ဗိုက်ထဲကနေ လှိမ့်တက်လာတဲ့ လေတွေကို ပါးစပ်ကနေ ဂေ့ခနဲမြည်အောင် အန်ချပစ်လိုက်ရတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး တုန်ယင်နေတဲ့ လက်အစုံကို ထိန်းချုပ်ဖို့ ကြိုးစားကြည့်ပေမဲ့လည်း မအောင်မြင်ခဲ့ဘူး။ ရင်ထဲမှာ မီးထတောက်တော့မလို ပူလောင်နေသလို အာခေါင်တွေဟာလည်း ကန္တာရအလယ်က သဲသောင်ပြင်တွေလို ပူလောင်ခြောက်ကပ်နေတယ်။ အဆိုးဆုံးက စိတ်ပဲ။ ဘာကို အလိုမကျမှန်းမသိ အလိုမကျဖြစ်လို့ ဘာကိုတွေ့တွေ့ ဘာကိုမြင်မြင် ဒေါသတွေပဲ ဖြစ်ချင်နေတယ်။
ရေမသောက်ချင်၊ ဆေးလိပ်မဖွာချင်နဲ့ အဲဒီအနေရခက်တဲ့ အရသာကြီးက ဘာလို့သူ့ဆီကို မျက်လှည့်ပြလိုက်သလို ချက်ချင်းကြီး ရောက်လာရတာလဲ။ သွေးကြောတွေထဲကို သေးငယ်တဲ့ အပ်ကလေးတွေ လှည့်ပတ်သွားလာနေသလို ဝေဒနာဟာ သူ့ဆီကို ဘာလို့ ချက်ချင်း ရောက်လာရတာလဲ။ အဖြေကို သေသေချာချာကြီး သိနေပေမဲ့ သူ လက်မခံချင်ဘူး ဖြစ်နေတယ်။
တကယ်လည်း နေ့စဉ်ရက်ဆက် အရက် (သူကတော့ ယမကာလို့ပဲ သုံးနှုန်းလေ့ရှိတယ်) ကို သူ သောက်ခဲ့တယ်ဆိုပေမဲ့ တခြားသူတွေလို စည်းမဲ့ကမ်းမဲ့ သောက်တာမျိုးမှ မဟုတ်ပဲ။ တိတိကျကျပြောရရင် သောက်တယ်ဆိုရုံ အာသွက်ရုံကလေးပဲ သူ သောက်သုံးခဲ့တာပါ။ ဆေးဖြစ်ဝါးဖြစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သတ်မှတ်ထားတဲ့ လစ်မစ်အတိုင်း ဘယ်တုန်းကမှ မပိုအောင် သောက်သုံးခဲ့တာပါ။ အဲဒီအတွက်လည်း စည်းကမ်းရှိသူ၊ ကိုယ့်စိတ်ကို ကိုယ်နိုင်နင်း ထိန်းချုပ်နိုင်သူတစ်ယောက်အဖြစ် အမြဲတမ်း ဂုဏ်ယူခဲ့မိတာပါ။ အရက်က လူကိုနိုင်သွားတယ် ဘာညာဆိုတဲ့ စကားတွေကို ကြားရတိုင်း သူ လှောင်ပြောင်ဖြစ် ရယ်မောပစ်ခဲ့တာပါ။ နေညိုရင် လေပြိုတယ်တို့ ဘာတို့ဆိုတဲ့ စကားတွေက သူ့အတွက်တော့ ဟာသပြက်လုံးတွေပဲ ဖြစ်ခဲ့တာပါ။ အဲဒီလိုပါပဲ။ အရက်က လူကို စွဲလမ်းစေတယ်ဆိုတဲ့ စကားကိုလည်း စိတ်သာ အဓိကပါကွာဆိုတဲ့ စကားနဲ့ သူ ချေပပစ်ခဲ့တာချည်းပါပဲ။ တကယ်လည်း အရက်ကို အချိန်မရွေး မသောက်ဘဲနေလို့ ရတယ်လို့ သူ ယုံကြည်ထားခဲ့တယ်။ (ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တွေအတွင်း တစ်ခါမှ မသောက်ဘဲ သူ မနေကြည့်ခဲ့ကြောင်းကိုတော့ သူ မေ့လျော့နေမိခဲ့တယ်။)
သူ စွန့်ပစ် ဖယ်ခွာချင်တဲ့အချိန်မှာ အရက်သောက်ခြင်းဆိုတဲ့ ကိစ္စကို စွန့်ပစ်ဖယ်ခွာနိုင်တယ်လို့ သူ ယုံကြည်နေခဲ့မိတယ်။ အရက်မသောက်ရလို့ တုန်တုန်ယင်ယင် ဖြစ်နေတဲ့သူတွေ၊ လေတဂေ့ဂေ့နဲ့ ဆောက်တည်ရာမရ ဖြစ်နေတဲ့သူတွေကိုမြင်တိုင်း အဲဒီလူတွေကို လူပျော့လူညံ့တွေလို့ သူ လှောင်ပြောင် သရော်မိတတ်ခဲ့တယ်။ မူးယစ်ရမ်းကားနေတဲ့သူတွေ၊ အမူးလွန် လဲပြိုယိုင်လဲနေတဲ့သူတွေကို တွေ့မိတိုင်း လူမိုက်တွေလို့ သူ သတ်မှတ်ခဲ့မိတယ်။ အရက်တစ်ခွက် သောက်ရဖို့အရေးအတွက် အောက်ကျို့ခံ တောင်းပန်နေတတ်တဲ့သူတွေကို မြင်တိုင်းသနားစရာကောင်းသူတွေအဖြစ် သူကြည့်မြင်ခဲ့မိတယ်။ ဒါတွေဟာ အရက်ကို လိုတာထက် ပိုသောက်မိသူတွေသာ ခံစားရတဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့ သူယုံကြည်မိခဲ့တယ်။ အရက်ကို စည်းမဲ့ကမ်းမဲ့၊ စည်းပျက်ကမ်းပျက် သောက်သုံးသူတွေအတွက် အရက်ကပေးတဲ့ ဘေးထွက်ဆိုးကျိုးတွေသာ ဖြစ်တယ်လို့ သူ ယုံကြည်ထားခဲ့မိတယ်။
အထူးသဖြင့် အဲဒီအပြုအမူတွေ၊ အဲဒီပုံစံတွေက သူတို့လို စည်းနဲ့ကမ်းနဲ့ အရက်သောက်သူတွေအတွက် ဘယ်တော့မှ ကြုံတွေ့လာနိုင်စရာမရှိတဲ့ အပြုအမူတွေ၊ ပုံစံတွေလို့ သူ ယုံကြည်ထားခဲ့မိတယ်။ တကယ်လည်း အရက်သမားဆိုတဲ့ ခေါင်းစဉ်ရဲ့အောက် ရောက်သွားမှာကို သူ စိုးရိမ်ပူပန်ခဲ့မိတယ်။ လူတွေရဲ့အမြင်မှာ သူ့ကို အရက်သမားတစ်ယောက်လို မြင်သွားကြမှာ သူ ကြောက်ရွံ့ခဲ့မိတယ်။ အဲဒီအတွက်ကြောင့်လည်း သူ့ကိုယ်သူ ဆင်ခြင်ခဲ့တယ်၊ ထိန်းသိမ်းခဲ့တယ်။ လူမြင်ကွင်းမှာ၊ အရက်ဆိုင်တွေမှာ ဘယ်တုန်းကမှ အရက်သောက်ဖို့ကို သူ မစဉ်းစားခဲ့မိဘူး။ အရက်ကို လိုတာထက် ပိုမသောက်မိအောင် အမြဲတမ်း ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်ခဲ့တယ်။ ထိန်းလည်း ထိန်းချုပ်နိုင်ခဲ့သလို အဲဒီအတွက်လည်း အမြဲတမ်း သူ့ကိုယ်သူ ဂုဏ်ယူမိခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့ သူ့ခန္ဓာကိုယ်ထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေက သူ့ယုံကြည်ချက်တွေကို ရိုက်ချိုးချေဖျက်ဖို့ ကြိုးစားနေခဲ့ပြီ။ မျက်လှည့်ပြလိုက်သလို ရောက်လာတဲ့ အရက်စွဲနေသူတစ်ယောက်ရဲ့ လက္ခဏာတွေက သူ့ရဲ့ယုံကြည်ချက်တွေကို ခြောက်လှန့်နေခဲ့ကြပြီ။ ဒါပေမဲ့ အရက်မသောက်ဘဲနေဖို့ ခဲယဉ်းတဲ့အဆင့်ကို သူ ရောက်နေခဲ့ပြီလို့ သူ့ကိုယ်သူ မသတ်မှတ်ချင်သေးဘူး ဖြစ်နေတယ်။ သူ့ကိုယ်သူ အရက်သမားဆိုတဲ့ ခေါင်းစဉ်အောက်ကို ထည့်လိုက်ဖို့အတွက် လက်ခံလို့ မရသေးဘူး ဖြစ်နေမိတယ်။ အဲဒီအတွက် ငါဟာ အရက်သမား မဟုတ်ဘူးလို့ အကြိမ်ကြိမ် အော်ဟစ်မိလည်း သူ့အသွေးအသားတွေထဲက အရက်ကိုပဲ တောင့်တောင့်တတကြီး တောင့်တနေတယ်။
အဲဒီလိုပဲ အရက်ရဲ့ကျေးကျွန်၊ အရက်ရဲ့ သားကောင်ဆိုတဲ့ စကားလုံးတွေကလည်း သူ့ခေါင်းထဲမှာ ဗုံးတွေလို တဝုန်းဝုန်း ပေါက်ကွဲနေတယ်။ အရက်စွဲလို့ ဖြစ်ပွားလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အကြောင်းတွေက သူ့စိတ်ထဲမှာ တစ္ဆေလို ခြောက်လှန့်နေခဲ့တယ်။ နောက်ပြီး သူ ဖြစ်ပျက်ခံစားနေရတဲ့ ဝေဒနာတွေကို တွန်းလှန်နိုင်လိမ့်မယ်လို့လည်း ယုံကြည်နေမိသေးတယ်။ တုန်ယင်နေတဲ့ သူ့လက်တွေကို၊ မတည်မငြိမ်ဖြစ်နေတဲ့ သူစိတ်တွေကို၊ အရက်တစ်စက်မှ မသောက်ဘဲ တည်ငြိမ်သွားအောင် ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း ထင်နေမိသေးတယ်။
တကယ်လည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ချွဲပြစ်နေတဲ့ သူ့ပါးစပ်ထဲက တံတွေးတွေကို အကြိမ်ကြိမ် မျိုချပစ်ခဲ့တယ်။ သူ့ဗိုက်ထဲကနေ ကန်ထွက်လာတဲ့ လေတွေကို အကြိမ်ကြိမ် အန်ချပစ်ခဲ့တယ်။ ခန္ဓာကိုယ်အနှံ့က ထွက်လာတဲ့ ချွေးစေးတွေကို အကြိမ်ကြိမ် ပွတ်သုတ်ပစ်ရင်း ပူပြင်းရှတတဲ့ အရသာကို မွတ်မွတ်သိပ်သိပ် တောင့်တနေမိတယ်။
တကယ်တော့ အရက်မသောက်ဖို့ တစ်ယောက်ယောက်ရဲ့ တားမြစ်မှုကိုမှ သူ မခံခဲ့ရဖူးပါဘူး။ အဲဒီလိုပါပဲ အရက်သောက်ဖို့ အတွက် တစ်ယောက်ယောက်ရဲ့ ဖိအားပေး မြှူဆွယ်မူကိုလည်း သူ မခံခဲ့ရဖူးပါဘူး။ ဆိုတော့ အရက်ခွက်ကို ကောက်ကိုင်ပြီး မော့သောက်ပစ်လိုက်ဖို့ ကိစ္စဟာ သူ့အတွက် လုံးဝခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါဖြင့် ဘာအတွက် အရက်ခွက်ကို ရှေ့ချပြီး ဝေဒနာတွေကို ခံစားနေရသလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင်တော့ အရက်သမားဖြစ်မှာကို ကြောက်လို့လို့ ဖြေရလိမ့်မှာပါပဲ။ တကယ်လည်း သူဟာ မစင်ကိုကြောက်တဲ့ ဝက်တစ်ကောင်လို အရက်ကိုသောက်ပြီး အရက်သမားဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ရှိသွားမှာကို ကြောက်ရွံ့နေမိသူတစ်ယောက်သာ ဖြစ်ပါတယ်။
အရက်ကပေးတဲ့ ရီဝေေ၀ အရသာကို ကြိုက်သလောက် အရက်ကို စွဲလမ်းနှစ်ခြိုက် သူ တစ်ယောက်လို့ အပြောခံရမှာကို ကြောက်နေမိသူတစ်ယောက် ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် အရက်က သူ့ကို နိုင်စားသွားမှာ၊ အရက်ရဲ့ ကျေးကျွန်အဖြစ်ကို ရောက်ရှိသွားမှာကို တွေးပြီး ကြောက်နေမိသူတစ်ယောက်သာ ဖြစ်ပါတယ်။ တကယ်တော့ သူများကို လိမ်ရတာထက် ကိုယ့်ကိုယ်ကိုယ် လိမ်ညာရတာက ပိုပြီးခက်ခဲ့တဲ့ အလုပ်လို့ထင်ပါတယ်။
တကယ်လည်း အသွေးထဲ အသားထဲက အရက်ကို အလွန်အမင်း တောင့်တနေခဲ့ပေမဲ့ မတောင့်တသယောင် နေရတဲ့ကိစ္စဟာ ခက်ခဲလွန်းပါတယ်။ ရှုံးနေပါလျက် မရှုံးဟန်ဆောင်နေခဲ့ရတာဟာ ပင်ပန်းလွန်းလှပါတယ်။ အဲဒီလိုပါပဲ ရိုးသားသယောင်ဆောင်ရတာ၊ ရိုးအချင်ယောင်ဆောင်နေခဲ့ရတာတွေဟာလည်း ပင်ပန်းခက်ခဲကြမှာ အသေအချာပါပဲ။ တကယ်တော့ ဘယ်သူ့အပေါ်မှာ ဘယ်လောက်ပဲညာညာ ကိုယ့်စိတ်ကိုယ်တော့ ပြန်ပြီး လိမ်ညာလို့မရနိုင်ပါဘူး။ အဲဒီလိုပါပဲ၊ ဘယ်သူ့ကို ဘယ်လောက်ပဲ လှည့်စားနိုင် လှည့်စားနိုင် ကိုယ့်စိတ်ကို ကိုယ်ပြန်လှည့်စားဖို့တော့ မဖြစ်နိုင်ပါဘူး။ တကယ်လည်း စိတ်ထဲက တောင့်တလာတဲ့ အရက်သောက်ချင်စိတ်ကို သူဟာ တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုပြီးမတောင့်ခံနိုင်တော့ပါဘူး။ ဗိုက်ထဲက လှိမ့်တက်လာတဲ့ လေတွေကို ဂေ့ခနဲ အန်ထုတ်လိုက်မိပေမဲ့ တုန်ယင်နေတဲ့ လက်တွေကို ထိန်းချုပ်ဖို့အတွက်ကိုတော့ သူမကြိုးစားနိုင်တော့ပါဘူး။ ဆိုတော့ မီးထတောက်တော့မတတ် ပူလောင်နေတဲ့ သူ့ရင်အပူအတွက်၊ သဲကန္တာရအလယ်က သဲသောင်လို ပူလောင် ခြောက်ကပ်နေတဲ့ သူ့အာခေါင်တွေအတွက်၊ အပ်သေးသေးလေးတွေ စီးဝင်လည်ပတ်နေသလို ခံစားနေရတဲ့ သူ့ရဲ့ သွေးလှည့်မှုတွေအတွက် သူဟာ သူ့ရှေ့မှောက်မှာ ရှိနေတဲ့ အရက်ခွက်ကလေးကို ကောက်ယူ မော့ချပစ်လိုက်ရမှာပါလား။ ဒါမှမဟုတ် သူ့ရဲ့ ဂုဏ်သိက္ခာအတွက် သူ မကြိုက်မနှစ်သက်တဲ့ အမည်နာမတစ်ခုအတွက် ရောက်တဲ့အရပ်မှာပဲ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေလိုက်ရတော့မှာလား။ သေချာတာကတော့ ဘာမှမသေချာဘူး မဟုတ်လား။