တန်ဖိုးအကြီးဆုံးလူစာရင်းပိုင်ဆိုင်သည့် ကလပ်အသင်းအဖြစ် ရီးယဲလ် ရပ်တည်ခဲ့ပြီး ထိပ်ဆုံး(၁၀)သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် (၆)သင်းပါဝင် 

တန်ဖိုးအကြီးဆုံးလူစာရင်းပိုင်ဆိုင်သည့် ကလပ်အသင်းအဖြစ် ရီးယဲလ် ရပ်တည်ခဲ့ပြီး ထိပ်ဆုံး(၁၀)သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် (၆)သင်းပါဝင် 
Photo: Daily Mail
Photo: Daily Mail
Published 11 October 2024

နာမည်ကျော် ဘောလုံးအချက်အလက်နှင့် စာရင်းအင်းကုမ္ပဏီ CIES ၏ ထုတ်ပြန်မှုအရ ရီးယဲလ်မက်ဒရစ်အသင်းသည် ကမ္ဘာ့ဘောလုံးလောကတွင် တန်ဖိုးအကြီးဆုံးလူစာရင်း ပိုင်ဆိုင်သည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

CIES သည် ကစားသမားများ၏ ပြောင်းရွှေ့ကြေးတန်ဖိုးနှုန်းထားအပေါ် မူတည်၍ ကလပ်အသင်းများ၏ တန်ဖိုးကို တွက်ချက်ဖော်ပြခြင်းဖြစ်ပြီး ရီးယဲလ်အသင်းက ပေါင်(၁.၄၅) ဘီလီယံဖြင့် တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ ခြင်းဖြစ်သည်။

ရီးယဲလ်အသင်း၏နောက်တွင် မန်စီးတီးအသင်းက ပေါင်(၁.၂၃)ဘီလီယံဖြင့် ဒုတိယ၊ ချယ်လ်ဆီးအသင်းက ပေါင်(၁.၁၆)ဘီလီယံဖြင့် တတိယ၊ အာဆင်နယ်အသင်းက ပေါင်(၁.၀၃)ဘီလီယံဖြင့် စတုတ္ထနေရာ ရပ်တည်နိုင်ခဲ့သည်။

အဆိုပါအသင်း(၄)သင်းမှာ လူစာရင်းတန်ဖိုး ပေါင်(၁)ဘီလီယံနှင့်အထက် တန်ကြေးရှိသည့်အသင်းများဖြစ်ပြီး ကျန်အသင်းများမှာမူ ပေါင်(၁)ဘီလီယံအောက်သာရှိကြောင်း သိရသည်။

လူစာရင်းတန်ဖိုးအကြီးဆုံး ကလပ်အသင်း(၁၀)သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် (၆)သင်းအထိ ပါဝင်ခဲ့ပြီး မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ မန်ယူနှင့် စပါးတို့ဖြစ်သည်။

လာလီဂါကလပ်ထဲမှ ရီးယဲလ်နှင့် ဘာစီလိုနာတို့ ပါဝင်ခဲ့ပြီး ကျန်နှစ်သင်းမှာ ပြင်သစ်ထိပ်သီး PSG နှင့် ဂျာမန်ထိပ်သီး လေဗာကူဆင်တို့ဖြစ်သည်။

ဘွန်ဒစ်လီဂါချန်ပီယံ လေဗာကူဆင်အသင်းက ပေါင် (၇၂၂)သန်းဖြင့် အဆင့်(၁၀)နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး နာမည်ကြီး ဘိုင်ယန်မြူးနစ်အသင်းမှာ ပေါင်သန်း(၆၇၀) ဖြင့် အဆင့်(၁၂)နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရ သည်။

လူစာရင်းတန်ဖိုးအကြီးဆုံး ကလပ်အသင်းအများစုမှာ ဥရောပကလပ်အသင်းများဖြစ်ပြီး ဥရောပပြင်ပမှ တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်(အဆင့် ၆၂)ဖြစ်ကြောင်း သိရသည်။

စီရော်နယ်လ်ဒို ပါဝင်ကစားနေသည့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းက လူစာရင်းတန်ဖိုး ပေါင်(၁၀၄)သန်းဖြင့် အဆင့် (၉၇)နေရာရပ်တည်နိုင်ခဲ့ပြီး တန်ဖိုးအကြီးဆုံးကလပ်အသင်း (၁၀၀)စာရင်းဝင်ခဲ့ကြောင်းလည်း သိရသည်။ 

Most Read

Most Recent