ယခုရာသီတွင် ဆုဖလားဆွတ်ခူးနိုင်မှဖြစ်မည်ဟု ကလော့ပ်ကို ဖောင်လာသတိပေး

ယခုရာသီတွင် ဆုဖလားဆွတ်ခူးနိုင်မှဖြစ်မည်ဟု ကလော့ပ်ကို ဖောင်လာသတိပေး
Photo: Getty Images
Photo: Getty Images
Published 20 November 2018

လီဗာပူးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်ဘီဖောင်လာက ယခုရာသီတွင် နည်းပြကလော့ပ်အနေဖြင့် အသင်းအတွက် ဆုဖလားတစ်ခုခုရရှိအောင် စွမ်းဆောင်ပေးနိုင်မှ ဖြစ်မည်ဟု သတိပေးပြောကြားခဲ့သည်။

ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် (၃) ရာသီအတွင်း ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် ဒုတိယဆုများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ် (၁၂) အပြီးတွင် လီဗာပူးလ်အသင်းသည် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီး (၃၂ မှတ်) နှင့် (၂) မှတ်သာကွာဟနေပြီး ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် လီဗာပူးလ်ပရိသတ်များအနေဖြင့် နှစ်ပေါင်း (၃၀) နီးပါးကွာဝေးနေသည့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူရန်မျှော်လင့်ချက်ရှိသည်။

ရော်ဘီဖောင်လာက '' လီဗာပူးလ်အသင်းနဲ့ ကလော့ပ်ရဲ့ စွမ်းဆောင်မှုတွေက အားရစရာကောင်းပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုရှိတာက ဒီရာသီမှာ မန်စီးတီးအသင်းကလည်း တအားကောင်းနေတာဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် (၄) အတွင်းဝင်တာကို ကျေနပ်ကြမယ်လို့ မထင်ပါဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်ရတာကို အသင်းပိုင်ရှင်တွေက ပျော်ရင်ပျော်ပါလိမ့်မယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကြီးမားတဲ့ ပရိသတ်တွေက ကလော့ပ်အနေနဲ့ ဆုဖလားတစ်ခုခုတော့ ရယူပေးနိုင်ဖို့ လိုအပ်ပါတယ်'' ဟုပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်တွင် ခြေစွမ်းပြကာ အဆင့် (၂) နေရာ၌ ရပ်တည်နေသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်တစ်ဆင့်တက်ရေးအတွက် ရုန်းကန်ရဖွယ်ရှိနေသလို၊ လိဂ်ဖလားပြိုင်ပွဲတွင်လည်း ချယ်လ်ဆီးအသင်းကိုရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရကြောင်းသိရသည်။

Most Read

Most Recent