ပျောက်ဆုံးနေသော အင်တာပို၏ တရုတ်ဥက္ကဋ္ဌဟောင်း ခြစားမှုဖြင့် စွပ်စွဲခံထားရ

ပျောက်ဆုံးနေသော အင်တာပို၏ တရုတ်ဥက္ကဋ္ဌဟောင်း ခြစားမှုဖြင့် စွပ်စွဲခံထားရ
၂၀၁၇ ခုနှစ် ဇူလိုင် ၄ ရက်တွင် စင်ကာပူ၌ အင်တာပို ကမ္ဘာ့ညီလာခံဖွင့်ပွဲတွင် မုန်ဟောင်ဝေက မိန့်ခွန်းပြောနေစဉ် (Photo: AFP)
၂၀၁၇ ခုနှစ် ဇူလိုင် ၄ ရက်တွင် စင်ကာပူ၌ အင်တာပို ကမ္ဘာ့ညီလာခံဖွင့်ပွဲတွင် မုန်ဟောင်ဝေက မိန့်ခွန်းပြောနေစဉ် (Photo: AFP)
Published 8 October 2018
Ref: AFP

ပြီးခဲ့သည့်လက ပျောက်ဆုံးသွားသော အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပို) ၏ အကြီးအကဲဖြစ်သူ တရုတ်အမျိုးသားသည် လာဘ်ယူမှုဖြင့် စုံစမ်း စစ်ဆေးခံနေရသည်ဟု အောက်တိုဘာ ၈ ရက်တွင် တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ၎င်းသည် တရုတ်သမ္မတ ရှီကျင်ပင်း၏ ခြစားမှုတိုက်ဖျက်ရေး ပိုက်ကွန်အတွင်း သက်ဆင်းခဲ့ရသည့် ထိပ်တန်းတာဝန်ရှိသူများတွင် နောက်ဆုံးတစ်ဦး ဖြစ်လာခဲ့သည်။

တရုတ်ပြည်သူ့ လုံခြုံရေးဒုဝန်ကြီးလည်းဖြစ်သော မုန်ဟောင်ဝေနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၌ ရက်ပေါင်းများစွာ သတင်းအစအန ပျောက်နေခဲ့ခြင်းဖြစ်သည်။ ထိုစဉ် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မုန်သည် လာဘ်ယူမှုဖြင့် စုံစမ်း စစ်ဆေးခံနေရခြင်းဖြစ်သည်ဟု အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည်။ “ဥပဒေအထက်မှာ ဘယ်သူမှမရှိတဲ့အကြောင်း အခုဖြစ်စဉ်က ပြသနေပါတယ်။ ဥပဒေချိုးဖောက်တဲ့ ဘယ်သူမဆို ပြင်းပြင်းထန်ထန် စစ်ဆေး အရေးယူခံရမှာပါ” ဟု ထိုထုတ်ပြန်ချက်၌ ဖော်ပြခဲ့ပြီး မုန်နှင့်အတူ လာဘ်ယူသည်ဟု ယူဆရသူများကိုလည်း စုံစမ်းသွားမည်ဟု ဖော်ပြခဲ့သည်။ သို့သော် အခြားမည်သည့် အသေးစိတ် အချက်အလက်မှ မထုတ်ဖော်ခဲ့ပေ။ 

မုန်သည် ပြင်သစ်မှ တရုတ်သို့ပြန်သွားခဲ့ပြီးချိန်မှစပြီး ပျောက်ဆုံးနေသည်ဟု ပြင်သစ်အစိုးရအရာရှိများက အောက်တိုဘာ  ၅ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ 

မုန်သည် မပျောက်ဆုံးမီ လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ဇနီးဖြစ်သူထံ “ဖုန်းခေါ်မှာကို စောင့်ပေးပါ” ဟု မက်ဆေ့ချ်ပို့ခဲ့ကြောင်း၊ ယင်းနောက် အန္တရာယ်အငွေ့အသက်ပါသည့် ဓားပုံ emoji တစ်ခုပို့ခဲ့ကြောင်း မုန်၏ဇနီးဂရေ့စ်က အောက်တိုဘာ ၇ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ မုန်အတွက် အသက်အန္တရာယ် စိုးရိမ်နေသည်ဟုလည်း ဇနီးဖြစ်သူက ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင်မူ မုန်သည် အင်တာပိုဥက္ကဋ္ဌနေရာမှ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း၊ နိုဝင်ဘာလ၌ ရွေးကောက်ပွဲ တစ်ခုမကျင်းပမီ တောင်ကိုရီးယားအရာရှိတစ်ဦးက ဥက္ကဋ္ဌနေရာကို ယာယီတာဝန်ယူမည်ဖြစ်ကြောင်း အင်တာပိုက ထုတ်ပြန်ခဲ့သည်။ 

ထို့ကြောင့် မုန်သည် ပျောက်ဆုံးသွားသည့် နာမည်ကျော်တရုတ်နိုင်ငံသားများထဲမှ နောက်ဆုံးတစ်ဦးလည်း ဖြစ်လာခဲ့သည်။ မုန်ကဲ့သို့ပင် ထိပ်တန်းအစိုးရအရာရှိများ၊ ဘီလျံနာစီးပွားရေးလုပ်ငန်းရှင်များ၊ ထိပ်တန်းအနုပညာရှင်များသည်လည်း သီတင်းပတ်နှင့်ချီ၊ လနှင့်ချီ ပျောက်ဆုံးခဲ့ကြသည်။ အကယ်၍ ပြန်ပေါ်လာဖြစ်လျှင်လည်း တရားရုံး၌ ပေါ်လာခြင်း ဖြစ်နေတတ်သည်။ 

ပျောက်ဆုံးသည့်သူများကို ရှာဖွေပေးရန် တာဝန်ရှိသော အင်တာပိုရဲတပ်ဖွဲ့ပင် မုန်၏ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မသိရှိဘဲ ဖြစ်နေခဲ့ရသည်။ အင်တာပို၏ ပထမဆုံး တရုတ်နိုင်ငံသားဥက္ကဋ္ဌဖြစ်လာသော မုန်၏ ပျောက်ဆုံးမှုသည် တရုတ်အတွက် နောက်ပြန်ဆွဲမှု တစ်ခုလည်း ဖြစ်လာနိုင်သည်။ “တရုတ်တစ်ဦးကို ခေါင်းဆောင်နေရာမှာခန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နှစ်ခါပြန်လောက် စဉ်းစားသင့်ပါတယ်” ဟု ၀ါရှင်တန်ရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ အာရှအကြံပေး ဘွန်နီဂလေဆာက ပြောကြားခဲ့သည်။

ရှီကျင်ပင်း၏ ပြိုင်ဘက်ဖြစ်သည့် ကျိုးယုံကန်းသည် ပြည်တွင်းလုံခြုံရေးကဏ္ဍအား တာဝန်ယူစဉ်က အာဏာကို သိမ်းယူရန် ကြိုးပမ်းမှု၊ ခြစားမှုတို့ဖြင့် စွပ်စွဲခံရကာ ၂၀၁၄ ခုနှစ်က ထောင်ဒဏ်တစ်သက် ချမှတ်ခံလိုက်ရသည်။ မုန်ကို ဒုတိယလုံခြုံရေးဝန်ကြီးအဖြစ် ၂၀၀၄ ခုနှစ်က ကျိုးကိုယ်တိုင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent