ရပါတယ်။

ပထမပိုင်းမှာတော့ (၀-၁) ဂိုးနဲ့ပဲပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာလည်း အာဆင်နယ်အသင်းကပိုကောင်းတဲ့ပုံစံကိုပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ စပါးအသင်းကလည်း ချေပဂိုးအတွက်ကစားအားမြှင့်ခဲ့လို့ ပွဲကအကြိတ်အနယ်ပိုဖြစ်လာခဲ့ပြီး အာဆင်နယ်အသင်းက သေချာပေါက်ဂိုးရနိုင်တဲ့အခွင့်အရေးကို လာကာဇက်ဖြုန်းတီးခဲ့လို့ အာဆင်နယ်အတွက် နစ်နာခဲ့ရပါသေးတယ်။

စပါးအသင်းအတွက်ချေပဂိုးကတော့ ပယ်နယ်တီကနေရရှိခဲ့တာပါ။ ပြစ်ဒဏ်ဘောကာကွယ်တဲ့အနေအထားမှာ အာဆင်နယ်နောက်ခံလူ မူစတာဖီက ဟာရီကိန်းကိုတွန်းလှဲခဲ့သလိုဖြစ်တာကြောင့် ဒိုင်လူကြီးက စပါးအသင်းကို ပယ်နယ်တီပေးခဲ့တာပါ။

ဒီပယ်နယ်တီကို ပွဲချိန် (၇၄) မိနစ်မှာ ဟာရီကိန်းက အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးဟာ ဟာရီကိန်းအတွက် ပရီးမီးယားလိဂ် (၉)ဂိုးမြောက် မြောက်လန်ဒန်ဒါဘီသွင်းဂိုးဖြစ်ခဲ့ပြီး အာဆင်နယ်နဲ့ စပါးတိုက်စစ်မှူးဟောင်း အဒီဘာယော (၈ ဂိုး) ကိုကျော်ဖြတ်ကာ ဒါဘီပွဲရဲ့သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

သရေကျပြီးချိန်မှာတော့ နှစ်သင်းစလုံးကို အနိုင်ရလဒ်အတွက်ကြိုးစားခဲ့လို့ ပွဲရှိန်ကအမြင့်ဆုံးကိုရောက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အလှည့်အပြောင်းဖြစ်စေမယ့်အခိုက်အတန့်ကိုကြုံခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကတော့ ကံဆိုးတယ်လို့ပဲဆိုရပါမယ်။

ပွဲချိန်မိနစ် (၉၀)မှာ စပါးနောက်ခံလူ ဆန်းချက်ဇ် အူဘာမီယန်းကို ဂိုးစည်းအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ အာဆင်နယ်အသင်းပယ်နယ်တီရရှိခဲ့ပြီး ဒီပယ်နယ်တီကို အူဘာမီယန်းကိုယ်တိုင်ကန်သွင်းခဲ့ပေမယ့် လိုရစ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ စပါးနောက်ခံလူ ဒန်နီရို့စ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားတိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာပြီး ပွဲအပြီးမှာတော့ (၁-၁) ဂိုးသရေနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။

Most Read

Most Recent