အမေရိကန်မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်တိုက်စစ်မှူး ရွန်နီက ၄င်းအနေဖြင့် ပရီးမီးယားလိဂ်တွင် ကစားနိုင်သည့် အစွမ်းအစရှိသေးကြောင်း CNN သတင်းဌာနနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အင်္ဂလန်နှင့် မန်ယူအသင်းတို့၏ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် ရွန်နီသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လက မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းသို့ (၃) နှစ်ခွဲစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ရွန်နီသည် မန်ယူအသင်းတွင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သော်လည်း နည်းပြမော်ရင်ဟိုလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သည့် အတွက် ၂၀၁၇ ခုနှစ်တွင် အသင်းဟောင်းအဲဗာတန်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
သို့သော် ရွန်နီအနေဖြင့် အဲဗာတန်အသင်းတွင်လည်း ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသည့်အတွက် ဒီစီယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
အသက် (၃၃) နှစ်အရွယ်ရှိ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ရွန်နီသည် ပြီးခဲ့သည့်မေဂျာလိဂ်ရာသီက ဒီစီယူနိုက်တက်အသင်းအတွက် (၂၁) ပွဲတွင် (၁၂) ဂိုးသွင်းယူခဲ့သည်။
ရွန်နီက '' ရိုးသားစွာဝန်ခံရမယ်ဆိုရင် ကျွန်တော့်မှာ ဘယ်လိုစွမ်းရည်တွေရှိတယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့ အစွမ်းရှိပါသေးတယ်။ ကျွန်တော်ဟာာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ လူမျိုးဖြစ်သလို ကျွန်တော့်ရဲ့မျှော်မှန်းချက်ကလည်း အရမ်းကိုမြင့်မားပါတယ်။ ဒါကြောင့် မေဂျာလိဂ်ပြိုင်ပွဲကို ကျွန်တော်ပြောင်းရွှေ့ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ လူတွေက တစ်မျိုးထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး'' ဟုပြောကြားခဲ့သည်။
ထို့ပြင် ရွန်နီက မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေသည့် ဆိုးလ်ရှားမှာ လူတော်တစ်ဦးဖြစ်သော်လည်း မန်ယူအသင်းအမြဲတမ်းနည်းပြရာထူးအတွက် အသင့်တော်ဆုံးပုဂ္ဂိုလ်မှာ စပါးအသင်းနည်းပြ ပိုချက်တီနိုဟု ၄င်းအနေဖြင့်ယူဆကြောင်း ပြောကြားခဲ့သည်။