အူဆိုက်-ဖျူရီမကျေပွဲတွင် တိုင်ဆန်ဖျူရီ အနိုင်ရမည်ဟု IBF ဟဲဗီးဝိတ်ချန်ပီယံ ဒန်နီယဲလ်ဒူဘွာ ခန့်မှန်းခဲ့ပြီး ယင်းပွဲမှအနိုင်ရမည့်သူကို စိန်ခေါ်မည်ဟု အတည်ပြု

အူဆိုက်-ဖျူရီမကျေပွဲတွင် တိုင်ဆန်ဖျူရီ အနိုင်ရမည်ဟု IBF ဟဲဗီးဝိတ်ချန်ပီယံ ဒန်နီယဲလ်ဒူဘွာ ခန့်မှန်းခဲ့ပြီး ယင်းပွဲမှအနိုင်ရမည့်သူကို စိန်ခေါ်မည်ဟု အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 2 November 2024

 

ဒီဇင်ဘာလ(၂၁)ရက်တွင် ထိုးသတ်မည့် အူဆိုက်-ဖျူရီ ဟဲဗီးဝိတ်မကျေပွဲတွင် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီ အနိုင်ပြန်ယူနိုင်မည်ဟု တစ်နိုင်ငံတည်းသားနှင့် IBF ဟဲဗီးဝိတ်ချန်ပီယံဖြစ်သူ ဒန်နီယဲလ်ဒူဘွာက သုံးသပ်ခဲ့သည်။

အူဆိုက်သည် ပြီးခဲ့သည့်မေလက WBC ချန်ပီယံ တိုင်ဆန်ဖျူရီကို အနိုင်ယူကာ ခါးပတ်လေးခုခေတ်၏ ပထမဆုံး အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့သည်။ ယင်းပွဲတွင် အူဆိုက်က တိုင်ဆန်ဖျူရီ ကို ၁၁၅-၁၁၂၊ ၁၁၃-၁၁၄၊ ၁၁၄-၁၁၃ မှတ်ဖြင့် ပွတ်ကာသီကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

သို့သော် အူဆိုက်သည် တိုင်ဆန်ဖျူရီနှင့် မကျေပွဲပြန်လည် ထိုးသတ်ရမည်ဖြစ်သောကြောင့် ဇွန်လတွင် IBF ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီး Interim ချန်ပီယံဖြစ်သူ ဒူဘွာက ဆက်ခံခဲ့ခြင်းဖြစ်သည်။ ဒူဘွာက ထိုက်တန်သော ချန်ပီယံဖြစ်ကြောင်းကို အန်သိုနီဂျိုရှူအာအား (၅)ချီတွင် အလဲထိုးပြီး သက်သေပြနိုင်ခဲ့သည်။ 

အူဆိုက်-ဖျူရီမကျေပွဲ အကြောင်းကို ဒူဘွာက "ဖျူရီကို အနိုင်အတွက် ထောက်ခံနေတုန်းပါပဲ။ ကျွန်တော်တို့ရဲ့လူက ဒါကို လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အူဆိုက်လည်း လုပ်နိုင်စွမ်းရှိပါတယ်။ ဖျူရီအနေနဲ့ အူဆိုက်ကို ရက်စက်ကြမ်းတမ်းစွာ ထိုးသတ်ပြီး ပွဲကို အုပ်စီးထားဖို့ လိုပါတယ်။ ဖျူရီဟာ ပါးနပ်တဲ့ လက်ဝှေ့သမားတစ်ဦးပါ။ ဒါပေမဲ့ ဒီပွဲက ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ အနိုင်ရမယ့်သူနဲ့ ထိုးသတ်ခွင့်ရဖို့ စိန်ခေါ်ပါလိမ့်မယ်"ဟု Podounge UK အစီအစဉ်သို့ ပြော ကြားခဲ့သည်။

IBF ချန်ပီယံ ဒူဘွာသည် အူဆိုက်-ဖျူရီပွဲမှ အနိုင်ရမည့်သူနှင့် ထိုးသတ်ခွင့်ရရန် စိတ်အား ထက်သန်နေပြီး အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ ဒူဘွာနှင့် ဂျိုရှူအာတို့ မကျေပွဲထိုးသတ်မည့်သတင်းများ ထွက်ပေါ်နေသော်လည်း ဒူဘွာ မှာမူ မကျေပွဲထက် ကျန်ရှိသည့် ချန်ပီယံရွှေခါးပတ်ကို အရယူရန် စိတ်အားထက်သန်လျက်ရှိနေသည်။ 

ဂျိုရှူအာ၏ပွဲစီစဉ်သူ အက်ဒီဟန်းက သူ၏ ကစားသမားများသည် ဒူဘွာနှင့် မကျေပွဲအတွက် သို့မဟုတ် ကာလကြာရှည် စောင့်ဆိုင်းခဲ့ရသည့် တိုင်ဆန်ဖျူရီနှင့် ထိုးသတ်သွားရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အက်ဒီဟန်းက အခြားမည်သူနှင့်မျှ ထိုးသတ်ရန် စိတ်မဝင်စားဟု မှတ်ချက်ပြုခဲ့သည်။

Most Read

Most Recent